စနေ, ၁၁ ဖေဖေါ်ဝါရီ ၂၀၁၂

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > ဘောလုံးကလပ်များကို နိုင်ငံပိုင်ကွင်းများ နှစ်ရှည်ငှားရမ်း

ဘောလုံးကလပ်များကို နိုင်ငံပိုင်ကွင်းများ နှစ်ရှည်ငှားရမ်း

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်


ချင်းမိုင် (မဇ္ဈိမ)။     ။ ပုဂ္ဂလိကပိုင် ဘောလုံးကလပ်များကို ဘောလုံးကွင်းများ အပိုင်ပေးအပ်ခြင်း မဟုတ်ဘဲ နိုင်ငံတော် အနေဖြင့် နှစ်ရှည် ငှားရမ်းခြင်းသာ ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ ဥက္ကဌ ဦးဇော်ဇော်က ပြောသည်။

“ဘောလုံးကွင်း အပိုင်ပေးမပေး မေးကြတယ်။ မပေးပါဘူး။ နိုင်ငံပိုင် ပစ္စည်းကို အပိုင်ပေးလို့ မရပါဘူး။ ဂရမ်နဲ့ နှစ်ရှည် ငှားယမ်းဖို့ လုပ်ထုံးလုပ်နည်းတွေအရပဲ ဆောင်ရွက်တာပါ။ ငှားရမ်းတဲ့သက်တမ်းက ၄၀ အပေါင်း ၅ အပေါင်း ၅ အပေါင်း ၅ စနစ်နဲ့ နှစ် ၄၀ ဂရမ်နဲ့  နောက်ထပ် ၅ နှစ် သုံးကြိမ် စုစုပေါင်း ၅၅ နှစ် ငှားရမ်းပေးတာပါ။ ကွင်းတွေ အပိုင်ဝယ်ချင်တယ်ဆိုရင် နိုင်ငံတော်က ခွင့်ပြုမှ ဝယ်လို့ ရပါမယ်။” ဟု ဦးဇော်ဇော်က ပြောသည်။

လတ်တလော စစ်အစိုးရက နိုင်ငံပိုင် အဆောက်အဦများ လုပ်ငန်းများကို ပုဂ္ဂလိကပိုင်အဖြစ် လွှဲပြောင်း ပေးအပ်ရာတွင်လည်း ဘောလုံးကွင်းများ မပါရှိဟု သူက ပြောသည်။

ပြည်နယ်နှင့်တိုင်း ကိုယ်စားပြု အသင်းအများစုမှာ သက်ဆိုင်ရာဒေသရှိ တိုင်းနှင့်ပြည်နယ်အဆင့် ကစားကွင်းများကိုသာ အိမ်ကွင်းအဖြစ် အသုံးပြု ယှဉ်ပြိုင်သွားမည် ဖြစ်သည်။

မြန်မာနေရှင်နယ်လိဂ် ၂၀၁၀ အမှတ်ပေးပြိုင်ပွဲနှင့် စပ်လျှင်း၍ မတ်လ (၆) ရက်နေ့တွင် ပြုလုပ်သော ဘောလုံးအဖွဲ့ချုပ်၏ ပြည်တွင်း မီဒီယာများကိုသာ ဖိတ်ကြားသည့် သတင်းစာ ရှင်းလင်းပွဲတွင် မက်စ်မြန်မာ ကုမ္ပဏီပိုင်ရှင် ဦးဇော်ဇော်က ပြောကြားသွားခြင်း ဖြစ်သည်။

ယခုအခါ ပုဂ္ဂလိပိုင် ဘောလုံးကလပ်အသင်း ၁၁ သင်း ရှိသွားပြီဖြစ်သည်။ သို့သော်လည်း ဘောလုံးကလပ် ထောင်ခြင်းမှာ တွက်ခြေကိုက်လှသော အလုပ်မဟုတ်ကြောင်းလည်း ဦးဇော်ဇော်က ဝန်ခံပြောကြားသည်။

လစာကောင်းသော ကလပ်အသင်းများတွင် ကစားနေသော ဘောလုံးသမားအချို့ နိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်ပွဲများတွင် ပါဝင်ခြင်း မပြုဘဲ တိမ်းရှောင်နေမှုများ ရှိခဲ့သည်။

အသစ် ထပ်မံရေးဆွဲထားသည့် ဘောလုံးအဖွဲ့ချုပ်၏ စည်းမျဉ်းတွင် နိုင်ငံလက်ရွေးစင် အသင်းအတွက် မကစားလိုဘဲ ပျက်ကွက်သည့် ကစားသမားများအား ပြည်တွင်းပြည်ပပွဲများ ကစားခွင့် ပိတ်ပင်မည်ဟု ဆိုသည်။

“ပြီးခဲ့တဲ့ပြိုင်ပွဲမှာ တိုင်းပြည်အတွက် မကြည့်ဘဲ ငွေကြေးအတွက် ကလပ်အသင်းကို ဦးစားပေးတဲ့ ကစားသမားတွေ တွေ့ရတယ်။ အခု Regulation အသစ်မှာ ဒီကိစ္စတွေ ထည့်ဆွဲထားပါတယ်။ လက်ရွေးစင်အသင်းအတွက် ပျက်ကွက်ရင် အဲ့ဒီကစားသမားကို အဖွဲ့ချုပ် ဆရာဝန်နဲ့ စစ်ဆေးပြီး တကယ် ကစားနိုင်ရက်နဲ့ ပျက်ကွက်တာဆိုရင် ပြည်တွင်းပြည်ပပွဲတွေ ဘောလုံးကစားခွင့် ပိတ်ပါမယ်။” ဟု ဦးဇော်ဇော်က ပြောကြားသည်။

မြန်မာနေရှင်နယ်လိဂ် ၂၀၁၀ အမှတ်ပေးပြိုင်ပွဲ၏ ပထမအကျော့ ပွဲစဉ်များအတွက် ပွဲစဉ်ဇယားကို မတ်လ(၆)ရက် နေ့က ရေးဆွဲခဲ့သော်လည်း ဒုတိယအကျော့ ပွဲစဉ်များအတွက် ပွဲစဉ်ဇယားကိုမူ ရေးဆွဲခြင်း မပြုခဲ့ပေ။ ပထမအကျော့ ပွဲစဉ်များကို အိမ်ကွင်းအဖြစ် လက်ခံကျင်းပရန် ရန်ကုန်အက်ဖ်စီ ယူနိုက်တက်နှင့် ရတနာပုံ အက်ဖ်စီယူနိုက်တက် နှစ်သင်းသာ အဆင်သင့်ဖြစ်နေပြီး လက်ရှိ ကွင်းပြင်ဆင်နေဆဲ အသင်းများ (ကမ္ဘောဇ၊ ဥဿာ၊ ဇေယျာရွှေမြေ)ကို ဒုတိယအကြော့၌ အိမ်ကွင်းပွဲစဉ်များ လက်ခံကျင်းပနိုင်ရန် စောင့်ဆိုင်းပေးခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာနေရှင်နယ်လိဂ် ၂၀၁၀ ဖွင့်ပွဲကို မန္တလေးမြိှု့ဗထူးအားကစားကွင်းတွင် မတ်လ (၁၃)ရက်နေ့၌ ပြုလုပ်မည် ဖြစ်ပြီး ရန်ကုန်မြို့  သုဝဏ္ဏကွင်းတွင် မတ်လ (၁၄) ရက်နေ့၌ ပြုလုပ်မည် ဖြစ်သည်။

ပွဲစဉ်တိုင်းတွင် ကွင်းဝင်ကြေးများ၏ ၄၀% စီကို နှစ်ဘက်အသင်းများက ရရှိမည်ဖြစ်ပြီး ကျန် ၂၀% မှာ ဘောလုံးအဖွဲ့ချုပ်မှ ရယူမည် ဖြစ်သည်။

ကျင်းပ ပြီးစီးခဲ့သည့် မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်များတွင် ပုံမှန် ပရိသတ်အားပေးမှု အများဆုံးအသင်းမှာ ရတနာပုံ အက်ဖ်စီ အသင်းဖြစ်ပြီး ပွဲစဉ်တိုင်းတွင် ပုံမှန် ၈၀%မှ ၉၀% အထိအားပေးခဲ့သည်။ ရန်ကုန် အက်ဖ်စီအသင်းမှာ ပုံမှန် ပရိသတ်အားပေးမှု ဒုတိယအများဆုံးဖြစ်ပြီး ပုံမှန် ၆၀% မှ ၇၀% အကြား လာရောက်အားပေးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲတွင် ကွင်းဝင်ကြေး စုစုပေါင်း ၂၁၂၆ သိန်း ရရှိခဲ့သည်ဟု သိရသည်။

မြန်မာနေရှင်နယ်လိဂ် ၂၀၀၉ ချန်ပီယံ ရတနာပုံအက်ဖ်စီ ယူနိုက်တက်အသင်းသည် AFC ချန်ပီယံရှစ် ပြိုင်ပွဲတွင် ယှဉ်ပြိုင်ခွင့် ရရှိထားသည်။

ရတနာပုံအက်ဖ်စီအသင်းသည် ယင်းတို့ပါဝင်သော အုပ်စုပွဲစဉ်များအတွက် အိမ်ရှင်အဖြစ် ကျင်းပခွင့်ကို အာရှဘောလုံးအဖွဲ့ချုပ်သို့ ကျင်းပခွင့် လျှောက်ထားခဲ့ရာ ခွင့်ပြုချက်ရရှိခဲ့ကြောင်း သိရသည်။ ထို့သို့ အိမ်ရှင်အဖြစ် လက်ခံကျင်းပရာတွင် ကုန်ကျစရိတ်များကို အသင်းမှသာ အဓိက ကျခံမည်ဖြစ်သည်။

 
dairrawaddy2
pegu1

title
ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၁) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၂) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၃) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၄) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၅)

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1444 guests online