စနေ, ၁၁ ဖေဖေါ်ဝါရီ ၂၀၁၂

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > ရွေးကောက်ပွဲ ကော်မရှင်ဥပဒေ မဇ္ဈိမက လက်ခံရရှိ

ရွေးကောက်ပွဲ ကော်မရှင်ဥပဒေ မဇ္ဈိမက လက်ခံရရှိ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင်။     ။ စစ်အစိုးရက မနက်ဖြန်တွင် သတင်းစာမှတဆင့် ထုတ်ပြန်မည့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥပဒေ မိတ္တူကို မဇ္ဈိမက လက်ခံရရှိထားသည်။

ဥပဒေအရ ကော်မရှင်တွင် ဥက္ကဋ္ဌ အပါအဝင် အနည်းဆုံး အဖွဲ့ဝင် ၅ ဦးကို ခန့်အပ်တာဝန်ပေးနိုင်ကြောင်း ဖော်ပြထားပြီး ကော်မရှင်လူကြီးများသည် အသက် ၅၀ နှစ် ပြည့်ပြီးသူများ ဖြစ်ရမည်၊ ထင်ပေါ်ကျော်ကြားပြီး ဂုဏ်သတင်းရှိသော ပုဂ္ဂိုလ်အဖြစ် စစ်အစိုးရက ယူဆသူဖြစ်ရမည်၊ နိုင်ငံရေးပါတီဝင် မဟုတ်သူဖြစ်ကာ လစာ၊ စရိတ်ကြေးငွေရသော အခြား မည်သည့်ရာထူးကိုမျှ လက်ခံခြင်း မပြုသူဖြစ်ရမည်ဟူသော အချက်များလည်း ပါဝင်သည်။

ဥပဒေအရ လက်ရှိ မြန်မာနိုင်ငံ၏ ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၄ ခု တို့နှင့် လက်အောက်အဆင့်ဆင့်တွင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်များ ဖွဲ့စည်းမည်ဖြစ်ကာ၊ နေပြည်တော် ကော်မရှင်အဖွဲ့ခွဲကိုလည်း သီးခြားထားရှိမည်ဖြစ်သည်။

ကော်မရှင်၏ လုပ်ငန်းတာဝန်များကို ဖော်ပြထားရာတွင် လွှတ်တော်ရွေးကောက်ပွဲများ ကျင်းပခြင်း၊ လွှတ်တော်ရွေးကောက်ပွဲများ ကြီးကြပ်ခြင်းနှင့် ကြီးကြပ်စေခြင်း၊ မဲဆန္ဒနယ်များ သတ်မှတ်ခြင်းနှင့် ပြင်ဆင်ဆောင်ရွက်ခြင်း၊ လွှတ်တော်ကိုယ်စားလှယ်များအဖြစ် အသိအမှတ်ပြုလွှာ ထုတ်ပေးခြင်း၊ ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုကို စစ်ဆေးနိုင်ရေးအတွက် ရွေးကောက်ပွဲခုံအဖွဲ့များ ဖွဲ့စည်းခြင်း၊ ကော်မရှင်အဖွဲ့ခွဲများအတွက် ရန်ပုံငွေ ခွဲဝေချထားပေးခြင်း၊ အသုံးစရိတ်များ ကြီးကြပ်ခြင်း၊ နိုင်ငံရေးပါတီများကို ဥပဒေနှင့်အညီ ဆောင်ရွက်စေရန် ကြီးကြပ်ခြင်းတို့ ပါဝင်သည်။

နေပြည်တော်ရှိ သတင်းရပ်ကွက်များက မဇ္ဈိမကို ပြောကြားရာတွင် အပစ်အခတ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲခြင်းအစီအစဉ် မအောင်မြင်လျှင် ထိုဒေသများကို ရွေးကောက်ပွဲမပြုလုပ်ဘဲ ချန်လှပ်ထားရန် စစ်အစိုးရက နည်းလမ်းတခုအဖြစ် စဉ်းစားထားကြောင်း ပါရှိသည်။

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)၊ အားအကောင်းဆုံး ငြိမ်းချမ်းရေးအဖွဲ့ဟု အများက သတ်မှတ်ထားသော ဝ' တို့လည်း နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းလဲရန် ငြင်းဆန်ထားသော အဖွဲ့များတွင် ပါဝင်သည်။

ပြည်တွင်းပြည်ပတွင် လူအများက ကျယ်ပြန့်စွာ ကဲ့ရဲ့ခံနေရသော ၂ဝဝ၈ အခြေခံဥပဒေကို အခြေခံ၍ စစ်အစိုးရသည် ရွေးကောက်ပွဲကို ကျင်းပရန် လုပ်ဆောင်လျက်ရှိသည်။

ရွေးကောက်ပွဲကို ဝေဖန်သူ အနောက်နိုင်ငံ အစိုးရများက ဒေါ်အောင်ဆန်းစုကြည်ကို အစိုးရရာထူး မယူနိုင်အောင် ပြုလုပ်ထားမှုကိုလည်း ထောက်ပြထားကြသည်။

ထို့ပြင် အခြေခံဥပဒေသည် စစ်တပ်ကို တိုင်းရေးပြည်ရာများတွင် ပါဝင်ချယ်လှယ်နိုင်ရန် အာမခံချက် ပေးထားသည်။

နိုင်ငံတကာ အသိုင်းအဝိုင်းက မြန်မာစစ်အစိုးရကို လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲများ ဖြစ်စေရေးနှင့် ဘက်စုံပါဝင်နိုင်ရေး တောင်းဆိုထားကာ လက်ရှိ နိုင်ငံရေးအကျဉ်းသား ၂၁၀၀ ကျော်ကိုလည်း လွှတ်ပေးရန် တောင်းဆိုထားသည်။

 
dairrawaddy2
pegu1

title
ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၁) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၂) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၃) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၄) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၅)

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1462 guests online