စနေ, ၀၄ ဖေဖေါ်ဝါရီ ၂၀၁၂

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > ကလေးမြို့ရေကြီး ကလေးငယ်တဦး ပျောက်ဆုံး

ကလေးမြို့ရေကြီး ကလေးငယ်တဦး ပျောက်ဆုံး

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ) ။      ။ ခြောက်နာရီကြာ မိုးသည်းထန်စွာ ရွာသွန်းပြီး  တောင်ကျရေကြောင့် စစ်ကိုင်းတိုင်း ကလေးမြို့ရှိ တောင်ဖီလာရပ်ကွက်တွင် ခြောက်နှစ်အရွယ် မိန်းကလေးငယ်တဦး ရေစီးဖြင့် မျောပါပျာက်ဆုံးပြီး လူနေအိမ် ၅ဝ ခန့်တွင်း ရေဝင်မှု အင်္ဂါနေ့က ဖြစ်ပွားခဲ့သည်။

ကလေးမြို့ အနောက်မြောက်ဘက် တောင်ဖီလာရပ်ကွက်အတွင်း အနောက်မှ အရှေ့သို့ စီးဆင်းသည့် တောင်ဖီလာချောင်း တောင်ကျရေစီးနေစဉ်တွင် မရမ်းကိပ်ဇင် Ram Kip Zing သည် နံနက်ကျောင်းသွားစဉ် ခြေချော်ကျခဲ့ရာမှ မျောပါပျောက်ဆုံးနေခြင်း ဖြစ်သည်။ အဘ ဦးကော်လျံဆမ်း Kawl Lian Sum နှင့် အမိ ဒေါ်ဟရန်လှဲထရမ်း Har Hlei Thiam တို့၏ သမီး မရမ်းကိပ်ဇင်သည် တောင်ဖီလာရပ်ကွက် အမက ၁၃ ကျောင်းတွင် ပထမတန်း တက်နေသူ ဖြစ်သည်။

saskys“တောင်ဖီလာချောင်းက ရေတအားကြီးနေတယ်လေ။ ကျောင်းလမ်းက ရေတထွာလောက် ရှိတယ်။ သူက ကျောင်းသွားရင်းနဲ့ ချောင်းနားရောက်တော့ ခြေချော်သွားတယ်။ ရေများတော့ ရေက ဆွဲခေါ်သွားတယ်။ အဲလိုနဲ့ မျောခဲ့တာပါ။ ဝင်ကယ်ချိန် မရလိုက်ဘူး။ ရေက တအားကြီးတော့ ချက်ချင်း ပျောက်သွားတယ်” ဟု အခင်းဖြစ်ပွားမှုကို ကိုယ်တိုင်မြင်တွေ့ခဲ့သူ တောင်ဖီလာချောင်းနားရှိ ဦးမောင်လှက မဇ္ဈိမကို ပြောသည်။

ရိုမန်ကက်သလစ် ဘာသာရေး အသင်းတော် လူငယ်များက သုံးရက်ကြာ လိုက်လံရှာဖွေနေသော်လည်း ယခုသတင်းပေးပို့သည့် အချိန်အထိ ရှာဖွေမတွေ့ရှိသေးသဖြင့် အသက်ရှင်လျှက် ပြန်တွေ့ရှိရေး မျှော်လင့်ချက် နည်းပါးနေသည်။

“ချောင်းတလျှောက် ကလေးမြို့စွန်အထိ ရှာဖွေနေတာပဲ။ အခုထိ မတွေ့ကြသေးဘူး။ ဒီညနေမှ မတွေ့ရင်တော့ ရှာဖွေရေး ရပ်တော့မယ်။ သေဆုံးကြောင်းကို သင်းအုပ်ဆရာနဲ့ အသုဘ အခမ်းအနား လုပ်မယ်။ သူ့မိဘတွေလည်း ကျေနပ်ကြပါတယ်” ဟု ရိုမန်ကက်သလစ် အသင်းဝင် တဦးဖြစ်သူ ဦးဇလျင်က မဇ္ဈိမကို ပြောသည်။

ညသန်းခေါင်အချိန်မှ ဇူလိုင် ၂၇ ရက်နေ့ မနက်လင်းချိန်အထိ မိုးဆက်တိုက် ရွာသွန်းခဲ့ပြီးနောက် ချင်းတောင်တန်းပေါ်မှ ရေဒလဟော စီးဆင်းမှု ဖြစ်ပေါ်ခဲ့ရာ တောင်ဖီလာချောင်းနှင့် တောင်သာချောင်းများတွင် ရေလျှံတက်ကာ ချောင်းနှစ်ခုကြားရှိ တောင်ဖီလာရပ်ကွက်မှ အိမ် ၅ဝ ခန့် ရေဘေးကြုံကြရသည်။

“အိမ်က ချောင်းကနေ ၅ အိမ်ခြားတယ်။ ထင်းတွေက တနှစ်စာ ဝယ်ထားတာပါ။ ရေထဲ အကုန်ပါသွားတယ်။ တချို့ အနိမ့်က အိမ်တွေတော့ ပြတင်းပေါက်ထိ ရောက်တယ်။ ညမှာ ဖြစ်ရင်တော့ တော်တော် ဆိုးရွားနိုင်တယ်။ မနက်မိုးလင်းမှာ ဖြစ်တော့ ထွက်ပြေးကုန်ကြတယ်။ အိမ်အောက်မှာထားတဲ့ ပစ္စည်းတွေတော့ အားလုံးခံရတယ်” ဟု ရေဘေးခံရသူ တောင်ဖီလာမှ ဦးဗျက်လျံထန်းက မဇ္ဈိမကို ပြောသည်။

ရေဘေး ဒုက္ခသည်များသည် ချောင်းရေပြန်ကျသည်အထိ ၎င်းတို့၏ ဆွေမျိုးသားချင်းများ နေအိမ်တွင် နေထိုင်ကာ စောင့်ဆိုင်းခဲ့ကြပြီး အာဏာပိုင်များဘက်က ကယ်ဆယ်စောင့်ရှောက်မှုများ မရှိကြောင်းနှင့်  ယမန်နေ့ ညနေပိုင်းတွင်မူ ရေကျပြီးနောက် နေအိမ်များအတွင်း တင်ကျန်ရစ်သည့် ရွှံ့နွံများကို သန့်ရှင်းနေကြပြီ ဖြစ်ကြောင်း သိရသည်။

sasky1sချောင်းရေ ကြီးမြင့်မှုကြောင့် တောင်ဖီလာရပ်ကွက်ရှိ အမက ၁၃ ကျောင်းနှင့် တောင်သာချောင်း မြောက်ဘက် တောင်သာကျေးရွာရှိ အမက ကျောင်းကို ၂၇-၂၈ ရက်နေ့များတွင် ကျောင်းပိတ်ခဲ့ရာမှ ယနေ့ ပြန်ဖွင့်ခဲ့သည်။

“ဒူးလောက်ထိ ရောက်လာတော့ ဘယ်လိုမှ စာသင်လို့ မရဘူးလေ။ အဲလောက်ရှိမှတော့ ကလေးတွေက ရေထဲ မြုပ်သွားမှာပေါ့။ ဒီနေ့တော့ ကျောင်းပြန်ဖွင့်တယ်။ အပြင်တော့ သွားလို့ မရသေးဘူး။ ကလေးတွေကို အပြင် လုံးဝ မထွက်ခိုင်းဘူး။ ရွှံ့တွေ တအားများတယ်။ ကျောင်းရောက်လာတဲ့ ကလေးတွေကို အခန်းဝင်ပေါက်မှာ ခြေဆေးခိုင်းရတယ်” ဟု အမက ၁၃ မှ ကျောင်းဆရာမ တဦးက မဇ္ဈိမကို ပြောသည်။

ယခင်နှစ်များတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယခုချောင်းများ ရေလျှံခြင်း မရှိခဲ့သော်လည်း ပြီးခဲ့သည့် နှစ်အတွင်း တောင်ဖီလာ ရပ်ကွက်ကောင်စီ ရယက ဥက္ကဋ္ဌ ဦး Khua Tin Thang က တောင်ဖီလာ ရပ်ကွက်တွင် ချောင်း၏ တဖက်တချက်တွင် ဖောက်ထားသည့် ရေမြောင်းတခုကို လုံးဝပိတ်ပစ်ကာ အခြားရေမြောင်းကို တောင်သာချောင်းဆီသို့ ရေမြောင်းလွှဲပေးခြင်းနှင့် ချောင်းသန့်ရှင်းရေး မပြုလုပ်သဖြင့် ရေလျှံရခြင်းဖြစ်ကြောင်း ဒေသခံများက စွပ်စွဲကြသည်။

“ချောင်းက ကွေ့ကောက်နေရင်၊ ရေများလာရင် ကျော်ဝင်လာမှာပဲ။ ပြီးတော့ ရွာထဲ ရေမြောင်းများတယ်၊ တံတားလုပ်နေရတာ ဒုက္ခများတယ်ဆိုပြီး မြောင်းတခုကို ပိတ်တယ်၊ နောက်တခုကို တောင်သာချောင်းဆီ လွှဲတယ်။ ဒါတွေကြောင့် ရွာထဲကို အခုလို ရေဝင်တာ။ အရင်နှစ်တွေမှာ တပတ်လုံးလုံး မိုးရွာတာတောင် ရွာထဲ ရေမဝင်ဘူး။ ရေမြောင်းတွေ အပြည့်လောက်ပဲ ရှိတတ်တယ်” ဟု တောင်ဖီလာ ရပ်ကွက်ရှိ အမည်မဖော်လိုသူ ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။

ယမန်နှစ် အောက်တိုဘာလအတွင်း ကလေးမြို့တွင် ရေကြီးမှုဖြစ်ရာ လူ ၁ ဦးမျောပါ သေဆုံးခဲ့ကာ အိမ်ခြေ ၂ဝဝဝခန့် အိုးအိမ်များ စွန့်ခွာထွက်ပြေးခဲ့မှု ဖြစ်ပွားခဲ့သည်။

(ဆလိုင်းထွန်း သတင်းပေးပို့သည်။)