စနေ, ၁၁ ဖေဖေါ်ဝါရီ ၂၀၁၂

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > နယ်ခြားစောင့်ပေါ်လစီ လက်နက်ကိုင် ပဋိပက္ခသို့ ပြန်သွားနိုင်

နယ်ခြားစောင့်ပေါ်လစီ လက်နက်ကိုင် ပဋိပက္ခသို့ ပြန်သွားနိုင်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ဘန်ကောက် ။     ။ မြန်မာစစ်အစိုးရအနေဖြင့် ငြိမ်းအဖွဲ့များ၏ စစ်တပ်များကို မြန်မာ့ တပ်မတော် အောက်သို့ အဓမ္မ သွတ်သွင်းနေမှု မအောင်မြင်လျှင် ပြည်တွင်းစစ် တကျော့ပြန် ဖြစ်ပွားလာနိုင်ဖွယ် ရှိနေကြောင်း ထိပ်တန်း လူ့အခွင့်အရေးအဖွဲ့တခုက ပြောဆိုလိုက်သည်။

အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရေး စစ်အစိုးရက ကြိုးပမ်းနေမှုမှာ ခရီးမတွင်ဘဲ ရှိနေစဉ် အင်အားသုံး လုပ်ဆောင်လာလျှင် ဖြစ်နိုင်ချေနှင့် ပတ်သက်၍ မဇ္ဈိမက မေးမြန်းရာ လန်ဒန်အခြေစိုက်  အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ - AI မှ မြန်မာနိုင်ငံဆိုင်ရာ သုတေသနမှူး Benjamin Zawacki က ''သိပ်ဖြစ်နိုင်တာပေါ့။ ဒါကို နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့လည်း သူတို့ရဲ့ ကိုယ်ကျိုးစီးပွားအနေနဲ့ရော၊ လူ့အခွင့်အရေးရှု့ထောင့်ကအနေနဲ့ရော အာရုံပြုသင့်တယ်'' ဟု  ဖြေကြားခဲ့သည်။

တပ်မတော်မှ ဦးစီးပြီး အင်အားချုံ့ကာ နယ်ခြားစောင့်တပ်အဖြစ် ယခုနှစ်အတွင်း ကျင်းပပြုလုပ်မည့် အထွေထွေ ရွေးကောက်ပွဲမတိုင်မီ အသွင်ပြောင်းရန် ကြိုးစားနေသော်လည်း ဝ၊ ကချင်၊ ရှမ်းနှင့် မွန်၊ ကိုးကန့် တိုင်းရင်းသားများထဲမှ ငြိမ်းအဖွဲ့များက လက်မခံဘဲ ပယ်ချထားသည်။

အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်စဉ်က နောင်တက်လာသော အရပ်သား အစိုးရလက်ထက်တွင် နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းရန်ဟု ကတိစကား ရှိထားခဲ့သော်လည်း ကိုးကန့်အဖွဲ့တခုဖြစ်သော မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်က နယ်ခြားစောင့်အဖြစ် တပ်ကို မဖျက်သိမ်းလိုသောအခါ တိုက်ခိုက်ချေမှုန်းခြင်း ခံခဲ့ရသည်။

''ဒီပေါ်လစီက အပစ်ရပ်အဖွဲ့တွေကို အခက်တွေ့စေတယ်။ အစိုးရတောင်းဆိုသလို လိုက်လုပ်ရမှာလား၊ ဒါမှမဟုတ် ရွေးကောက်ပွဲအကြိုကာလ ဖိနှိပ်ရမ်းကားမှု အဆိုးဆုံးတခုအပေါ်ကနေ အခွင့်လမ်းကောင်း ဖြစ်နိုင်မလားပေါ့။ တကယ်လို့များ သိပ်ပြီးတွန်းလာရင်တော့ စစ်ပွဲပဋိပက္ခတွေကို ပြန်ဖြစ်လာစေဖို့ ဖြစ်လာနိုင်တယ်'' ဟု Benjamin Zawacki  က ပြောသည်။

မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူနည်းစု တက်ကြွလှုပ်ရှားသူများအပေါ် ဖိနှိပ်ရမ်းကားမှု ဆိုသော စာမျက်နှာ ၆၆ ရှိ အစီရင်ခံစာတခု ယနေ့ ဖြန့်ချိလိုက်သည်။

၂ဝဝ၇ ခုနှစ် သြဂုတ်လကတည်းက စတင်ခဲ့သော ၂ နှစ်တာ သုတေသနပြုလုပ်ပြီး တက်ကြွလှုပ်ရှားသူ ၇ဝဝ ကျော် တွေ့ဆုံမေးမြန်း ပြုစုထားသည်ဆိုသော AI ၏ အစီရင်ခံစာထဲတွင် ဥပဒေမဲ့ ဖမ်းဆီးချုပ်နှောင်မှု၊ တရားမျှတမှု ကင်းမဲ့သော တရားခွင်များ၊ ထောင်သွင်းအကျဉ်းချ နှိပ်စက်မှုပြုလုပ်မှုများအကြောင်း ပါရှိသည်။

မြန်မာနိုင်ငံတွင် တိုင်းရင်းသားပေါင်း ၁၃၅ မျိုး ရှိသည်ဟု အစိုးရက ထုတ်ပြန်ထားသည်။ တိုင်းရင်းသားအဖွဲ့ အတော်များများက ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးအတွက် လက်နက်ကိုင် တော်လှန်နေခဲ့ကြသလို ၁၉၆၂ ခုနှစ်ကတည်းက ပုံစံအမျိုးမျိုးဖြင့် စစ်တပ်အုပ်ချုပ်သော နိုင်ငံတွင် နိုင်ငံရေးသမား လှုပ်ရှားတက်ကြွသူ အများအပြား ပေါ်ထွက်လာသည်။

''တိုင်းရင်းသားအဖွဲ့တွေကို သောင်းကျန်းသူတွေ သို့မဟုတ် ဘိန်းကုန်ကူးသူတွေအဖြစ်ပဲ သမုတ်နေခဲ့ကြတာ'' ဟု AI အစီရင်ခံစာတွင် ရေးသားပါရှိသည်။

''တိုင်းရင်းသား လူနည်းစုတွေဟာ အရေးပါပေမယ့် မြန်မာအတိုက်အခံ နိုင်ငံရေးမှာ တခါတခါမှ အသိမှတ်ပြုကြတာ'' ဟု  Benjamin Zawacki  က ပြောသည်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အနည်းဆုံး ၁၇ ဖွဲ့ အပစ်ခတ်ရပ်စဲခဲ့သည်ဟု စစ်အစိုးရက ကြေညာထားသော်လည်း အဖွဲ့အချို့မှာ အမည်ခံသာဖြစ်သည်ဟု လေ့လာသူများက ပြောသည်။

ထိုအနက်မှ အဓိကကျသော အင်အား ၂ သောင်းရှိ ဝ' ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)၊ ကချင်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ (KIO)၊ ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) (SSA-North)၊ မိုင်းလားအဖွဲ့ ခေါ် ရှမ်းပြည်အရှေ့ပိုင်းရှိ အထူးဒေသ ၄ ၊ မွန်ပြည်သစ်ပါတီတို့က နိုင်ငံရေးအာမခံချက် မရှိမချင်း လက်နက်ကိုင်တပ်ကိုစွန့်ရန် ငြင်းပယ်ထားကြသည်။

တိုင်းရင်းသားပြည်နယ် ၇ ပြည်နယ်စလုံးတွင် စစ်အစိုးရ၏ အတိုက်အခံများနှင့် တက်ကြွ လှုပ်ရှားသူများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှု ရှိနေသော်လည်း အဖွဲ့အနေဖြင့် အများဆုံး စာရင်းကောက်ယူရရှိမှုမှာ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားသည့် အမှုကိစ္စဖြစ်သည်ဟု Benjamin Zawacki က မဇ္ဈိမကို ဖြေကြားသည်။

AI က အစီရင်ခံစာ ထုတ်ပြန်ချိန်သည် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးသံတမန် သောမတ်စ် အိုဂျေး ကွင်တားနားက မြန်မာပြည်အနောက်ဘက်ခြမ်း ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီးရှိ စစ်အစိုးရက ဖိနှိပ်ရမ်းကားမှုခံရသော ရိုဟင်ဂျာများ နေထိုင်ရာဒေသကို သွားရောက်နေချိန်လည်း ဖြစ်သည်။

''နိုင်ငံရေးအကျဉ်းသား ၂၁၀၀ ကျော်ရှိနေတဲ့၊ အတိုက်အခံတွေကို ဖိနှိပ်ရမ်းကားနေတဲ့ မြန်မာနိုင်ငံမှာ ကျင်းပလုပ်မယ့် ရွေးကောက်ပွဲကတော့ ယုံကြည်ကိုးစားမှုရမှာတော့ မဟုတ်ဘူး'' ဟု Benjamin Zawacki က ပြောသည်။

 
dairrawaddy2
pegu1

title
ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၁) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၂) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၃) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၄) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၅)

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1458 guests online