သောကြာ, ၁၀ ဖေဖေါ်ဝါရီ ၂၀၁၂

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > Lion City အလုပ်သမားသပိတ် သဘောတူညီချက်ရ

Lion City အလုပ်သမားသပိတ် သဘောတူညီချက်ရ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ)။     ။ ရန်ကုန်ရှိ Lion City အထည်ချုပ်စက်ရုံ လုပ်သားများက လုပ်ခတိုးရန် ဆန္ဒပြသည်ကို စက်ရုံက လိုက်လျောသဖြင့် ဆန္ဒပြပွဲကို ယနေ့ ရပ်ဆိုင်းလိုက်သည်။

၃ ရက်ဆက်တိုက် ထိုင်သပိတ်မှောက် ဆန္ဒပြလာသည့် အင်းစိန်မြို့နယ် Lion City အလုပ်သမားများက ၎င်းတို့၏ တောင်းဆိုချက်ကို ပိုင်ရှင်ဘက်က လိုက်လျောမှုများ ပြသဖြင့် နံနက် ၁ဝ နာရီခွဲတွင် ရပ်ဆိုင်းခြင်း ဖြစ်သည်။

''လုပ်အားခ တသောင်း တိုးတောင်းတဲ့ အပေါ်မှာ ငါးထောင်နဲ့ ပြေလည်သွားတယ်။ ပုံမှန်အလုပ်ချိန် မနက် ၈ နာရီကနေ ညနေ ၅ နာရီအထိ သတ်မှတ်တယ်။ အများပြည်သူ ရုံးပိတ်ရက်ကို တနင်္ဂနွေ တရက်ပေးတယ်။ စနေနေ့ကို နေ့တဝက် ဆင်းရမယ်။ နေ့တဝက်ကျော်ရင် အချိန်ပိုကြေး ပေးမယ်ဆိုတဲ့ သဘောတူညီမှု ရသွားတယ်” ဟု စက်ရုံနဲ့ နီးစပ်သူ အင်းစိန်ဒေသခံ တဦးက မဇ္ဈိမကို ပြောသည်။

အလုပ်ခန့်စဉ်က သဘောတူညီချက်တွင် အနိမ့်ဆုံးလစာအဖြစ် ကျပ် ၂၉ဝဝဝ သတ်မှတ်ခဲ့သော်လည်း လစာထုတ်သည့်အခါ ၂ဝဝဝဝ သာ ထုတ်ပေးနေခဲ့သည်ဟု ဆိုသည်။ အသေးစိတ်သိရှိရန် စက်ရုံသို့ မေးမြန်းရာ တာဝန်ကျ ဝန်ထမ်းက ဖြေဆိုခြင်း မရှိပါ။

၅ နှစ်နီးပါးသက်တမ်းရှိပြီဖြစ်သော စက်ရုံတွင် ယခင်က အလုပ်သမားများက နှုတ်ဆိတ်နေခဲ့ကြသော်လည်း ယခုလ ၁၆ ရက်နေ့မှစ၍ မကျေနပ်သူများက စက်ရုံဝင်းအတွင်း အလုပ်မဆင်းဘဲ ငုတ်တုတ် ထိုင်နေခဲ့ကြသည်။ အချို့ကလည်း အလုပ်သို့ လာရောက်ခြင်း မရှိသောကြောင့် စက်ရုံလုပ်ငန်းများ ရပ်ဆိုင်းခဲ့ရသည်။

ကိုရီးယားနိုင်ငံသားတဦး ပိုင်ဆိုင်သော Lion City အထည်ချုပ်စက်ရုံတွင် မြန်မာလုပ်သား ၂ဝဝ ကျော် လုပ်ကိုင်နေကြပြီး ထောက်ကြန့်ရှိ Eagle အထည်ချုပ်စက်ရုံ၏ စက်ရုံခွဲတခုဖြစ်သည်။

တိုင်းအဆင့် အာဏာပိုင်များက ဆန္ဒပြမှုကို အနီးကပ်စောင့်ကြည့်နေခဲ့ပြီး အဓိကရုဏ်း ဖြိုခွင်းရေး တပ်ဖွဲ့များဖြင့် ပြင်ဆင်ထားသော်လည်း အကြမ်းဖက်မှုမရှိဘဲ ပြီးဆုံးသွားခဲ့သည်။

ဆန္ဒပြမှု ဖြစ်ပွားနေချိန်သည် ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးသံတမန် သောမတ်စ် အိုဂျေး ကွင်တားနား မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး တိုးတက်မှုစစ်ဆေးရန် ရောက်ရှိလာချိန်နှင့်လည်း တိုက်ဆိုင်နေသည်။

လွတ်လပ်သော အလုပ်သမား သမဂ္ဂများကို ပိတ်ပင်ထား၍ လူစုလူဝေးဖြင့် ဆန္ဒပြမှုကို ဆတ်ဆတ်ထိမခံ ဖြိုခွဲဖိနှိပ်သော စစ်အစိုးရလက်ထက်တွင် အလုပ်သမားများ၏ လုပ်ငန်းခွင် သာယာရေးနှင့် လုပ်ခလစာဆိုင်ရာ ဆန္ဒပြမှုများ ဇန်နဝါရီလမှစ၍ ရန်ကုန်တိုင်းရှိ စက်ရုံ ၁ဝ ရုံခန့်တွင် ဖြစ်ပေါ်ခဲ့သည်။

ဆန္ဒပြပွဲများသည် အလုပ်သမားပြဿနာ သက်သက်မဟုတ်ဘဲ မြန်မာလူထုတရပ်လုံး ခံစားနေရသော မီးဖိုချောင်ပြဿနာ ဖြစ်သည်ဟုဆိုကာ လူငယ်များအတွင်း သြဇာရှိသော လျှို့ဝှက်ဖွဲ့စည်းထားသော သံဃာနှင့် ကျောင်းသားအဖွဲ့များက ထောက်ခံကြောင်း ယနေ့ ကြေညာချက်ထုတ်ပြန်လိုက်သည်။

''အလုပ်သမား၊ လယ်သမားများ၊ သာမန်အစိုးရဝန်ထမ်းများ၊ စစ်တပ်အတွင်းမှ သာမန် အရာရှိ၊ အရာခံ၊ အကြပ်တပ်သားများ၊ ရဲဝန်ထမ်းများ စသည့် မြန်မာပြည်သူ အများစုကြီး ရင်ဆိုင်နေရသော ဆင်းရဲမွဲတေမှု ပြဿနာကို မြန်မာပြည်သူတရပ်လုံးအတွက် လှိုင်သာယာနှင့် အင်းစိန် အလုပ်သမားများက ကိုယ်စားပြု ဖော်ထုတ်ပြသလိုက်ခြင်း ဖြစ်သည်ဟု'' ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးနှင့် ၈၈ မျိုးဆက်ကျောင်းသားများ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်တို့၏ ကြေညာချက်ထဲတွင် ဖော်ပြထားသည်။

 
dairrawaddy2
pegu1

title
ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၁) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၂) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၃) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၄) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၅)

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1396 guests and 1 member online