စနေ, ၁၁ ဖေဖေါ်ဝါရီ ၂၀၁၂

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > ဦးတင်ဦးကို သူရဲကောင်း ဆုချီးမြှင့်

ဦးတင်ဦးကို သူရဲကောင်း ဆုချီးမြှင့်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ)။     ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးတင်ဦးကို ပြည်တွင်းရှိ တိုင်းရင်းသား ပါတီများဖြင့် ဖွဲ့စည်းထားသည့် UNA နှင့် ဝါရင့်နိုင်ငံရေး လုပ်ဖော်ကိုင်ဘက်များက ယခုလ ၂ဝ ရက်နေ့တွင် အမျိုးသား ပြန်လည်သင့်မြတ်ရေး သူရဲကောင်းဆုကို ချီးမြှင့်လိုက်သည်။

အကျယ်ချုပ်မှ ၆ နှစ်ကြာ ကျခံရပြီးနောက် ယခုလ ၁၃ ရက်နေ့တွင် ပြန်လွတ်လာသည့် NLD ဒုဥက္ကဋ္ဌကို ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်ရှိ သခင်သိန်းဖေ နေအိမ်၌ ၎င်းတို့က အခမ်းအနားတရပ် ကျင်းပကာ အမျိုးသား ပြန်လည်သင့်မြတ်ရေး သူရဲကောင်းဆု မှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်လိုက်ခြင်း ဖြစ်သည်။

“ပြည်သူလူထု လွတ်ငြိမ်းချမ်းသာခွင့်ရဖို့၊ ပြည်သူလူထုအနေနဲ့ ဒီမိုကရေစီရဖို့နဲ့ ဒီမိုကရေစီတိုက်ပွဲ အောင်မြင်ဖို့ လုပ်နေတဲ့အတွက်ကြောင့် သူ့ကို အမျိုးသားပြန်လည်သင့်မြတ်ရေး သူရဲကောင်းဆု ပေးတာ ဖြစ်တယ်” ဟု UNA ထဲမှ အဖွဲ့အစည်းတခုဖြစ်သည့် ဇိုမီးအမျိုးသားကွန်ဂရက် ZNC ဥက္ကဋ္ဌ ပူကျင့်ရှင်းထန်က ပြောသည်။
thinoop
ဆုချီးမြှင့်ခံရသူ NLD ဒုဥက္ကဋ္ဌ ဦးတင်ဦးက “အမှန်ကတော့ဗျာ၊ ဒီလောက်တောင် သူရဲကောင်းလည်း မဟုတ်သေးပါဘူးဗျာ။ တကယ်တမ်း ပြောရလို့ရှိရင် ဒေါ်အောင်ဆန်းစုကြည်တို့ ခေါင်းဆောင်ပြီး ပါလာတဲ့အခါမှာ ကျနော်ရဲ့ လုပ်ကိုင်ဖူးတဲ့ အတွေ့အကြုံတွေအရ ဒေါ်အောင်ဆန်းစုကြည်ကို ကူညီဖို့ပဲ ပါလာတဲ့သူပါ” ဟု ပြောသည်။

ယခုလ ၂ဝ ရက်နေ့သည် ၆၂ နှစ်မြောက် ချင်းအမျိုးသားနေ့နှင့်လည်း တိုက်ဆိုင်နေသဖြင့် ZNC ဥက္ကဋ္ဌက ချင်းရိုးရာ ခြုံစောင်တထည်ကိုပါ ဦးတင်ဦးကို ဂုဏ်ပြုသည့်အနေဖြင့် လွှမ်းခြုံပေးခဲ့သည်။

“ခဲရာခဲဆစ် ကျနော်တို့ ချင်းပြည်နယ်ကို လာပြီးအပြန် ဒီပဲယင်းမှာ အရိုက်ခံရတယ်။  အခုလို ခံရပြီးတော့ ပထမဦးဆုံး အင်းစိန်ထောင်မှာ မပို့ဘဲ ကလေးထောင်မှာ ၈ လလောက် ကျတယ်။ ဦးတင်ဦးကို ကျနော်တို့ ပြည်သူတွေက အသဲစွဲ ဖြစ်နေတယ်။ အဲဒီအတွက် ပေးရခြင်း ဖြစ်တယ်” ဟု ပူကျင့်ရှင်းထန်က ပြောသည်။

ဦးတင်ဦးက “ချင်းတိုင်းရင်းသားများထဲက ပေးတာဆိုတော့ ကျေးဇူးတင်တယ်၊ ဝမ်းသာတယ်။ သူတို့ နိုင်ငံရေး မျှော်မှန်းချက်၊ ရည်ရွယ်ချက်တွေကို တတ်နိုင်သမျှ ကူညီဖြေရှင်းပေးမယ်ဆိုတဲ့ သဘောဆောင်တယ်။ တိုင်းရင်းသားတွေရဲ့ စည်းလုံးညီညွတ်နဲ့ ယုံကြည်မှုရမှာသာ ဒီနိုင်ငံတော်ကြီးဟာ ပြည်ထောင်စု နိုင်ငံတော် ထူထောင်နိုင်မှာပါ။ တိုင်းရင်းသားပေါင်းစုံ တဖက်နဲ့ တဖက် ယုံကြည်စိတ်ချစွာ ပါဝင်ပြီး ပေါင်းစပ်တဲ့ နိုင်ငံတော်ကြီးဖြစ်အောင် တစိတ်တဒေသအားဖြင့် ကူညီနိုင်ဖို့ စိတ်ကူးပါတယ်” ဟု ပြောသည်။
thinoop1
၂ဝဝ၃ ခု မေလ ၃ဝ ရက်နေ့တွင် NLD အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နှင့် စည်းရုံးရေးခရီး ထွက်နေစဉ် စစ်ကိုင်းတိုင်း ဒီပဲယင်းအရပ်တွင် စစ်အစိုးရ နောက်ခံပြု လူအုပ်စုကြီး၏ အကြမ်းဖက် တိုက်ခိုက်ခံရပြီးနောက် ဦးတင်ဦး အဖမ်းခံခဲ့ရသည်။ ထို့နောက် ၂ဝဝ၄ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် နေအိမ်အကျယ်ချုပ် ပြောင်းရွှေ့ကျခံပြီးနောက် ယခုလ ၁၃ ရက်နေ့တွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။

ဆုပေးပွဲ အခမ်းအနားတွင်  ဝါရင့်နိုင်ငံရေး လုပ်ဖော်ကိုင်ဘက်များ၊ UNA အဖွဲ့ဝင် တိုင်းရင်းသား ခေါင်းဆောင်များနှင့် NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်အချို့ အပါအဝင် လူဦးရေ ၅ဝ နီးပါး တက်ရောက်ခဲ့သည်။

အခမ်းအနားတက်ခဲ့သည့် NLD CEC အဖွဲ့ဝင် ဦးအုန်းကြိုင်က “ဦးတင်ဦးက သူဟာ သူရသတ္တိ ရှိကောင်း ရှိလိမ့်မယ်၊ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ   သူရသတ္တိအပြင် ဓမ္မသတ္တိပါ ရှိပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်လို ခေါင်းဆောင်မျိုးရတာ အလွန်ကံကောင်းတယ်တဲ့။ သူအောင်မြင်အောင် ဝိုင်းပြီးတော့ ဆောင်ရွက်ကြပါလို့ အခန်းအနားမှာ ပြောကြားခဲ့တယ်” ဟု ပြန်ပြောပြသည်။

ဆုပေးအပ်ပွဲတွင် NLD ဒုဥက္ကဋ္ဌ ဦးတင်ဦးက ၁၉၈၈ ခုနှစ် ဒီမိုကရေစီတိုက်ပွဲကို စတင်ခဲ့ရာတွင် ရှေ့တန်းမှ ပါဝင်ခဲ့သည့် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမင်းဇေယျ၊ ကိုဋ္ဌေးကြွယ်၊ ကိုဂျင်မီ၊ ကိုပြုံးချိုနှင့် ကိုမြအေးတို့၏ လှုပ်ရှားမှုနောက်တွင် ပါဝင်လာခဲ့သူသာဖြစ်သည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။ 

UNA တွင် တိုင်းရင်းသားပါတီများဖြစ်သည့် မွန်အမျိုးသား ဒီမိုကရေစီတပ်ဦး (MNDF)၊ ဇိုမီး အမျိုးသားကွန်ဂရက် (ZNC)၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) နှင့်  ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) တို့ဖြင့် ဖွဲ့စည်းထားပြီး ၁၉၉ဝ ရွေးကောက်ပွဲတွင် အမတ်လောင်းများအဖြစ် ပါဝင် ယှဉ်ပြိုင်ခဲ့ကြသည်။ သို့သော် UNA ကို စစ်အစိုးရ တရားမဝင် အသင်းအဖွဲ့အဖြစ် ပြောဆိုထားခဲ့သည်။ 

 
dairrawaddy2
pegu1

title
ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၁) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၂) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၃) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၄) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၅)

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1450 guests online