စနေ, ၁၁ ဖေဖေါ်ဝါရီ ၂၀၁၂

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > စစ်ထွေ အင်တာနက်ဆိုင်များ တင်းကျပ်ထား

စစ်ထွေ အင်တာနက်ဆိုင်များ တင်းကျပ်ထား

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္ဈိမ)။    ။ ရခိုင်ပြည်နယ် စစ်တွေမြို့ရှိသည့် အင်တာနက်ဆိုင်များကို အာဏာပိုင်များက ယခုနှစ်ဦးပိုင်းမှစ၍ နှောင့်ယှက် တင်းကျပ်မှုများ ပြုလုပ်လာကြောင်း အင်တာနက် ဆိုင်ရှင်များက ပြောသည်။

မြို့ခံအာဏာပိုင်များက အင်တာနက်သုံးစွဲသူနှင့် ၎င်းတို့အသုံးပြုသည့် ဝက်ဘ်ဆိုဒ်၊ အီးမေးဆက်သွယ်မှုနှင့် ချက်တင် chatting များကို မှတ်တမ်းများ ပြုလုပ်ခိုင်းခဲ့သည်ဟု ဆိုကြသည်။

“ဆိုင်စဖွင့်ကတည်းက သူတို့ပေးထားတဲ့ စည်းကမ်းချက်တွေက ၃ မျက်နှာလောက် ရှိတယ်။ အခု သုံးစွဲတဲ့ လူတွေရဲ့ ဘယ်ဆိုဒ်ကိုကြည့်လဲ၊ ဘယ်သူဆီ အီးမေးပို့လဲဆိုတာကို ကျနော်တို့ ဆိုင်ရှင်တွေကို Record အလုပ်ခိုင်းထားတယ်။ ပြီးရင် ရှောင်တခင်အနေနဲ့ ဝင်ဝင်စစ်တယ်” ဟု စစ်တွေမြို့မှ အင်တာနက် ဆိုင်ရှင်တဦးက မဇ္ဈိမကို ပြောသည်။

စစ်တွေမြို့တွင် အင်တာနက်ဆိုင်ပေါင်း ၇ ဆိုင်ရှိပြီး သုံးစွဲသူများမှာ လူလတ်ပိုင်းနှင့် ကျောင်းသူ/ ကျောင်းသား လူငယ်အများစု ဖြစ်ကြောင်း သိရသည်။ သုံးစွဲခမှာ ၁ နာရီလျှင် ကျပ် ၅ဝဝ မှ ၁ဝဝဝ ကျော်အထိရှိသည်။

ယခုလို တင်းကျပ်မှုများ ပြုလုပ်လာခြင်းမှာ ထိုဒေသတွင်း အဖြစ်အပျက်များကို အင်တာနက်ဆိုင်များမှ တဆင့် ပြည်ပအခြေစိုက် အဖွဲ့အစည်းများနှင့် သတင်းဌာနများသို့ ပေါက်ကြားခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။

“တချို့ ကလေးတွေက သူတို့ တားမြစ်ထားတဲ့ ပြည်ပက သတင်းဝက်ဘ်ဆိုဒ်တွေကို သူတို့နည်း သူတို့ဟန်နဲ့ ကျော်ကြည့်တယ်။ နောက် ပြည်ပကို အီးမေးနဲ့ ဆက်သွယ်တာ။ ဓာတ်ပုံပို့တာမျိုးတွေ လုပ်ကြတာတွေ ရှိတယ်” ဟု သူက ဆက်ပြောသည်။

ထိုအင်တာနက်ဆိုင်များတွင် ပြည်ပမှလာသည့် မလိုအပ်သော ဆိုဒ်များကို ဖွင့်မကြည့်ရန်ကိုလည်း ဆိုင်နံရံတွင် ရေးကပ်တားမြစ်ထားသည်။

အခြား အင်တာနက်ဆိုင်ရှင်တဦးကမူ “ကျနော်တို့လည်း ဝက်ဘ်ဆိုဒ်လင့်လောက်နဲ့ ဘယ်သူနဲ့ ဆက်သွယ်တယ်။ ဒါလောက်ပဲ လုပ်ပေးနိုင်မယ်။ အသေးစိတ်သာ အကုန်လုပ်ပေးနေရမယ်ဆိုရင် ဆိုင်ကို ဘယ်သူမှ လာသုံးကြတော့မှာ မဟုတ်ဘူး” ဟု မဇ္ဈိမကို ပြောသည်။

ထိုင်းနိုင်ငံအခြေစိုက် ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များအစည်းအရုံး AASYC အတွင်းရေးမှူး ဦးအောင်မန်ဦးက ၂ဝ၁ဝ ရွေးကောက်ပွဲမတိုင်မီ “ဆူပူအုံကြွမှုများ” မဖြစ်စေရန် ရည်ရွယ်၍ တင်းကျပ်နေခြင်း ဖြစ်သည်ဟု ယူဆသည်။

ယခုလ အစောပိုင်း၌ ပဲခူးတိုင်း ပဲခူးမြို့ရှိ အင်တာနက်ဆိုင်ရှင်များကိုလည်း မြို့နယ်ကောင်စီ ဥက္ကဋ္ဌက အစည်းအဝေး ခေါ်ယူကာ လာရောက်အသုံးပြုသူများ၏ ကိုယ်ရေးအချက်အလက်များကို မှတ်တမ်း တင်ထားရမည်ဟု တင်းကျပ်မှု ပြုလုပ်ခဲ့သည်။

မြန်မာသည် အင်တာနက် အသုံးပြုမှုကို နှိပ်ကွပ်ရာတွင် ကမ္ဘာ့အဆိုးရွားဆုံး ၁ဝ နိုင်ငံတွင် ပါဝင်ကြောင်း နယူးယောက် အခြေစိုက် သတင်းထောက်များ ကာကွယ်စောင့်ရှောက်ရေး ကော်မတီ (CPJ) က ပြီးခဲ့သည့်နှစ် ဧပြီလတွင် ထုတ်ပြန်ခဲ့သည်။

(ကိုဝိုင်း တည်းဖြတ်သည်။)

 
dairrawaddy2
pegu1

title
ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၁) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၂) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၃) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၄) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၅)

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1458 guests online