စနေ, ၁၁ ဖေဖေါ်ဝါရီ ၂၀၁၂

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > ဒေါ်စုအမှု ပြင်ဆင်မှု တရားရုံးက ပယ်ချ

ဒေါ်စုအမှု ပြင်ဆင်မှု တရားရုံးက ပယ်ချ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္ဈိမ)။     ။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ် ၁၈ လချမှတ်ထားမှုအပေါ် ပြစ်ဒဏ်ပြင်ဆင်မှု တင်သွင်းသည်ကို ရန်ကုန် ဗဟိုတရားရုံးချုပ်က ယနေ့ ပယ်ချလိုက်ကြောင်း ရှေ့နေ ဦးဥာဏ်ဝင်းက ပြောသည်။

စစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ အမိန့်ဖြင့် နေအိမ်အကျယ်ချုပ် ၁ နှစ်ခွဲ ဆိုင်းငံ့ပြစ်ဒဏ် ချမှတ်ခံရသော မြန်မာ့ဒီမိုကရေစီခေါင်းဆောင်၏ အမှုပြင်ဆင်ချက်ကို ဗဟိုတရားရုံးချုပ်သို့ ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်းက တင်သွင်းခဲ့ပြီးနောက် ယနေ့တွင် ပယ်ချလိုက်ခြင်း ဖြစ်သည်။

“၁ဝ နာရီစပြီးတော့ ၁ဝ နာရီခွဲလောက် ပြီးသွားတယ်။ ဒေါ်အောင်ဆန်းစုကြည် တင်တဲ့ အမှုတမှု၊ ဒေါ်ခင်ဝင်းက တမှု၊ နှစ်ခုစလုံး တရားရုံးချုပ်က ပလပ်ပါတယ်။ ပယ်တာပေါ့နော်။ တရားရုံးချုပ်က မဆုံးဖြတ်ပေးဘူးပေါ့။ အရင်အတိုင်းပဲပေါ့” ဟု ရှေ့နေ ဦးဥာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။

ဗဟိုတရားရုံးချုပ်၏ တရားသူကြီး ဦးဟန်ရှိန်က စီရင်ချက် အောက်ဆုံးအပိုဒ်ကိုသာ ဖတ်ပြသွားသဖြင့် ပြစ်ဒဏ်ပြင်ဆင်ချက်အား မည်သည့်အကြောင်းပြချက်များဖြင့် “ပယ်လိုက်” သည်ကိုမူ မသိရသေးဟု ဆိုသည်။

ယနေ့ ဗဟိုတရားရုံးချုပ်၏ ဆုံးဖြတ်ချက်ကို ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ ၄ ဦး တက်ရောက်နားထောင်ခဲ့ပြီး ဆုံးဖြတ်ချက်သည် တရားဥပဒေနှင့် မညီကြောင်း ရှေ့နေဦးဥာဏ်ဝင်းက ယူဆသည်။

အမေရိကန်၊ အင်္ဂလန်၊ သြစတြေးလျ၊ ပြင်သစ် စသည့် အနောက်နိုင်ငံများမှ သံတမန်များလည်း ယနေ့ တက်ရောက်လေ့လာခဲ့သည်။

ပြစ်ဒဏ်ပြင်ဆင်ချက် လျှောက်ထားမှုကို အထူးအယူခံရုံးသို့ အမြန်ဆုံး ဆက်တင်မည်ဟု ဦးဥာဏ်ဝင်းက ဆိုသည်။

အမေရိကန်နိုင်ငံသား ဂျွန်ယက်တော နေအိမ်အတွင်း တိတ်တဆိတ် ဝင်ရောက်မှုနှင့်ပတ်သက်ပြီး ပြီးခဲ့သည့်နှစ် သြဂုတ်လ ၁၁ ရက်နေ့၌ သူမကို ၁၉၇၅ ခုနှစ် နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလို သူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေ ပုဒ်မ ၂၂ ဖြင့် ၃ နှစ် ချမှတ်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် အတူနေသူ ဒေါ်ခင်ခင်ဝင်းနှင့် သမီးဖြစ်သူ မဝင်းမမ တို့ကိုလည်း နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူကို ကူညီမှု ပုဒ်မ ၂၂/ ၁ဝ၉ ဖြင့် ပြစ်ဒဏ်တူချခြင်းအတွက် ပြစ်ဒဏ်ပြင်ဆင်မှု လျှောက်ထားသည်ကိုလည်း တရားရုံးက ပယ်ချလိုက်သည်။

(ကိုဝိုင်း တည်းဖြတ်သည်။)

 
dairrawaddy2
pegu1

title
ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၁) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၂) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၃) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၄) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၅)

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1464 guests online