နယူးဒေလီ (မဇ္ဈိမ) ။ ။ ရှမ်းပြည်မြောက်ပိုင်း မန်တုံမြို့ မယကသည် ကြံ့ဖွံ့ပါတီနှင့် တအောင်း (ပလောင်) အမျိုးသားပါတီ TNP တို့အကြား စည်းရုံးရေးဆင်းရာတွင် အာဏာပိုင်များက ခွဲခြားဆက်ဆံကာ ကန့်သတ်မှုများ လုပ်လျှက်ရှိကြောင်း ထိုင်းနိုင်ငံအခြေစိုက် တအာင်း ကျောင်းသားနှင့် လူငယ်များ အစည်းအရုံးက ယနေ့ ပြောဆိုသည်။
မန်တုံမြို့တွင် TNP စည်းရုံးရေးဆင်းမည်ဆိုပါက စည်းရုံးရေး မဆင်းခင် ၇ ရက်အလိုတွင် ကြိုတင်အကြောင်းကြားရမည်ဟု မန်တုံမြို့ အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ မယက ဥက္ကဋ္ဌ ဦးကျော်ဇင်က ယခုလအတွင်း ညွှန်ကြားကန့်သတ်လိုက်သော်လည်း ကြံ့ဖွံ့ပါတီကိုမူ လွတ်လပ်စွာ စည်းရုံးခွင့်ပေးနေကြောင်း ပြောဆိုခြင်း ဖြစ်သည်။
“ကြံ့ဖွံ့ပါတီ စည်းရုံးရေးဆင်းနေတာက အတော်လေး ကြာပြီ။ ဘာကန့်သတ်ချက်မှ မရှိဘူး။ ကျနော်တို့ TNP ကျမှ ကန့်သတ်ချက်တွေ ထုတ်တယ်။ ဒါက ကြံ့ဖွံ့ပါတီကို ကာကွယ်တာပဲ။ ရွေးကောက်ပွဲမှာ မဲရချင်တာရယ်။ အင်အားရချင်တာရယ်ကြောင့် ဖြစ်တယ်” ဟု တအောင်း ကျောင်းသားနှင့် လူငယ်များ အစည်းအရုံး အထွေထွေအတွင်းရေးမှူး မိုင်းအောင်ကိုက မဇ္ဈိမကို ပြောသည်။
“TNP ပါတီကိုတော့ ကန့်သတ်ချက်တွေ ထုတ်တယ်။ ၇ ရက်ကြိုတင် အကြောင်းကြားရမယ်တဲ့။ ဘယ်လိုစည်းရုံးမယ်ဆိုတာ ပြောရမယ်တဲ့။ ကြံ့ဖွံ့က မိုင်းမော်ရွာမှာ အခု စည်းရုံးရေး ဆင်းနေတယ်။ သူတို့တွေကျ အကြောင်းကြားစရာ မလိုဘူး။ ဘာမှ မလိုဘူး” ဟု သူက ဆက်ပြောသည်။
ယခုလဆန်းပိုင်းမှ စတင်ကာ TNP သည် ပါတီစည်းရုံးရေးများ လှည့်လည်လုပ်ဆောင်နေသဖြင့် မယက ဥက္ကဋ္ဌ အမိန့်ကြောင့် လမ်းတဝက်တွင် ရောက်ရှိနေသည့် စည်းရုံးရေးမှူးများ အခက်ကြုံနေကြသည်။
“အခုလက်ရှိမှာ အဖွဲ့ဝင်တချို့ စည်းရုံးရေးဆင်းနေတဲ့သူတွေ ရှိတယ်။ သူတို့က လမ်းတဝက်မှာပဲ ရောက်နေတယ်။ သူတို့ကို ရှေ့တိုးခိုင်းရမလား၊ ခေါ်ပြီးတော့ နောက်တခေါက် ပြန်သွားခိုင်းရမလား အခက်တွေ့နေတယ်။ နောက် စည်းရုံးမယ့်သူတွေကို ဘယ်လိုလုပ်ရမလဲ အခက်တွေ့နေတယ်လို့ မန်တုံမြို့ စည်းရုံးရေးမှူးက ပြောပြတယ်” ဟု မိုင်းအောင်ကိုက မဇ္ဈိမကို ပြောသည်။
လတ်တလောတွင် မန္တလေးမြို့ ရောက်ရှိနေသည့် TNP ပါတီ အထွေထွေ အတွင်းရေးမှူး မိုင်းအုန်းခိုင်ကိုက ၎င်းတို့ပါတီ စည်းရုံးရေးဆင်းရာတွင် ကန့်သတ်ခံနေရကြောင်း ကြားသိရသော်လည်း အသေးစိတ် မသိသေးကြောင်း မဇ္ဈိမကို ပြောသည်။
သူက “၇ ရက်ကြိုတင် အကြောင်းကြားရမယ်ဆိုတာက ကျနော်လည်း မနေ့ကမှ သိရတယ်။ အကျိုးအကြောင်းစုံတော့ မသိရသေးဘူး။ ဖုန်းအဆက်အသွယ် ခက်တယ်” ဟု ပြောသည်။
TNP သည် နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း၊ ကျောက်မဲ၊ ကွက်ခိုင်မြို့နယ်များနှင့် ရှမ်းပြည်နယ်မြောက်ပိုင်း မြို့နယ်များတွင် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီဖြစ်သည်။
ရှမ်းပြည်မြောက်ပိုင်းတွင် လက်ရှိ စစ်အစိုးရ ဝန်ကြီးချုပ် ဦးသိန်းစိန်ဦးစီးသော ကြံ့ဖွံ့ပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည) နှင့် တအောင်း (ပလောင်) အမျိုးသားပါတီတို့ ရွေးကောက်ပွဲဝင်မည်ဟု ယုံကြည်ရသည်။
တအာင်း ကျောင်းသားနှင့် လူငယ်များ အစည်းအရုံးသည် ၂ဝဝ၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေနှင့် ယခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲကို အယုံအကြည်မရှိဟုဆိုကာ ဆန့်ကျင်နေသော အဖွဲ့အစည်း ဖြစ်သည်။
(ဆလိုင်းထွန်း သတင်းပေးပို့သည်။)







