စနေ, ၁၁ ဖေဖေါ်ဝါရီ ၂၀၁၂

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > အန်အယ်ဒီ ဗဟိုဦးစီး ဖွဲ့စည်းသည့်အပေါ် ဒေါ်စု အားရကျေနပ်

အန်အယ်ဒီ ဗဟိုဦးစီး ဖွဲ့စည်းသည့်အပေါ် ဒေါ်စု အားရကျေနပ်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္ဈိမ) ။    ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုဦးစီးအဖွဲ့ CC ဖွဲ့စည်းသည့်အပေါ် အားရကျေနပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ပြောဆိုလိုက်သည်။

မကြာမီက နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ခဲ့သူ ဦးတင်ဦးကိုလည်း လွတ်လာသည်နှင့် ပါတီတာဝန်များကို အချိန်မဆိုင်း ထမ်းဆောင်သောကြောင့် ကျေးဇူးတင်ရှိကြောင်းလည်း ဒီမိုကရေစီ ခေါင်းဆောင်က ပြောသည်။

နေအိမ်ပြင်ဆင်မှုကိစ္စအတွက် ရှေ့နေ ဦးဥာဏ်ဝင်း၊ ရှေ့နေ ဦးကြည်ဝင်းတို့ တက္ကသိုလ်ရိပ်သာလမ်းရှိ သူမ၏နေအိမ်၌ မွန်းလွဲ ၁ နာရီမှ ၂ နာရီကြာ ယနေ့ တွေ့ဆုံစဉ် ယင်းသို့ ပြောဆို လိုက်ခြင်းဖြစ်သည်။

“ကျနော်တို့ စီစီရွေးတာနဲ့ ပတ်သက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်က အားရကျေနပ်ကြောင်း သူပြောတယ်။ နောက် အန်ကယ်ဦးတင်ဦးက နေအိမ်အကျယ်ချုပ်မှ လွှတ်မြောက်လာတာနဲ့ ရုံးမှာ လုပ်ငန်းဆောင်ရွက်တာတွေကို သူသိတယ်။ သူကျေးဇူးတင်ကြောင်း ကိုယ်တိုင်ပြောပေးပါဆိုလို့ ကျနော်သွားပြောပြပြီးပါပြီ” ဟု ရှေ့နေ ဦးဥာဏ်ဝင်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများဖြစ်သော ဦးကြည်ဝင်း၊ ဦးဥာဏ်ဝင်း၊ ဦးလှမျိုးမြင့်နှင့် ဒေါ်ခင်ဌေးကြွယ်တို့ ၄ ဦးလုံး နှင့် တွေ့ဆုံနိုင်ရန် အစိုးရထံ တင်ပြခဲ့သော်လည်း ရှေ့နေ ၂ ဦးသာ တွေ့ဆုံခွင့်ရခဲ့သည်။

အစ်ကိုအရင်းဖြစ်သူ ဦးအောင်ဆန်းဦးက ဒေါ်အောင်ဆန်းစုကြည် လက်ရှိ နေထိုင်သည့် နေအိမ် ပြင်ဆင်မှုကို ရပ်ထားရန် ရန်ကုန်တိုင်းတရားရုံးသို့ ယာယီတားဝရန်း လျှောက်ထားခဲ့မှုနှင့် ပတ်သက်၍လည်း တင်ပြခြင်း၊ ဖြည့်စွက်ခြင်းများလည်း ပြုလုပ်ခဲ့သည်ဟု ဆိုသည်။ လာမည့်လ ၄ ရက်နေ့တွင် နှစ်ဘက်လျှောက်လဲချက်ကို ကြားနာမည် ဖြစ် သည်။

အငြင်းပွားပစ္စည်းကို ပြင်ဆင်ခြင်းအားဖြင့် ပျက်ဆီးသွား မှသာ တားဝရန်းထုတ်ခွင့်ရှိသဖြင့် ဦးအောင်ဆန်းဦး၏ တားဝရန်းသည် ဥပဒေနှင့် မကိုက်ညီကြောင်း ဒေါ်အောင်ဆန်းစုကြည်ဘက်က ယူဆသည်။

ပြည်နယ်-တိုင်းများမှ ဗဟိုဦးစီးအဖွဲ့ဝင် လျာထားစာရင်းကို လျှော့ခြင်း၊ တိုးခြင်း၊ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ပါဝင်သင့် ပါဝင် ထိုက်သော ပုဂ္ဂိုလ်များကို ထည့်သွင်းနိုင်ခြင်းတို့အတွက် CEC အဖွဲ့မှ ယခုလမှ ၂၂ ရက်နေ့မှ စတင်၍ စီစစ်ရွေးချယ်ရေး လုပ်ငန်းများ အဖွဲ့ချုပ် ရုံးချုပ်၌ ပြုလုပ်နေခြင်း ဖြစ်သည်။

မြန်မာ့ဒီမိုကရစီအရေး အနစ်နာခံ ကြိုးပမ်းနေသူများကို နှောင့်ယှက်နေသဖြင့် ယခုလ ၂ ရက်နေ့မှစ၍ ဦးအောင်ဆန်းဦးနှင့် ဇနီး ဒေါ်လဲ့လဲ့နွယ်သိန်းတို့ကို နအဖ စစ်အစိုးရနှင့် နောက်လိုက်များနည်းတူ “ပတ္တနိက္ကုဇ္ဇနကံ” ဆောင်ပြီး ဗုဒ္ဓဘာသာဝင်အဖြစ်မှ ထုတ်ပယ်လိုက်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံလုံး ဆိုင်ရာသံဃာ့တပ်ပေါင်းစုအဖွဲ့က ကြေညာထားသည်။

(ကိုဝိုင်းတည်းဖြတ်သည်)


 
dairrawaddy2
pegu1

title
ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၁) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၂) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၃) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၄) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၅)

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1472 guests online