စနေ, ၁၁ ဖေဖေါ်ဝါရီ ၂၀၁၂

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > ပင်လုံဗုံးကွဲ လေးဦးဒဏ်ရာရ

ပင်လုံဗုံးကွဲ လေးဦးဒဏ်ရာရ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္ဈိမ) ။    ။ ရှမ်းပြည်တောင်ပိုင်း ပင်လုံမြို့တွင် ဖေဖော်ဝါရီ ၁၆ ရက်နေ့က ဗုံးပေါက်ကွဲမှုတခု ဖြစ်ပွားရာ လူ ၄ ဦး ဒဏ်ရာရရှိသွားသည်။

ပြည်ထောင်စုနေ့ အထိမ်းအမှတ်ပွဲ ကျင်းပနေစဉ် မြို့နယ်ဘောလုံးကွင်းအတွင်း အောင်မာဃဇာတ်ရုံအနီး ပေါက်ကွဲမှုကြောင့် ဒဏ်ရာရသူများမှာ မြို့နယ်ဆေးရုံတွင် ကုသမှု ခံယူနေရသည်။

ဗိုလ်မှူးကြီး ယွက်ဆစ်ဦးဆောင်သည့် ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) SSA-S အဖွဲ့၏ လက်ချက်ဟု စစ်အစိုးရ၏ စွပ်စွဲချက်ကို ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။

ပင်လုံမြို့သည် ဗမာနှင့် တိုင်းရင်းသားများအကြား ပထမဆုံး နိုင်ငံရေးယုံကြည်မှု တည်ဆောက်နိုင်သော နေရာဖြစ်ပြီး ဗြိတိသျှ ကိုလိုနီလက်အောက်မှ အတူတကွ လွတ်လပ်ရေးရယူမည်ဟု ၁၉၄၇ ခု ဖေဖော်ဝါရီ ၁၂ ရက်နေ့က သဘောတူ လက်မှတ်ရေးထိုးခဲ့သည့် နေရာလည်း ဖြစ်သည်။ ယင်းနေ့ကို ပြည်ထောင်စုနေ့အဖြစ် သတ်မှတ်ခဲ့သည်။

SSA-S ကမူ  ၎င်းတို့၏ လက်ချက်မဟုတ်ကြောင်း ငြင်းဆိုလိုက်ပြီး၊ တိုင်းရင်းသားအချင်းချင်း ယုံကြည်မှု ကွဲပြားစေရန် ရည်ရွယ်၍ လီဆယ်ခြင်းသာဖြစ်သည်ဟု တုန့်ပြန် ပြောကြားလိုက်သည်။

“နအဖ စစ်အာဏာရှင်တွေကို လက်နက်ကိုင် ဆန့်ကျင်နေတာမှန်ပေမယ့် မပြေလည်သေးတဲ့ နိုင်ငံရေး ပြဿနာတွေကို နိုင်ငံရေးနည်းလမ်းနဲ့ ငြိမ်းချမ်းစွာပဲ လုပ်ချင်ပါတယ်။ ဒီလိုမျိုးလုပ်ရပ်နဲ့ ဘယ်တော့မှ မလုပ်ပါဘူး” ဟု ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်လောဝ်ဆိုင်းက မဇ္ဈိမကို ပြောသည်။  

စစ်အစိုးရ၏ ၂၀၀၈ ဖွဲ့စည်းပုံနှင့် ၂၀၁၀ ရွေးကောက်ပွဲတို့ဖြင့် နိုင်ငံရေး ပြဿနာများကို ဖြေရှင်းပေးနိုင်မည် မဟုတ်ဟုဆိုကာ SSA-S က ကန့်ကွက်ထားသည်။

အလားတူပင် ရှမ်းပြည်နယ် မြောက်ပိုင်း လောက်ကိုင်မြို့၌ ယခုလ ၁၅ ရက်နေ့နှင့် ၁၇ ရက်နေ့များက ဖြစ်ပွားသော ဗုံးပေါက်ကွဲမှုများနှင့်ပတ်သက်၍လည်း သတင်းစာက “တရားခံပြေးများဖြစ်သော ဖုန်ကျားရှင်၊ ဖုန်ကျားဖူး၊ ဖုန်တာ့ရွှင်၊ ဖုန်တာ့လီ တို့၏ ယခင်မြန်မာပြည်အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (ကိုးကန့်အဖွဲ့)” လက်ချက် ဖြစ်သည်ဟု စွပ်စွဲထားသည်။

လောက်ကိုင် ဗုံးပေါက်ကွဲမှုကြောင့် လူသေဆုံးမှုမရှိဘဲ တရုတ်လူမျိုး (၃) ဦး အပါအဝင် ၉ ဦး ဒဏ်ရာရရှိကြောင်း မြန်မာ့အလင်းက ဖော်ပြထားသည်။

သို့သော်လည်း တရုတ်-မြန်မာနယ်စပ်မှ စစ်ရေးအကဲခတ် ဦးအောင်ကျော်ဇောက တရုတ်နိုင်ငံသားတဦး သေဆုံးကာ ၁၀ ဦးကျော် ဒဏ်ရာရသွားသည်ဟု ပြောသည်။

“တရုတ် အမျိုးသားတွေရဲ့ အထွဋ်အမြတ်ပွဲ ကာလမှာ (ဖုန်) ဦးဖုန်ကျားရှင်ကလုပ်လို့ တရုတ် တယောက် သေတယ်ဖြစ်အောင် လုပ်တာပေါ့ဗျာ။ တချို့အဖမ်းခံရပြီး နှိပ်စက်လို့ ဝန်ခံရတဲ့သူတွေဆိုရင် ဗုံးခွဲဖို့မပြောနဲ့ သေနက်သံတောင် ကြားဖူးတာ မဟုတ်ဘူး။ သူတို့ထည့်ချင်ရင် ဆွဲထည့်တာ” ဟု ဦးအောင်ကျော်ဇောက ပြောသည်။  

ယမန်နေ့ မနက် အစောပိုင်းက ယင်းရပ်ကွက်ရှိ ဈေးဟောင်းနေရာ၌ မိုင်း ၂ လုံး ပေါက်ကွဲခဲ့ သော်လည်း ထိခိုက်ဒဏ်ရာ မရှိကြောင်း မြန်မာ့အလင်းက ဖော်ပြထားသည်။

တရုတ်နယ်စပ်အနီးရှိ  ရှမ်းပြည်မြောက်ပိုင်း အထူးဒေသ (၁) (ကိုးကန့်အဖွဲ့) ဥက္ကဋ္ဌ ဦးဖုန်ကျားရှင် ခေါင်းဆောင်သော အဖွဲ့အား  မူးယစ်ဆေး ထုတ်လုပ်မှု၊ လက်နက်စက်ရုံတည်ရှိမှုကို အကြောင်းပြ၍ ၂ဝဝ၉ ခုနှစ် သြဂုတ်လကုန်ပိုင်းတွင် မြန်မာစစ်တပ်က တိုက်ခိုက်ခဲ့သည်။

ဦးဖုန်ကျားရှင်အဖွဲ့ စစ်ရှုံး၍ တရုတ်နိုင်ငံဘက် ခိုလှုံသွားပြီးနောက် စစ်အစိုးရတပ်က ၎င်းတို့ထံ သစ္စာခံပြီး ကိုးကန့်ခွဲထွက် ဦးပိုင်စုံချိန်အား ခေါင်းဆောင်အဖြစ် ခန့်အပ်ခဲ့ပြီး ၂ဝဝ၉ ခုနှစ် နှစ်ကုန်ပိုင်း၌ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းစေခဲ့သည်။

(ကိုဝိုင်း တည်းဖြတ်သည်)

 
dairrawaddy2
pegu1

title
ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၁) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၂) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၃) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၄) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၅)

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1446 guests online