သောကြာ, ၁၀ ဖေဖေါ်ဝါရီ ၂၀၁၂

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > မုံရွာဈေးမီး ကျပ်သိန်း ၁၆ဝဝ ကျော် ဆုံးရှုံး

မုံရွာဈေးမီး ကျပ်သိန်း ၁၆ဝဝ ကျော် ဆုံးရှုံး

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ)။     ။ မုံရွာမြို့ရှိ ချင်းတွင်း ရတနာဈေးသစ်ကြီးတွင် ယနေ့နံနက်ပိုင်း၌ ဆိုင်ခန်းပေါင်း ၄ဝ၆ ခန်း မီးလောင်ကျွမ်းခဲ့ရာ ဆုံးရှုံးမှုတန်ဖိုးမှာ ကျပ်ပေါင်း ၁၆၅၆ သိန်း ဖြစ်ကြောင်း မုံရွာ ဗဟိုမီးသတ်အဆိုအရ သိရသည်။

ကြာသာပတေးနေနံနက် ၃ နာရီခွဲမှ စတင်၍ နံနက် ၁ဝ နာရီခွဲအထိ မီးလောင်မှုတွင် ငါးပိ၊ ငါးခြောက်၊ ရွှေဆိုင်၊ အထည်ဆိုင်၊ ဖိနပ်ဆိုင်နှင့် စားသောက်ကုန်များ ရောင်းချသော ဆိုင်ခန်းပေါင်း ၄ဝ၆ ခန်း လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။

“အပြီးသတ် ငြှိမ်းတာက ၁ဝ နာရီ ၃ဝ မှာပါ။ ဈေးက နှစ်ထပ်ဈေး၊ မီးလောင်တာကတော့ အပေါ်ထပ်က ၁၅၃ ခန်း၊ အောက်ထပ်က ၂၅၃ ခန်း စုစုပေါင်း ၄ဝ၆ ခန်း လောင်သွားတယ်။ ဆုံးရှုံးမှုတန်ဖိုးကတော့ ကျပ်သိန်းပေါင်း ၁၆၅၆ ဖြစ်ပါတယ်” ဟု မုံရွာ ဗဟိုမီးသတ်မှ တာဝန်ကျ ဝန်ထမ်းတဦးက ပြောသည်။

"ပစ္စည်းတွေက ဘယ်လိုမှ ထုတ်ယူလို့ မရတော့ဘူးဗျ။ ဝင်ပေါက်နေရာတွေကလည်း လောင်တယ်။ ညပိုင်းလည်း ဖြစ်တယ်ဆိုတော့ အကုန်လောင်တော့တာပဲ" ဟု ဈေးအနီး နေထိုင်သူတဦးက မဇ္ဈိမကို ဆိုသည်။

ဈေးကြီးသည် မြို့လယ်ခေါင် လမ်းမကြီးဖြစ်သည့် ဗိုလ်ချုပ်လမ်းမ အရှေ့ဘက် (အလယ်ရပ်) နှင့် အနောက်ဘက် (ဘုရားကြီးရပ်ကွက်) တွင် အပိုင်းနှစ်ပိုင်းခွဲကာ တည်ဆောက်ထားပြီး ဆိုင်ခန်းပေါင်း ၁ဝဝ၆ ခန်း ရှိသည်။ မီးလောင်မှုမှာ အရှေ့ဘက်ရုံသာ ဖြစ်သော်လည်း ယခုအခါ အနောက်ဘက် ဈေးရုံကိုပါ ပိတ်ထားလိုက်သည်။

မီးလောင်ရာသို့ မုံရွာမြို့အနောက်ဘက် ဆားလင်းကြီးနှင့် ပုလဲ၊ တောင်ဘက်ရှိ မြင်းမူ၊ မြောက်ဘက်ရှိ အလုံမြို့တို့မှ မီးသတ်ကားများလည်း လာရောက်ရာ မီးသတ်ကားပေါင်း ၃၉ စီး ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရသည်။

ယခုသတင်းပေးပို့သည့် မြန်မာစံတော်ချိန် ညနေ ၃ နာရီခွဲအထိ မီးကြွင်းမီးကျန်များကို ဆက်လက်ငြှိမ်းသတ်ရှင်းလင်းဆဲဖြစ်သည်။

လျှပ်စစ်ဝါယာရှော့ ဖြစ်ရာမှ လောင်ကျွမ်းကြောင်း ဈေးလုံခြုံရေးများက ယုံကြည်နေပြီး၊ ဗဟိုမီးသတ်ကလည်း အင်ဗာတာမှ စတင်လောင်ကျွမ်းကြောင်း ပြောဆိုသည်။

မြန်မာနိုင်ငံတွင် ဈေးကြီးများ မကြာခဏ မီးလောင်လေ့ရှိရာ ယခုနှစ်အတွင်း၌ပင် မေလ ၂၄ ရက်နေ့တွင် ရန်ကုန်တိုင်း မင်္ဂလာဈေး  ၄ ထပ်မြောက်နှင့် ခေါင်မိုးပေါ်ရှိ ဆိုင်ခန်း စုစုပေါင်း ၈၄၅ ခန်း မီးလောင်ခဲ့ရာ ကျပ်သိန်းပေါင်း ၂ သိန်းကျော် ဆုံးရှုံးခဲ့ပြီး၊ ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင် ရန်ကုန် သင်္ကန်းကျွန်းဈေးတွင် ဆိုင်ခန်း ၆၅၁ ခန်း မီးလောင်ခဲ့သေးသည်။


 
dairrawaddy2
pegu1

title
ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၁) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၂) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၃) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၄) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၅)

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1538 guests and 1 member online