သောကြာ, ၁၀ ဖေဖေါ်ဝါရီ ၂၀၁၂

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > ILO တာဝန်ခံ လယ်သိမ်းခံ တောင်သူများနှင့် တွေ့ဆုံ

ILO တာဝန်ခံ လယ်သိမ်းခံ တောင်သူများနှင့် တွေ့ဆုံ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်


နယူးဒေလီ (မဇ္ဈိမ)။     ။ ရန်ကုန်မြို့ရှိ ကမ္ဘာ့အလုပ်သမား အဖွဲ့ချုပ် ILO တာဝန်ခံ စတိဗ်မာရှယ်သည် ယခုလ  ၆ ရက်နေ့တွင် မကွေးတိုင်း အောင်လံမြို့နယ်ရှိ လယ်ယာမြေအမှုများဖြင့် အကျဉ်းကျနေသူများ၏ မိသားစုဝင်များနှင့် လယ်သိမ်းခံ တောင်သူမိသားစုများထံ သွားရောက်တွေ့ဆုံကာ အားပေးစကား ပြောခဲ့သည်။

ယူကလစ်ပင် ခုတ်သောကြောင့် ပြည်သူပိုင်ပစ္စည်း အလွဲသုံးစားမှုဖြင့် စွပ်စွဲကာ ထောင်ဒဏ် ၇ နှစ် ကျခံနေရသည့် တန်ဘိုးရွာရှိ ဦးဥာဏ်မြင့် (ILO အမှုအမှတ် ၁၂၉) ၏ နေအိမ်သို့ ထိုနေ့ နံနက်ပိုင်းတွင် သွားရောက်ကာ လယ်ယာမြေ အမှုများဖြင့် အကျဉ်းကျနေသည့် တောင်သူများ၏ မိသားစုဝင်များနှင့် ဦးစွာ တွေ့ဆုံခဲ့သည်။

“ကျနော့် အဖေနဲ့ ညီ၊ ပြီးတော့ ဦမြင့်မောင်တို့ကို လွတ်မြောက်အောင် ကူညီပေးဖို့၊ နိုင်ငံတော်အစိုးရကို တင်ပြပေးဖို့ ပြောတယ်။ အာဏာပိုင်တွေနဲ့ တွေ့တဲ့အခါ ပြောပေးမယ်လို့ ပြောသွားတယ်။ နောက်ပြီး တခြား မိသားစုဝင်တွေက ထောင်ဝင်စာ သွားတွေ့ရတာ  ငွေးရေးကြေးရေး အဆင်မပြေတဲ့အတွက် ဒုက္ခရောက်ကြောင်း ပြောပြပြီး အမြန်ဆုံး လွတ်မြောက်အောင် ကူညီပေးဖို့ တင်ပြကြတာပါ” ဟု ဦးညဏ်မြင့်၏ သားကြီး ကိုအောင်မင်းထိုက်က မဇ္ဈိမကို ပြောသည်။

ဦးဥာဏ်မြင့်နှင့် သားငယ် မောင်သူရအောင်တို့ကို ပြည်သူပိုင်ပစ္စည်းအလွဲသုံးစားမှုဖြင့် ထောင်ဒဏ် ၇ နှစ်၊ နိုင်ငံတော်လျှို့ဝှက်ချက် ပေါက်ကြားမှုဖြင့် ထောင်ဒဏ် ၁ဝ နှစ် ကျခံနေရသည့် ဦးဇော်ဋ္ဌေး (ILO အမှုအမှတ် ၁ဝ၉)၊ ပိုင်နက်ကျူးလွန်ဖြင့် ထောင်ဒဏ် ၂ နှစ် ကျနေသည့် ဦးဋ္ဌေးအောင် (ILO အမှုအမှတ် ၆၆) နှင့် ထောင်ဒဏ် ၂ နှစ် ကျခံနေရသည့် ဦးမြင့်မောင်တို့၏ မိသားစုဝင်များကို တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။ ယခုလ ၁၅ ရက်နေ့တွင် ဦးဥာဏ်မြင့် သားအဖနှင့် ဦးမြင့်မောင်၏ အယူခံမှုများကို အမိန့်ချမည်ဖြစ်သည်။

တွေ့ဆုံပွဲအပြီး အခင်းဖြစ်ပွားရာ ယူကလစ်ပင်ရှိရာသို့ မစ္စတာ စတိဗ် သွားရောက်ကြည့်ရှုခဲ့သေးသည်။

“ကျနော့်အဖေနဲ့ ညီကို ယူကလစ်ပင်တွေကို ခုတ်လို့ဆိုပြီး မတရား ဖမ်းထားတာ။ အခု အဲဒီယူကလစ်ခင်းကို စတိဗ်ကိုယ်တိုင် သွားကြည့်တော့ မကြာသေးခင်က ခုတ်ထားတဲ့ သစ်ပင်တွေ အများကြီးကို တွေ့တာပဲ။ ကျနော်အဖေနဲ့ ညီ ထောင်ကျနေတာတောင် သစ်ခုတ်တဲ့လူတွေ ဆက်ရှိနေတာကို သူကိုယ်တိုင် မြင်သွားတယ်။ ကျနော်အဖေတို့က မတရားခံရတာပါ” ဟု ကိုအောင်မင်းထိုက်က ပြောသည်။

ထိုနေ့ ညနေပိုင်းတွင် မြန်မာ့ဦးပိုင်စီးပွားရေး၏ ရုံးဆိပ်သကြားစက်မှ အာဏာပိုင်များက ၂ဝဝ၈ ခုနှစ်တွင် ဒေသခံတောင်သူများထံမှ ယာမြေဧက ၂ဝဝဝ ခန့်ကို သိမ်းယူကာ ကြံစိုက်ခိုင်းသဖြင့် တောင်သူများက ILO ကို တိုင်ကြားခဲ့သောကြောင့် အဖမ်းခံခဲ့ရပြီးနောက် မကြာသေးခင်က သရက်ထောင်မှ ပြန်လွတ်လာသူ ၁ဝ ဦး၏ မိသားစုများနှင့်လည်း တွေ့ဆုံခဲ့သေးသည်။

''စမ်းကလေးကျောင်းစုမှာ ILO အမှုတွဲအမှတ် ၆၆ မိသားစုဝင်တွေနဲ့ တွေ့ဆုံတဲ့အခါ သိမ်းဆည်းခံရတဲ့ သူတို့ပိုင် လယ်မြေတွေကို ပြန်လိုချင်တယ်လို့ တင်ပြကြတယ်။ စတိဗ်က သူ့အနေနဲ့ ဘယ်သူ့ကိုယ်စားမှ ဝင်ဆုံးဖြတ်လို့ မရကြောင်းနဲ့ အကြံဥာဏ်သာ ပေးနိုင်တဲ့အကြောင်း ပြန်ပြောတယ်လေ။ သက်ဆိုင်ရာက အစားထိုးပေးမယ့် လယ်မြေများကို ညှိနှိုင်းရယူစေလိုတယ်လို့ ပြောခဲ့တယ်'' ဟု ရန်ကုန်ရှိ ILO ရုံးမှ တာဝန်ရှိသူ တဦးက မဇ္ဈိမကို ပြောသည်။

လယ်ယာအချို့အား ပြန်လုပ်ရန် ပြီးခဲ့သည့်နှစ် မတ်လတွင် ပိုင်ရှင်တောင်သူများကို အာဏာပိုင်များက ခွင့်ပြုခဲ့သော်လည်း လုပ်ငန်းစတင်သောအခါ ပိုင်နက်ကျူးလွန်မှု၊ အကျိုးဖျက်ဆီးမှုတို့ဖြင့် သကြားစက် အာဏာပိုင်များ၏ တရားစွဲဆိုမှုကို ခံခဲ့ကြရသည်။

ထို့နောက် အောင်လံမြို့နယ် တရားရုံးက သူတို့ကို အောက်တိုဘာလ ၁၆ ရက်နေ့တွင် ထောင်ဒဏ် အနည်းဆုံး ၉ လမှ အများဆုံး ၄ နှစ်ခွဲအထိ ချမှတ်ခဲ့ရာ မကွေးတိုင်းတရားရုံးသို့ အယူခံဝင်ခဲ့ကြသည်။

ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက ILO အမှုဆောင် ညွှန်ကြားရေးမှူးချုပ်  မစ္စတာ ကယ်ရီ တာပီယိုလာနှင့် အဖွဲ့သည် အဖမ်းခံတောင်သူများ၏ မိသားစုများထံ တွေ့ဆုံခဲ့သေးသည်။ ထိုသို့တွေ့ဆုံအပြီး တလခန့်အကြာ ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ၎င်းတို့ ပြန်လည်လွတ်မြောက်လာခဲ့ကြသည်။

ILO တာဝန်ခံ မစ္စတာ စတိဗ်မာရှယ် ယခုလို လာရောက်တွေ့ဆုံကာ၊ ကွင်းဆင်းစစ်ဆေးသည့်အပေါ် မိသားစုဝင်များက ကျေနပ်အားရမှု ရှိကြကာ၊ တစုံတရာ အကျိုးသက်ရောက်မှု ဖြစ်ပေါ်လာလိမ့်မည်ဟု မျှော်လင့်နေကြသည်။

မစ္စတာ စတိဗ်သည် ယမန်နေ့ ညနေပိုင်းတွင် ရန်ကုန်သို့ ပြန်လည်ရောက်ရှိခဲ့ပြီး ယနေ့ နေ့လည်တွင် အလုပ်သမား ညွှန်ကြားရေးမှူးချုပ် ဗိုလ်မှူးကြီး ဦးချစ်ရှိန်နှင့် တွေ့ဆုံကာ သူ၏ ခရီးစဉ်အကြောင်း ပြောဆိုခဲ့သေးကြောင်း သိရသည်။