စနေ, ၁၁ ဖေဖေါ်ဝါရီ ၂၀၁၂

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > ကေအိုင်အိုက စစ်ရေးအသင့်ပြင်

ကေအိုင်အိုက စစ်ရေးအသင့်ပြင်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္ဈိမ) ။     ။ နယ်ခြားစောင့်တပ်အသွင်ပြောင်းလဲရေး ဖိအားပေးခြင်းခံနေရသော ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) အနေဖြင့် စစ်ရေးအတွက်လည်း ပြင်ဆင်ထားကြောင်း စုံစမ်းသိရှိရသည်။

ရွေးကောက်ပွဲမတိုင်မီ တပ်မတော်လက်အောက်သို့သွတ်သွင်းမည့် အစီအစဉ်ကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့ အကြောင်းပြန်ရင် အပစ်ခတ်ရပ်ကချင်အဖွဲ့ကြီးသို့ စစ်အစိုးရ၏ ညှိနှိုင်းရေးသမား စစ်ဘက်ရေးရာလုံခြုံရေး အကြီးအကဲ ဒု ဗိုလ်ချုပ်ကြီးရဲမြင့်က သတ်မှတ်ထားခဲ့သော်လည်း ကေအိုင်အိုက တုံ့ပြန်မှုမပြုဘဲ ရှိနေသည်။

နအဖ အား မည်သို့တုန့်ပြန် ဖြေကြားမည်ကို ဆုံးဖြတ်နိုင်ရန် KIO ဗဟိုဌာနချုပ် လိုင်ဇာမြို့တွင် ယမန်နေ့မှ စ၍ ဗဟိုအလုပ်အမှုဆောင်အပါအဝင် စုစုပေါင်း ၃ဝ ဦးဖြင့် အစည်းအဝေး ကျင်းပနေသည်။

“ဗဟိုအလုပ်အမှုဆောင်အဖွဲ့တွေနဲ့ နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးအဖွဲ့တွေ ဆွေးနွေးတဲ့ အစည်းအဝေး ပေါ့နော်။ အစိုးရကို ဘယ်လို အဖြေပေးမယ်ဆိုတာ ဆွေးနွေးကြတယ်” ဟု KIO ဗဟိုကော်မတီဝင် တဦးက ပြောသည်။

နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာရန် ကြိုးစားနေသလို တဖက်ကလည်း အဆိုးဆုံးအခြေအနေကို ရင်ဆိုင်နိုင်ရန် ပြင်ဆင်ထားကြသည်။

“ကျနော်တို့က လုံခြုံရေးက အဆင်သင့်ပဲ။ အနောက်ဘက်ဆိုရင် ဟူးကောင်းဒေသ၊ အိန္ဒိယနယ်စပ် ထိ။ အရှေ့ဘက် တရုတ်နယ်စပ်ထိ။ မြောက်ဘက် တိဘက်ထိ၊ တောင်ဘက်ဆိုရင် ကချင်ပြည်နဲ့ မြန်မာပြည် နယ်စပ်ထိပဲ” ဟု အမည်မဖော်လိုသူ ကေအိုင်အို၏ တပ်ဖြစ်သော ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အေ)  အရာရှိတဦးက မဇ္ဈိမကို ပြောသည်။

ဇန်နဝါရီလ ၂၉ ရက်နေ့က ဒု ဗိုလ်ချုပ်ကြီး ရဲမြင့်၊ မြောက်ပိုင်း တိုင်းမှူး ဗိုလ်ချုပ်စိုးဝင်းတို့နှင့် KIO တို့အကြား နယ်ခြားစောင့်တပ်ကိစ္စဆွေးနွေးရန် မြစ်ကြီးနားတွင် ၁၁ ကြိမ်မြောက် တွေ့ဆုံခဲ့သည်။

နယ်ခြားစောင့်တပ်အစား ကချင်ဒေသလုံခြုံရေးတပ် KRGF အဖြစ် ဖွဲ့လိုကြောင်း၊ အခြားဌာနဆိုင်ရာ များလည်း ပူးပေါင်းလိုကြောင်း KOI က တင်ပြထားသည်။ ထို့အပြင် နအဖ အနေဖြင့် ၁၉၄၇ ခု ပင်လုံ စာချုပ်ပါ “တိုင်းရင်းသား တန်းတူအခွင့်အရေး” အချက်ကို လက်ခံလျှင် လက်နက်စွန့်မည်ဟုပင် ထုတ်ဖော်ထားသည်။

နယ်ခြားစောင့်တပ်အရေး စစ်အစိုးရနှင့် တိုက်ရိုက်ဆွေးနွေးရန် KIO အတွင်း ဒု-ဥက္ကဋ္ဌ ဂေါင်ရီ ဇော်ဆိုင်း ဦးဆောင်ကာ အထွေထွေအတွင်းရေးမှူး ဒေါက်တာလဂျာ၊ ဗိုလ်မှူးကြီး ဆွမ်းလွတ် ဂွမ်မော်၊ ဗိုလ်မှူးကြီး လဖိုင်လှ၊ ဗိုလ်ကြီး ဂျီနောင်နီ စသည့် ၅ ဦးကော်မတီတခုဖွဲ့စည်းထားသည်။

၁၉၉၄ ခုနှစ်တွင် ချုပ်ဆိုခဲ့သော အပစ်ခတ်ရပ်စဲမှု သဘောတူညီမှုအပြီး ကေအိုင်အေနှင့် ၎င်းတို့နှင့် ပတ်သက်သော လူမှုအဖွဲ့အစည်းများကို မြန်မာပြည် မြောက်ဖျားပိုင်းဒေသအများကို ထိန်းချုပ်ခွင့် စစ်အစိုးရက ခွင့်ပြုခဲ့သည်။

ဒေသတွင်းရှိ ကျောက်စိမ်းတွင်းများ၊ ရွှေတွင်းများ၊ သစ်လုပ်ငန်းများမှ အခွန်အခများရရှိခဲ့သလို ဒေသခံများအတွက် လျှပ်စစ်မီးပေးဝေခြင်း၊ လမ်းဖောက်၊ စာသင်ကျောင်းများဆောက်လုပ်ခြင်း၊ ဆေးပေးခန်းများ ဖွင့်လှစ်ပေးခြင်း ကချင်အဖွဲ့က ပြန်လည်လုပ်ပေးခဲ့သည်။

အခုအချိန်၌ စစ်သားစုဆောင်းခြင်း၊ စစ်လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းများကိုလည်း တဖက်က ပြုလုပ်ပြင်ဆင်နေရသည်။

အပစ်ရပ်လက်နက်ကိုင်အဖွဲ့များအား နယ်ခြားစောင့်တပ်အသွင်သို့ ပြောင်းနိုင်ရန် စစ်အစိုးရက ကြိုးစားနေသည်မှာ ၁ဝ လကြာသော်လည်း KIO ၊ UWSA၊ ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) SSA-N၊ မွန်ပြည်သစ်ပါတီ NMSP နှင့် ရှမ်းပြည်အရှေ့ပိုင်း အထူးဒေသ ၄ ခေါ် မိုင်းလားအဖွဲ့ တို့က ယခုထိ ငြင်းဆိုနေဆဲ ဖြစ်သည်။

(ကိုဝိုင်း တည်းဖြတ်သည်)

 
dairrawaddy2
pegu1

title
ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၁) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၂) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၃) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၄) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၅)

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1443 guests online