ကြာသပတေး, ၀၉ ဖေဖေါ်ဝါရီ ၂၀၁၂

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > ပါတီမှတ်ပုံတင်ရေး၊ မတင်ရေး NLD ဗဟိုကော်မတီ ဆွေးနွေးမည်

ပါတီမှတ်ပုံတင်ရေး၊ မတင်ရေး NLD ဗဟိုကော်မတီ ဆွေးနွေးမည်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္ဈိမ)။     ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ရေး၊ မတင်ရေး ဆုံးဖြတ်ရန် ယခုလ ၂၉ ရက်နေ့တွင် ဗဟိုဦးစီး (CC) အဖွဲ့ဝင်များကို ရန်ကုန်ဌာနချုပ်သို့ ခေါ်ယူထားသည်ဟု NLD က ပြောသည်။

ဒုဥက္ကဋ္ဌ ဦးတင်ဦး အပါအဝင် ဗဟိုအလုပ်အမှုဆောင် CEC အဖွဲ့ဝင်များက အပတ်စဉ် ပါတီအစည်းအဝေး တရပ်ကို ဗဟန်းမြို့နယ်ရှိ ပါတီရုံးချုပ်၌ ယနေ့ ကျင်းပကာ ထိုသို့ ဆွေးနွေးဆုံးဖြတ်ခဲ့ကြောင်း CEC အဖွဲ့ဝင် ဦးဥာဏ်ဝင်းက ပြောဆိုခြင်း ဖြစ်သည်။

“မှတ်ပုံဆက်တင်မလား၊ ရွေးကောက်ပွဲ ဝင်မလား ဆွေးနွေးကြတယ်။ ဆုံးဖြတ်ချက်တော့ မချဘူး။ ကျနော်တို့ CC ကော်မတီဝင်တွေကို ခေါ်ထားပါတယ်။ အဲဒီကနေမှ ဆုံးဖြတ်ကြမယ်” ဟု  သူက မဇ္ဈိမကို ပြောသည်။

ကျန်းမာရေးကြောင့် NLD ရုံးသို့  အနည်းဆုံး ၆ လခန့် မလာနိုင်ခဲ့သော ပါတီဥက္ကဋ္ဌ ဦးအောင်ရွှေသည်လည်း ယနေ့  နေ့လည် ၁ နာရီမှ ညနေ ၄ နာရီထိ ကျင်းပသော အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။

ယခင်လအတွင်းက NLD တိုင်းနှင့် ပြည်နယ်အသီးသီးမှ တင်သွင်းလာသော CC လျာထားစာရင်းများမှ CC အဖွဲ့ဝင် ၁ဝ၈ ဦးကို ရွေးချယ်အတည်ပြုနိုင်ခဲ့သည်။ ယင်းစာရင်းတွင် လက်ရှိထောင်ကျနေသော နိုင်ငံရေး အကျဉ်းသားများလည်း ပါဝင်နေသည်။

စစ်အစိုးရ၏ ရွေးကောက်ပွဲဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်နှင့် ထောင်ကျနေသည့် နိုင်ငံရေး အကျဉ်းသားများသည် မည်သည့်ပါတီဝင်မျှ မဖြစ်နိုင်တော့သဖြင့် NLD သည် “စိန်ခေါ်မှု” တခုနှင့် ရင်ဆိုင်နေရကြောင်း ဒေါ်အောင်ဆန်းစုကြည်က မကြာသေးခင်က ပြောဆိုခဲ့သည်။

၁၉၈၈ ခုနှစ် အာဏာသိမ်း နဝတ စစ်အစိုးရ လက်ထက်က ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲအတွက် မှတ်ပုံတင်ခဲ့သည့် ပါတီများအနေဖြင့် ဆက်လက်ရှင်သန်လိုလျှင် နအဖ ၏ လတ်တလော ထုတ်ပြန်ခဲ့သည့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေအသစ်အရ ရက်ပေါင်း ၆ဝ အတွင်း ပြန်လည်လျှောက်ထားရမည်။

သို့မဟုတ်ပါက နိုင်ငံရေးပါတီအဖြစ်မှ အလိုအလျောက် “ပျက်ပြယ်” သွားမည်ဖြစ်ကြောင်း နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ အခန်း ၅၊ ပုဒ်မ ၂၅ ၌ ဖော်ပြထားသည်။

(ကိုဝိုင်း တည်းဖြတ်သည်။)

 
pegu1

title
ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၁) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၂) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၃) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၄) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၅)

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1781 guests online