ကြာသပတေး, ၀၉ ဖေဖေါ်ဝါရီ ၂၀၁၂

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > ဘောလုံးလောကသို့ ကြော်ငြာများတိုး

ဘောလုံးလောကသို့ ကြော်ငြာများတိုး

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်


ချင်းမိုင် (မဇ္ဈိမ) ။     ။ ကြေးစားဘောလုံးပွဲ ယှဉ်ပြိုင်မှုသဏ္ဍာန်သို့ ပြောင်းလိုက်ပြီးနောက် အောင်မြင်မှုပြယုဂ်အဖြစ် မြန်မာနေရှင်နယ်လိဂ် MNL ၏ တတိယမြောက် ရာသီတွင် ကုန်ပစ္စည်းကြော်ငြာရန် ပုဂ္ဂလိက ကုမ္ပဏီ ၃ ခု ထပ်တိုးလာသည်။

ယခုလ ၁၃ ရက်နေ့မှစ၍ MNL (Myanmar National League) ၏ တတိယမြောက်ရာသီ စတင်မည်ဖြစ်ပြီး ပြီးခဲ့သည့်နှစ် ဘောလုံးရာသီအထိ ထောက်ပံ့ပေးနေသည့် ပုဂ္ဂလိက ကုမ္ပဏီ ၁၅ ခုရှိရာမှ ယခုနှစ်တွင် Toyo Battery ၊ Rich Coffee ၊ Blue Mountain အချိုရည် (လွယ်ဟိန်း) စသည့် ကုမ္ပဏီများ ထပ်တိုးလာခြင်း ဖြစ်သည်။

“အခု အားလုံးပေါင်း ၁၈ ခု ဖြစ်သွားပြီ။ ဘောလုံးအားကစားဟာ ပြည်သူ့သည်းခြေခိုက် အားကစားပါ။ ဒါကြောင့် စပွန်ဆာတွေအနေနဲ့ ပိုပြီးတော့ ဝင်လာတာပေါ့” ဟု မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် MFF ပြန်ကြားရေးတာဝန်ခံ ဦးစိုးမိုးက မဇ္ဈိမကို ပြောသည်။

MNL စတင်ချိန် ၂ဝဝ၉ ခုနှစ်မှစ၍ ယခုအချိန်ထိ ၎င်းပြိုင်ပွဲများအတွက် Grand Royal အရက် ထုတ်လုပ်သည့် IBTC ကုမ္ပဏီက အဓိက ထောက်ပံ့ပေးနေခြင်းဖြစ်ပြီး၊ ဘောလုံး တရာသီစာ ထောက်ပံ့ငွေ ကျပ်သိန်း ၄ဝဝဝ ရှိသည်။

ရန်ကုန် ယူနိုက်တက်အသင်းပိုင်ရှင် ဦးတေဇ၏ Air Bagan ၊ ရတနာပုံ အသင်းပိုင်ရှင် ဦးစိုင်းစံထွန်း၏ Alpine သောက်ရေသန့်၊ ကမ္ဘောဇအသင်းပိုင်ရှင် ဦးအောင်ကိုဝင်း၏ ကမ္ဘောဇဘဏ်၊ MFF ဥက္ကဋ္ဌ ဦးဇော်ဇော်ပိုင် Max Cement ဆောက်လုပ်ရေး ကုမ္ပဏီတို့ အပါအဝင် အခြားကုမ္ဗဏီများကလည်း ဘောလုံးရာသီတခုလျှင် ကျပ်သိန်း ၃ဝဝ စီ ထည့်ဝင်ကြသည်။

ထောက်ပံ့ငွေများကို ဆုများပေးခြင်း၊ အခမ်းအနားများ ကျင်းပခြင်းတို့တွင် အသုံးပြုသည်ဟု ဦးစိုးမိုးက ပြောသည်။

ယခင်က IBTC ကုမ္ပဏီသည် Grand Royal Whisky အရက်ကြော်ငြာအနေဖြင့် ဝင်ရောက်ခဲ့သော်လည်း ယခုနှစ်တွင် Grand Royal သောက်ရေသန့်အနေဖြင့်သာ ဝင်ရောက်သွားမည်သာဖြစ်ကြောင်း သူက ဆက်ပြောသည်။ 

ဝန်ကြီးဌာနလက်အောက်ခံ အသင်းများအဖြစ်မှ ဆုကြေးစားအဖြစ်သို့ ကူးပြောင်းလာခဲ့ပြီးနောက် ပုဂ္ဂလိကကုမ္ပဏီ လုပ်ငန်းရှင်များက ဘောလုံးကွင်း အတွင်းအပြင်သာမက ရုပ်သံမှတဆင့်လည်း ကုမ္ပဏီ လုပ်ငန်းများကို ကြော်ငြာနိုင်ရန် MNL ကို အသုံးပြုလာသည်။

MNL ပြိုင်ပွဲတွင် ပြီးခဲ့သည့်နှစ်က ပြိုင်ပွဲဝင်အသင်း ၈ သင်းသာ ရှိခဲ့ရာမှ ယခုနှစ်တွင် ကချင်ပြည်နယ် ကိုယ်စားပြု မနောမြေ FC ၊ ကရင်ပြည်နယ် ကိုယ်စားပြု ဇွဲကပင်ယူနိုက်တက်နှင့် နေပြည်တော် ကိုယ်စားပြု နေပြည်တော် FC တို့ ထပ်မံဝင်ရောက်လာခဲ့သည်။ 

ယခုလ ၁၃ ရက်နေ့ တတိယအကြိမ် MNL စတင်ချိန်တွင် အသင်း ၁၁ သင်းရှိမည်ဖြစ်ပြီး ရန်ကုန်မြို့ သုဝဏ္ဏ အားကစားကွင်းနှင့် မန္တလေးမြို့ ဗထူးအားကစားကွင်းတို့တွင် ကျင်းပမည်ဟု သိရသည်။ 

(ကိုဝိုင်း တည်းဖြတ်သည်။)

 
pegu1

title
ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၁) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၂) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၃) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၄) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၅)

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1384 guests online