သောကြာ, ၁၀ ဖေဖေါ်ဝါရီ ၂၀၁၂

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > ဟိုတယ်ခရီးသွားများ ကားတင်သွင်းခွင့်ပြု

ဟိုတယ်ခရီးသွားများ ကားတင်သွင်းခွင့်ပြု

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္ဈိမ)။     ။ ဟိုတယ် ခရီးသွားလုပ်ငန်းသုံး မော်တော်ယာဉ် အစီး ၂၀၀ ကို ဟိုတယ်လုပ်ငန်းရှင်များအား မဲစနစ်ဖြင့် ခွဲဝေတင်သွင်းခွင့်ပေးသွားမည်ဟု မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း (ဗဟို) မှ အတွင်းရေးမှူး ဒေါက်တာနေဇင်လတ်က ပြောသည်။

ရန်ကုန်မြို့ရှိ ခရီးသွားလုပ်ငန်းသုံး ကားအဟောင်းများလာခြင်းနှင့် ခရီးသွားလုပ်ငန်းများ ပိုမိုတိုးတက် လာစေရန် ရည်ရွယ်၍ ကားအသစ်များ တင်သွင်း၍ ခွဲဝေပေးရခြင်း ဖြစ်သည်ဟုလည်း သူကဆိုသည်။

၂ဝ၁ဝ မော်ဒယ် ၁၅ ယောက်စီးနှင့် ၇ ယောက်စီး (ဘယ်မောင်း) ကားများကို ဂျပန်နိုင်ငံမှ ဝယ်ယူ တင်သွင်းမည်ဖြစ်ပြီး တနိုင်ငံလုံးရှိ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ ငပလီ၊ ငွေဆောင်၊ ချောင်းသာ၊ ပုဂံ၊ တောင်ကြီး၊ အင်းလေး ပါဝင်သည့် ဟိုတယ်ခရီးသွားလုပ်ငန်းရှင်များအသင်း ၁ဝ ဇုံ မှ ဟိုတယ်လုပ်ငန်း ရှင် ၆ဝဝ ကျော်အား မဲဖြင့် ခွဲဝေပေးသွားမည်ဟု ဆိုသည်။

“ဟိုတယ် အလုံးရေ ၃ ဒသမ ၃ လုံးမှာ ၁ လုံး နှုန်းနဲ့ပေါ့နော်။  ဥပမာ ဟိုတယ် တဇုံမှာ ၃၃ လုံးရှိမယ် ဆိုလို့ရှိရင် သူတို့ဆီ ကား ၁ဝ စီး ချပေးမယ်။ အဲဒီမှာ မဲပြန်နှိုက်တယ်ပေါ့နော်။ အဲဒီစနစ်နဲ့သွားတာပါ” ဟု ဒေါက်တာနေဇင်လတ်က မဇ္ဈိမကို ပြောသည်။

ခရီးသွားလုပ်ငန်းများတွင် ဝန်ဆောင်မှုပေးနိုင်ရန် အဓိကထား အသုံးပြုရန်ရည်ရွယ်ပြီး ဦးပိုင်ကုမ္ပဏီက တာဝန်ခံ တင်ဒါခေါ်၍ နောက် ၂ လခန့်အကြာတွင် တင်သွင်းမည်ဟု သိရသည်။

ကားတန်ဘိုးကို ဒေါ်လာနှင့်ပေးချေရမည်ဟု သိရသော်လည်း ကားသွင်းခွင့်ရသူနှင့်  ဦးပိုင်ကုမ္ပဏီ အကြား ဈေးညှိပြီးမှ တန်ဘိုးအတိအကျ သိရမည်ဟု သူကဆိုသည်။

ဟိုတယ်ခရီးသွားလုပ်ငန်းရှင်များအသင်း ရန်ကုန်ဇုံ ဟိုတယ်လုပ်ငန်းရှင် ၁၆ဝ ကျော် ယခုလ ၂၄ ရက်နေ့က မဲနှိုက်ခွင့် ရရှိခဲ့သည်။ သို့သော် မည်သည့် ဟိုတယ်လုပ်ငန်းရှင်များ ရရှိသွားသည်ကိုမူ မသိနိုင်သေးကြောင်း ဒေါက်တာနေဇင်လတ်ကဆိုသည်။

ရန်ကုန်ဇုံရှိ ဟိုတယ်ပိုင်ရှင်များအား မဲစနစ်ဖြင့် ကားဝယ်ယူခွင့်အတွက် ဟိုတယ်လုပ်ငန်းရှင်များ အသင်း (ဗဟို) ကပေးပို့သည့် ညှိနှိုင်းအစည်းအဝေး ဖိတ်စာတွင်မူ ဟိုတယ်လိုင်စင်ကြေး၊ အသင်းဝင်ကြေး ဆောင်ပြီးသူနှင့် ဟိုတယ်လုပ်ငန်းရှင်များအသင်း (ဗဟို) နှင့် ရန်ကုန်ဇုန်သို့ ပေးရမည့် အကြွေး ကင်းရှင်းသည့် လုပ်ငန်းရှင်များသာ မဲနှိုက်ခွင့်ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

မဲနှိုက်ခွင့်ရရှိ၍ ဝယ်ယူခွင့်ရရှိသူသည် ယခုလ ၃ဝ ရက် နောက်ဆုံးထား၍ ကြိုတင်ငွေ သိန်း ၅ဝ ကို ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်းရုံးချုပ်သို့ ပေးသွင်းရမည်ဟု ဖော်ပြထားသည့် ဖိတ်စာပါ အစီအစဉ်ကို ကားရောက်ခါနီးချိန်မှသာ ပေးရတော့မည်ဟု ပြောင်းလဲလိုက်ပြီဖြစ်သည်။

ဝယ်ယူခွင့်ရရှိသူ ရန်ကုန်ဇုံ ဟိုတယ်ပိုင်ရှင်သည် ဟိုတယ်လုပ်ငန်းရှင်များအသင်း (ဗဟို) သို့ ရန်ပုံငွေ အဖြစ် သိန်း ၂ဝ ထည့်ဝင်ရမည်ဖြစ်သည်။ ထို့ပြင် ၇ ဦးထိုင်ခုံပါ ကားအတွက် ရန်ကုန်ဇုန်သို့ သိန်း ၃ဝ ၊ ၁၅ ဦးခုံပါအတွက် သိန်း ၂ဝ ရန်ပုံငွေအဖြစ် ပေးသွင်းရမည်ဖြစ်ကြောင်း ဖိတ်စာ၌ ဖော်ပြထားသည်။

ယင်းအစည်းအဝေးသို့ သွားတက်ရောက်သူ ဟိုတယ်လုပ်ငန်းရှင်တဦးကမူ ကားတစီးအတွက် ပေး သွင်းရမည့် ရန်ပုံငွေ များလွန်းခြင်း၊ ကာလပေါက်ဈေးကို တွက်ချက်ရန် ခက်ခဲခြင်းကြောင့် သဘော မကျသဖြင့် မဲမနှိုက်ခဲ့ကြောင်း မဇ္ဈိမကို ပြောသည်။

၂ဝဝ၈ ခု မေ-စက်တင်ဘာအတွင်း တဦးချင်းလာရောက်လည်ပတ်သည့် နိုင်ငံခြားသားခရီးသည် ၁၉၉၄၄ ဦး ရှိရာမှ ၂ဝဝ၉ ခု တွင် နှစ်ဆခန့် တိုးလာပြီး ၃၄၁၆၈ ဦးရှိကြောင်း မြန်မာတိုင်းတွင် ဖော်ပြသည်။

ယခုနှစ် ဇန်နာဝါရီမှ မေလအထိ စုစုပေါင်း လာရောက်သူ ခရီးသွားဦးရေမှာ ၁၂၁၅၂၂ ဦးရှိပြီးဖြစ် ကြောင်း ဟိုတယ်နှင့်ခရီးသွားရေးလုပ်ငန်းဝန်ကြီးဌာန လုပ်ငန်းမြှင့်တင်ရေးဦးစီးအဖွဲ့ စာရင်းများအရ သိရသည်။

ဥရောပ၊ အမေရိက၊ အာရှ၊ အရှေ့အလယ်ပိုင်းနှင့်ကျွန်းနိုင်ငံများမှ အဓိကလာလည်ကြပြီး ထိုင်းနိုင်ငံ က အများဆုံးဖြစ်၍ ယခုနှစ် ဇန်နာဝါရီ-မေ ၅ လအတွင်း ၂၄၄ဝ၁ ဦးရှိ သည်။ တရုတ်က ဒုတိယလိုက် ပြီး ၁၂၈၅၁ ဦး ရှိသည်။


 
dairrawaddy2
pegu1

title
ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၁) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၂) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၃) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၄) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၅)

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1545 guests and 1 member online