စနေ, ၁၁ ဖေဖေါ်ဝါရီ ၂၀၁၂

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > သင်္ဃန်းကျွန်းဈေး မီးလောင်မှု ကျပ်သိန်း ထောင်ချီ ဆုံးရှုံး

သင်္ဃန်းကျွန်းဈေး မီးလောင်မှု ကျပ်သိန်း ထောင်ချီ ဆုံးရှုံး

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ရန်ကုန် (မဇ္ဈိမ)။    ။ ရန်ကုန် သင်္ဃန်းကျွန်းဈေး မီးလောင်မှုကြောင့် ကျပ်သိန်းပေါင်း ထောင်ချီ၍ ဆုံးရှုံးနိုင်ကြောင်း မြို့တော်စည်ပင်နှင့် ဆောက်လုပ်ရေး လုပ်ငန်းရှင်တဦးက ခန့်မှန်းပြောဆိုလိုက်သည်။

သင်္ဃန်းကျွန်းမြို့နယ် လေးထောင့်ကန်လမ်းပေါ်ရှိ သင်္ဃန်းကျွန်းဈေးသည် ယမန်နေ့ည ၇ နာရီခွဲခန့်မှ စတင်၍ ၃ နာရီခန့်ကြာ မီးလောင်ခဲ့ရာ ဆိုင်ခန်းပေါင်း ၈ဝဝ နီးပါးအနက် ၆၅ဝ ကျော် လောင်ကျွမ်း ပျက်စီးခဲ့သည်။

''စည်ပင်အင်ဂျင်နီယာတွေအနေနဲ့ ဈေးတွေကို တည်ဆောက်တဲ့အခါ အနည်းဆုံး (ကျပ်) သိန်း ၁၀၀၀ ကျော် သုံးရတယ်။ ဒီဈေးက ခန့်မှန်းခြေ သိန်း ၁ဝဝဝ ကျော်လောက် ကုန်ခဲ့ပါတယ်။ ဒါပေမဲ့ ဆိုင်ပိုင်ရှင်တွေ အတွက်က ဆုံးရှုံးမှုတွေ ဒုနဲ့ဒေးပဲ နေမှာပါ။ ကုန်တွေကို ဈေးသိမ်းရင် အိမ်ကို ပြန်သယ်ကြတာမှ မဟုတ်တာလေ'' ဟု ရန်ကုန် မြို့တော်စည်ပင် အရာရှိတဦးက ပြောသည်။

ဆောက်လုပ်ရေး လုပ်ငန်းရှင်တဦးကပါ ထိုကဲ့သို့ ခန့်မှန်းပြောဆိုသော်လည်း ရန်ကုန်တိုင်း မီးသတ်ဌာနကမူ ဆုံးရှုံးမှု တန်ဖိုးမှာ ၄၇ သိန်းကျော်သာဖြစ်ကြောင်း တရားဝင် ပြောဆိုသည်။

လွန်ခဲ့သည့် ၁၅ နှစ်ခန့်ကတည်းက တည်ဆောက်ခဲ့သည့် သင်္ဃန်းကျွန်းဈေးကြီးသည် ရန်ကုန် စည်ပင်ပိုင်ဈေး ၁၆၈ ဈေးအနက် (ခ) အဆင့်ရှိ ဈေးအဖြစ် စည်ပင်က သတ်မှတ်ထားသည်။

ဈေးထဲတွင် ရွှေဆိုင်၊ အထည်ဆိုင်၊ အပ်ချုပ်ဆိုင်၊ ဂက်စ်အိုး အသေးစား ရောင်းချသည့် ဆိုင်များ၊ ဟင်းသီးဟင်းရွက်ဆိုင်၊ အသားငါးဆိုင်များနှင့် ကုန်ခြောက်ဆိုင်များ ဖွင့်လှစ်ရောင်းချခဲ့သည်။

စိုးလွင်လွင်နှင့် ကိုလတ် ကုန်ခြောက်ဆိုင် နှစ်ဆိုင်ကြားရှိ လုံခြုံရေးမီးတွင် လျှပ်စစ်ဝါယာရှော့ခ်ဖြစ်ကာ မီးလောင်ခဲ့ရာ ဈေးအနီး နေအိမ်နှစ်လုံးပါ မီးကူးစက်လောင်ကျွမ်းကြောင်းနှင့် ဈေးတာဝန်ခံ ဦးမျိုးသက်ကို ဖမ်းဆီးထားပြီး တရားစွဲမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း မီးသတ်တပ်ဖွဲ့အဆိုအရ သိရသည်။

ရန်ကုန် ဗဟိုမီးသတ် အရာရှိတဦးက ''ဈေးပိတ်ရက်ကြီးမှာ မီးလောင်တယ်ဆိုတာ ဈေးတာဝန်ခံရဲ့ ပေါ့ဆမှုပဲ။ ဈေးတာဝန်ခံဆိုတာ ဈေးနဲ့ပတ်သက်တဲ့ အရာအားလုံးကို တာဝန်ယူရတဲ့သူ ဖြစ်တယ်။ ကိုယ်တာဝန်ယူနေရတဲ့ ဈေးရဲ့ အနေအထားကိုပေါ့၊ ဥပမာ လျှပ်စစ်ကြိုးတွေ အနေအထား စစ်ဆေးသင့်တယ်။ ပြီးတော့ ပွင့်လင်းရာသီ ရောက်လာပြီဖြစ်လို့ ဈေးတွေမှာ မီးဘေးနဲ့ ပတ်သက်ပြီးတော့ ဘာတွေလိုလဲဆိုတာ ကြိုတင်လုပ်ထားသင့်တယ်'' ဟု ဆိုသည်။

မြို့တော်စည်ပင် အရာထမ်းတဦးကမူ ''ဈေးက ကြာနေပြီလေ။ အဲဒီတော့ ပြန်ပြီး ဆောက်ရမှာပါ။ အခု ဈေးတွေကို အဆင့်မြှင့်မယ့် စီမံကိန်းရှိလျက်နဲ့ မမြှင့်တာက ဈေးတာဝန်ခံ အပြစ်လားဗျာ။ တကယ်ဖြစ်တော့ ဈေးတာဝန်ခံက ခံရတာ'' ဟု ပြောသည်။

ဆောက်လုပ်ရေး လုပ်ငန်းရှင်က ''ဈေးတဈေးဟာ မီးဘေးကင်းဖို့ အလိုအလျောက် မီးငြှိမ်းသတ်နိုင်တဲ့ စနစ် မပါရင် နေပါစေ။ မီးအန္တရာယ် ကျရောက်တော့မယ်ဆိုရင် အချက်ပေးတဲ့ စနစ်ကို လုပ်ထားသင့်တယ်။ အခု ရန်ကုန်မှာရှိတဲ့ ဈေးတွေက အဲဒီလိုတွေ မတွေ့ရဘူး။ ပုဂ္ဂလိကက ပြန်ဆောက်ခွင်ရတဲ့ ဥပမာ၊ ကမ္ဘာအေး ဂမုန်းပွင့်ကုန်တိုက်ရှိတဲ့ ကမ္ဘာအေးဈေးလိုမျိုး စည်ပင်နဲ့ ပူးပေါင်းဆောက်တာမျိုး ဆိုရင်တော့ ပါတယ်လေ'' ဟု အကြံပြုပြောဆိုသည်။

သင်္ဃန်းကျွန်းဈေးမီးလောင်နေသည့်ပုံ


(ရဲရင့်အောင် တည်းဖြတ်သည်။)


 
dairrawaddy2
pegu1

title
ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၁) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၂) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၃) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၄) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၅)

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1457 guests online