စနေ, ၁၁ ဖေဖေါ်ဝါရီ ၂၀၁၂

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > ကချင်ပါတီ ရွေးကောက်ပွဲဝင်ရန် အသင့်ဖြစ်ပြီ

ကချင်ပါတီ ရွေးကောက်ပွဲဝင်ရန် အသင့်ဖြစ်ပြီ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ) ။      ။၂ဝ၁ဝ ရွေးကောက်ပွဲမှာ ပါတီ မှတ်ပုံတင်ရန် လိုအပ်သော ဗဟိုကော်မတီဝင် ၁၅ ဦးနှင့် ပါတီဝင်အင်အား ၅ဝဝ ကျော် အရန်သင့်ရှိနေပြီး  ပါတီကို မကြာမီ မှတ်ပုံတင်ကာ ရွေးကောက်ပွဲ ဝင်ရောက်မည်ဟု ကချင်ပြည်နယ် တိုးတက်ရေးပါတီ (KSPP) က ဆိုသည်။

“ပါတီဝင်အင်အား ၅ဝဝ ကျော် အရန်သင့် ရှိပါတယ်။ ပါတီတရပ် ဖွဲ့စည်းဖို့အတွက် လိုအပ်တဲ့ ပြင်ဆင်မှုတွေ လုပ်ထားပါပြီ။ အစိုးရက ရက်ပေါင်း ၆ဝ အတွင်းမှာ ပါတီမှတ်ပုံတင်ဖို့ လျှောက်ထားရမယ်ဆိုတော့ ဒီသတ်မှတ်ထားတဲ့ ကာလအတွင်းမှာ ပါတီကို မှတ်ပုံတင်သွားဖို့ ကျနော်တို့ အခုပြင်ဆင်နေပါတယ်” ဟု ပါတီ ဥက္ကဋ္ဌ ဒေါက်တာတူးဂျာက မဇ္ဈိမကို ပြောသည်။

KSPP ပါတီသည် ကချင်ပြည်နယ်မှ ရွေးကောက်ပွဲ ဝင်ရောက်ကာ၊ အာဏာရလာခဲ့ပါက ကချင်ပြည်နယ်သားများ ပညာရေး၊ ကျန်းမာရေးနှင့် လူနေမှုအဆင့်အတန်းများ တိုးတက်လာအောင် ဆောင်ရွက်သွားမည်ဟု သူက ဆိုသည်။

ဒေါက်တာတူးဂျာသည် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO တွင် ဒု-ဥက္ကဋ္ဌ ၂ အဖြစ် ၁၉၇၅ ခုနှစ်မှ ၂ဝဝ၉ ခုနှစ်အထိ ၃၅ နှစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ပါတီထောင်ရန် ပြီးခဲ့သည့်နှစ် စက်တင်ဘာလ ၃ ရက်နေ့က KIO မှ တရားဝင် နုတ်ထွက်ခဲ့သည်။

“တပ်မတော်က ပြုပြင်ပြောင်းလဲရေးအတွက် တတ်နိုင်သလောက် လုပ်ပေးနေတယ်လို့ မြင်တယ်။ အာဏာ ၇၅ ရာခိုင်နှုန်းကို ပြည်သူတွေကိုအပ်ပြီး ၂၅ ရာခိုင်နှုန်းကို သူတို့က ယူထားတယ်ဆိုတော့ ပြည်သူတွေက အခွင့်အရေးကို ကောင်းကောင်း အသုံးချတတ်ဖို့ အရေးကြီးပါတယ်” ဟု သူက ဆိုသည်။

သို့သော် ရွေးကောက်ပွဲတွင် မည်သည့်ပါတီ အနိုင်ရသည်ဖြစ်စေ ကချင်လူထုအကျိုးကို ဆောင်ရွက်ပေးနိုင်မည်ဟု မထင်ကြောင်း တရုတ်-မြန်မာ နယ်စပ်အခြေစိုက် ကချင် လူမှုဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ KDNG က ဆိုသည်။

KDNG ဥက္ကဋ္ဌ ကိုအောင်ဝါက “ရွေးကောက်ပွဲမှာ ကချင်ပြည်နယ် ကိုယ်စားပြုတဲ့ အဖွဲ့အစည်း၊ ပါတီပဲဖြစ်ဖြစ် နိုင်ခဲ့လည်း ကချင်လူထုအတွက်တော့ သိပ်ထူးထူးခြားခြား ဖြစ်လာမယ်လို့ မမျှော်လင့်ဘူး။ ဘာလို့လဲဆိုတော့ အခြေခံဥပဒေထဲမှာ စစ်တပ်က အစိုးရအဖွဲ့ထဲ ပါဝင်အောင် လုပ်ထားတဲ့အတွက် ဘယ်သူပဲနိုင်နိုင် လွတ်လွတ်လပ်လပ် လုပ်ဆောင်ခွင့်ရမှာ မဟုတ်ဘူး” ဟု ပြောသည်။

ပြည်တွင်းပြည်ပ ကချင်ပြည်သူများနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့များ ဝိုင်းဝန်း ကန့်ကွက်နေသော ပျက်စီးဆုံးရှုံးမှုပမာဏ ကြီးမားနိုင်သည့် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို ကချင်ပြည်နယ်တွင် တည်ဆောက်နေသည်။

ထို့အပြင် ၁၉၉၄ ခုနှစ်မှာ ငြိမ်းချမ်းရေး ရယူခဲ့သည့် KIO ကိုလည်း နယ်ခြားစောင့်တပ် ပြုလုပ်ရန် စစ်အစိုးရက ဖိအားပေးနေဆဲဖြစ်သည်။

စစ်အစိုးရက ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများကို ယခုလ ၉ ရက်နေ့မှ စတင်ကာ ထုတ်ပြန်ခဲ့ပြီးနောက် KSPP ပါတီ အပါအဝင် ဦးသုဝေ ဦးဆောင်သည့် ဒီမိုကရက်တစ်ပါတီ၊ ဦးရွှေအုန်း ဦးဆောင်သည့် ပြည်ထောင်စု ဒီမိုကရေစီ မဟာမိတ်အဖွဲ့၊ ကိုအေးလွင် ဦးဆောင်သည့် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေး အဖွဲ့ချုပ်စသည့် ပါတီတို့ကလည်း ရွေးကောက်ပွဲ ဝင်ရောက်ရန် ပြင်ဆင်နေကြသည်။

စစ်အစိုးရသည် ၂ဝ၁ဝ ရွေးကောက်ပွဲ ဥပဒေ ထုတ်ပြန်ခြင်းနှင့်အတူ ၁၉၉ဝ ခုနှစ်ရွေးကောက်ပွဲ ရလဒ်များကိုလည်း တပါတည်း ပယ်ဖျက်ခဲ့သည်။

 
dairrawaddy2
pegu1

title
ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၁) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၂) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၃) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၄) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၅)

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1463 guests online