စနေ, ၁၁ ဖေဖေါ်ဝါရီ ၂၀၁၂

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > ခြံရောင်းရန် ကြိုးစားသူကို ဒေါ်စု တရားစွဲမည်

ခြံရောင်းရန် ကြိုးစားသူကို ဒေါ်စု တရားစွဲမည်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ) ။     ။ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က လက်ရှိ နေထိုင်သည့် ခြံဝင်းအတွင်းမှ မြေကွက်အချို့ကို ရောင်းချရန် ကြိုးစားနေသည့် ဆွေမျိုးတော်စပ်သူ ဦးခင်မောင်အေးအား တရားစွဲဆိုရန် ပြင်ဆင်နေကြောင်း သိရသည်။

“သူက မမှန်မကန် လုပ်ထားတဲ့ ပေးကမ်းစာချုပ်နဲ့ ဒီအိမ်ကို ရောင်းဖို့ကြိုးစားတဲ့အတွက် သားသမီးအရင်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်က တရားစွဲဖို့ စီစဉ်တဲ့သဘောပါ” ဟု ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ ဦးကြည်ဝင်းက မဇ္ဈိမကို ပြောသည်။

ဦးခင်မောင်အေးသည် အဆိုပါ ခြံဝင်းအတွင်းမှ မြေကွက်အချို့ကို ရောင်းချထားပြီး ဖြစ်ကြောင်း သတင်းစာမှတဆင့် ပြီးခဲ့သည့်နှစ် ဇူလိုင်လက ကြေညာခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန် နိုင်ငံသား ဂျွန်ယတ်တောကို နေအိမ်အတွင်း ၂ ရက်ကြာ လက်ခံထားမှုဖြင့်  တရား ရင်ဆိုင်နေချိန်နှင့် တိုက်ဆိုင်နေသဖြင့် တစုံတရာ တုံ့ပြန်ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ကြောင်း ရှေ့နေဖြစ်သူ ဦးဥာဏ်ဝင်းက ပြောသည်။

“ကျနော်တို့ ကာယကံရှင် (ဒေါ်စု) နဲ့ စွဲဖို့၊ မစွဲဖို့ တိုင်ပင်နေတဲ့အတွက် ခုမှ တရားစွဲဖို့ စီစဉ်ဖြစ်တာပါ။ တရားရုံးကို တင်ဖို့ စာကြမ်း ရေးပြီးသွားပါပြီ။ ဒေါ်စုကို တင်ပြပြီး သဘောတူရင် တရားစွဲမှု စတင်ပါမယ်”ဟု ဟု သူက ပြောသည်။

ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ် ၅၄ နှင့် ၅၆ ရှိ နေအိမ်ကို ပိုင်ဆိုင်သူမှာ ဒေါ်ခင်ကြည်ဖြစ်ပြီး ကွယ်လွန်သည့် အချိန်တွင် ယင်းအိမ်တွင် နေထိုင်သွားခဲ့သည်။  

“ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ မိခင်ဒေါ်ခင်ကြည်က ဟိုတုန်းက သူ့ကို ပေ ၁၇၀ ပေးတယ်လို့ ခင်မောင်အေးက ဆိုတယ်။ နောက်တော့ ဒေါ်ခင်ကြည်က အပိုင်ပေးတာ မဟုတ်ဘူး၊ နင်တို့ ခဏနေဖို့ ပေးတာလို့ပြောပြီး မောင်းထုတ်လိုက်တယ်လို့ ကြားမိတယ်။ အခု ဒေါ်ခင်ကြည် မရှိတော့ သူ့ကို ပေးခဲ့ပါတယ်ဆိုပြီး ရောင်းစားဖို့ လုပ်တဲ့သဘောပေါ့” ဟု ဦးကြည်ဝင်းက ဆိုသည်။

ဦးခင်မောင်အေးသည် ခြံမြေအတွက် ဝယ်သူထံမှ စရန်ငွေ အချို့တဝက် ရယူထားပြီး၊ ဝယ်သူမှာ စာပေအသိုင်းအဝိုင်းမှ ဖြစ်သည်ဟု သတင်းများ ထွက်ပေါ်နေကြောင်း သူက ဆက်ပြောသည်။

ဒေါ်ခင်ကြည်သည် ၁၉၆၀ ခုနှစ်တွင် အိန္ဒိယနိုင်ငံ၌ မြန်မာ သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေစဉ် မြန်မာဝန်ကြီးချုပ် ဦးနုက ကိုလိုနီခေတ်က တည်ဆောက်ခဲ့သည့် အဆိုပါ နေအိမ်နှင့် ခြံဝင်းကို ဒေါ်ခင်ကြည်အား ပေးအပ်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၈ ခုနှစ်တွင် မြန်မာပြည်သို့ ပြန်ရောက်လာပြီးနောက် ယင်းနေအိမ်၌ပင် နေထိုင်လာခဲ့သည်။

ပြီးခဲ့သည့်နှစ် မေလဆန်းပိုင်းက အမေရိကန်နိုင်ငံသား ဂျွန်ဝီလျံ ယက်တောသည် အင်းလျားကန်မှတဆင့် ယခု နေအိမ်အတွင်းသို့ တိတ်တဆိတ် ဝင်ရောက်ခဲ့သဖြင့် အကျယ်ချုပ်စည်းကမ်း ဖောက်ဖျက်သည်ဟုဆိုကာ အာဏာပိုင်များက ဒေါ်အောင်ဆန်းစုကြည်အား ဆိုင်းငံ့ပြစ်ဒဏ် ၁၈ လဖြင့် နေအိမ် အကျယ်ချုပ် ထပ်မံချထားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ယခုနေအိမ်၌ပင် ၁၄ နှစ်ခန့် အကျယ်ချုပ် ချခံခဲ့ရပြီး ဖြစ်သည်။