သောကြာ, ၁၀ ဖေဖေါ်ဝါရီ ၂၀၁၂

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > အမေရိကန် သံတမန်နှင့် ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံ

အမေရိကန် သံတမန်နှင့် ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္ဈိမ) ။      ။ အရှေ့အာရှနဲ့ ပစိဖိတ်ဒေသရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ့်ပ်ဘဲလ် Mr. Kurt Campbellနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ယနေ့ နေ့လည်က တွေ့ဆုံဆွေးနွေးကြသည်။

မစ္စတာ ကမ့်ပ်ဘဲလ်သည် သူ၏ မြန်မာနိုင်ငံ ဒုတိယမြောက်ခရီးစဉ်အဖြစ် ယမန်နေ့က နေပြည်တော်သို့ ရောက်ရှိကာ ဝန်ကြီးအချို့နှင့်တွေ့ဆုံအပြီး နေအိမ်အကျယ်ချုပ်ကျခံနေရသော အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် စိမ်းလဲ့ကန်သာ အစိုးရဧည့်ရိပ်သာတွင် တွေ့ဆုံမှု ဖြစ်သည်။
kurtcampbellanddawsuu1s
အမေရိကန်သံရုံးက ဖိတ်ကြားထားသော်လည်း ပြည်တွင်းနှင့် နိုင်ငံခြား သတင်းထောက်များကို စစ်အစိုးရက ဝင်ခွင့်မပြုဘဲထားခဲ့သည်။

ယနေ့အစောပိုင်းကလည်း Kurt Campbell နှင့် အန်အယ်ဒီ ဒုဥက္ကဌ ဦးတင်ဦးခေါင်းဆောင်သော ဗဟိုအလုပ်မှုဆောင် ၁ဝ ဦးသည်  ရန်ကုန်မြို့ရှိ အမေရိကန်သံမှူးကြီး၏ နေအိမ်တွင်  ၁ နာရီကြာ သီးသန့်တွေ့ဆုံဆွေးနွေးခဲ့သေးသည်။

အမေရိကန်အစိုးရအနေဖြင့် မြန်မာစစ်ခေါင်းဆောင်များကို ဖိအားပိုမိုပေးရန် အန်အယ်ဒီက အမေရိကန်သံတမန်ကို ပြောကြားခဲ့ကြောင်း သိရှိရသည်။

“စစ်အစိုးရကို ဆက်ဆံတဲ့အခါမှာ နူးညံ့နေတယ်။ ကျနော်တို့အမြင်က ဒီလိုလုပ်နေလို့ မရဘူး။ ပိုပြီးတော့ ထိထိရောက်ရောက်ဖြစ်တဲ့ စီးပွားရေးပိတ်ဆို့မှုကို၎င်း လုပ်ဖို့လိုလိမ့်မယ်။ ရွေးကောက်ပွဲဟာ အားလုံးပါဝင် ပတ်သက်တဲ့ ဘက်ပေါင်းစုံကနေ တာဝန်ရှိတဲ့လူ ပါဝင်နိုင်တဲ့ရွေးကောက်ပွဲနဲ့ အများလက်ခံနိုင်မဲ့ ရွေးကောက်ပွဲ မဟုတ်လို့ ရှိရင် ဒီလိုရလဒ်တွေကို အသိအမှတ်မပြုဆိုတာတွေ၊ စစ်အစိုးရ အပေါ် ရွေးကောက်ပွဲမှ ထွက်လာမဲ့ လွတ်တော်တို့ အသိအမှတ်မပြုဘူးဆိုတာတွေ ဆောင်ရွက်ပေးပါ” ဟု အန်အယ်ဒီ ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင်တဦးဖြစ်သူ ဦးဝင်းတင်က မဇ္ဈိမသို့ ပြန်လည်ပြောပြသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အခြား အတိုက်အခံ ပါတီများနှင့်လည်း တွေ့ဆုံဆွေးနွေးပွဲ ဖြစ်အောင် လုပ်ဆောင်ပေးရန် တိုက်တွန်းပြောဆိုခဲ့ကြောင်း ဦးဝင်းတင်က ပြောသည်။

အန်အယ်ဒီနှင့်တွေ့ဆုံအပြီး တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ပြည်ထောင်စုဒီမိုကရက်တစ်ပါတီ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာနိုင်ငံ)၊ အမျိုးသားဒီမိုကရေစီအင်အားစု၊ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေးအဖွဲ့ချုပ် တို့မှ ကိုယ်စားလှယ်များ၊ ရခိုင်နိုင်ငံရေးသမားကြီးဖြစ်သော ဦးအေးသာအောင်၊ အန်အယ်ဒီ ဒုဥက္ကဌ ဦးတင်ဦးတို့ပါ ပြန်လည်ပါဝင် တွေ့ဆုံဆွေးနွေးကြပြန်သည်။
kurtcampbellanddawsuus
မစ္စတာကမ်းဘဲလ်က ရွေးကောက်ပွဲဥပဒေများအပေါ် စိတ်မသက်မသာဖြစ်ရကြောင်း မြန်မာနိုင်ငံမသွားခင် ထိုင်းနိုင်ငံ ဘန်ကောက်၌ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင်  ပြောတာကိုပင် ထပ်လောင်းပြောသည်။

“အမေရိကန်အစိုးရအနေနေနဲ့ ရွေးကောက်ပွဲ ဥပဒေတွေ၊ ရွေးကောက်ပွဲနဲ့ပတ်သက်တာတွေ အရမ်းစိတ်ပျက်တယ်ပေါ့။ ဘယ်ဟာမှ မရေမရာ မသေမချာဖြစ်နေတာတွေ ရှိတယ်ပေါ့နော်။”ဟု ဒီမိုကရက်တစ်ပါတီ (မြန်မာနိုင်ငံ) မှ ဒေါ်ချိုချိုကျော်ငြိမ်းက ပြောသည်။

ပြည်ထောင်စု ဒီမိုကရေစီပါတီ(UDP)မှ ကိုဖြိုးမင်းသိန်းက အသွင်ကူးပြောင်းရေးကာလတွင် ကြားနေအစိုးရတရပ်ကို ပြောင်းလဲဖွဲ့စည်းရန်၊ ရွေးကောက်ပွဲကို သီးခြားလွတ်လပ်သော အဖွဲ့အစည်းများက ကြီးကြပ်လေ့လာခွင့်ပြုရန် နှင့် ရွေးကောက်ပွဲကော်မရှင်ဝန်ထမ်းအဆင့်ဆင့်ကို အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ပေးရန်ဟူသော အချက်များ တင်ပြဆွေးနွေးခဲ့သည်ဟု ဆိုသည်။

ဦးအေးသာအောင်ကမူ လာမည့် စစ်အစိုးရ ကျင်းပမည့် ရွေးကောက်ပွဲသည် အရေးမကြီးသည့်အပြင် မြန်မာနို်င်ငံရေးအပြောင်းအလဲမဖြစ်နိုင်ကြောင်း ဆွေးနွေးခဲ့သည်ဟု သိရသည်။

ပိတ်ဆို့အရေးယူမှုနှင့်အတူ မြန်မာနှင့် ထိတွေ့ဆက်ဆံရေးမူကျင့်သုံးနေတဲ့ အမေရိကန်သမတ အိုဘားမားရဲ့ပေါ်လစီအောက်မှာ မစ္စတာ ကမ့်ပဲဘဲလ်ဟာ လွန်ခဲ့တဲ့နှစ် နိုဝင်ဘာလကလည်း မြန်မာနိုင်ငံကို သွားရောက်ခဲ့ပါတယ်။

မစ္စတာ ကမ့်ပ်ဘဲလ်သည် ယမန်နေ့က နေပြည်တော်တွင် နိုင်ငံခြားရေး ဝန်ကြီး ဦးဥာဏ်ဝင်း၊ ပြန်ကြားရေးဝန်ကြီး ကျော်ဆန်းနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီး ဦးသောင်းတို့နှင့် တွေ့ဆုံခဲ့သည်။

ထိုသို့ ဖြစ်ထွန်းနေချိန်တွင် မတရားသော ရွေးကောက်ပွဲဥပဒေများကို ကန့်ကွက်သောအားဖြင့် နိုင်ငံရေးပါတီအဖြစ် ပြန်လည်မှတ်ပုံမတင်သော အန်အယ်ဒီ၏ ရန်ကုန်ရုံးချုပ်အနီးတဝိုက်ရှိ ဈေးဆိုင်များကို မေလ ၁၃ ရက်နေ့ နောက်ဆုံးထားဖယ်ရှားရန် ညွှန်ကြားထားသည်ဟု ရဲဌာနနှင့် နီးစပ်သူတဦးက မဇ္ဈိမသို့ပြောသည်။

ပါတီဆိုင်းဘုတ်၊ အလံမဖြုတ်ဘဲ ဆက်လက်ဖွင့်လှစ်ထားမှုကို အာဏာပိုင်များက အင်အားသုံးဖြုတ်သိမ်းမှုလုပ်ရန် ပြင်ဆင်နေသည်ဆိုသော စိုးရိမ်မှုများ ပေါ်ထွက်လာနေသည်။

ရွေးကောက်ပွဲဆိုင်ရာပါတီမှတ်ပုံတင်ခြင်း ဥပဒေအရ အန်အယ်ဒီသည် မေလ ၆ ရက်နေ့တွင် ပါတီ ပျက်ပယ်သည်။


 
dairrawaddy2
pegu1

title
ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၁) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၂) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၃) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၄) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၅)

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1590 guests and 1 member online