တနင်္လာ, ၁၅ မတ် ၂၀၁၀

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > ရွေးကောက်ပွဲမတိုင်မီ ဒေါ်စုကို လွှတ်ရန် အတိုက်အခံများ ပြော

ရွေးကောက်ပွဲမတိုင်မီ ဒေါ်စုကို လွှတ်ရန် အတိုက်အခံများ ပြော

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်


နယူးဒေလီ (မဇ္ဈိမ)။      ။ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆွေးနွေးရန် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ၂ဝ၁ဝ ရွေးကောက်ပွဲမတိုင်မီ လွှတ်ပေးသင့်ကြောင်း ပြည်တွင်းရှိ အတိုက်အခံ နိုင်ငံရေးသမားများက ပြောဆိုလိုက်သည်။

ထိုအထဲတွင် ဝါရင့်အတိုက်အခံ နှစ်ဦးနှင့် နိုင်ငံရေးပါတီတရပ်မှ ခေါင်းဆောင်တဦး ပါဝင်သည်။

ယခုလ ၂၁ ရက်နေ့တွင် မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့၌ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးက ဒေါ်အောင်ဆန်းစုကြည်ကို ယခုနှစ် နိုဝင်ဘာလတွင် လွှတ်ပေးမည်ဟု ပြောဆိုခဲ့သည့်အပေါ် ၎င်းတို့က ယခုလို တုံ့ပြန်ပြောကြားခြင်း ဖြစ်သည်။

“ဗိုလ်ချုပ်မောင်ဦး စကားအတိုင်းဆိုရင် နိုဝင်ဘာမှာ လွှတ်မယ်လို့ ပြောခြင်းအားဖြင့် နိုဝင်ဘာလ မတိုင်မီ မလွတ်ဘူးဆိုတဲ့သဘော ဖြစ်နေတယ်။ နိုဝင်ဘာလထက် စောလွှတ်ပေးပါ။ ရွှေဂုံတိုင် ကြေညာချက်မှာ တောင်းဆိုထားတဲ့အတိုင်း ဒေါ်စုနဲ့ တွေ့ဆုံဆွေးနွေးပွဲ လုပ်ဖို့ကို ဆောင်ရွက်ပါ။ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပဖို့ လိုအပ်တယ်” ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဦးဝင်းတင်က မဇ္ဈိမကို ပြောသည်။

ရွှေဂုံတိုင်ကြေညာချက်မှာ ၂ဝဝ၉ ခုနှစ် ဧပြီလနှောင်းပိုင်းတွင် တိုင်းနှင့် ပြည်နယ် ပါတီကိုယ်စားလှယ်များဖြင့် ရန်ကုန်ရှိ အန်အယ်ဒီ ရုံးချုပ်တွင် ကျင်းပခဲ့သည့် မျက်နှာစုံ အစည်းအဝေးမှ ပေါ်ထွက်လာခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ တွေ့ဆုံဆွေးနွေးမှသာလျှင် မြန်မာပြည် နိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်ကာ ရွေးကောက်ပွဲပြီးမှ လွှတ်မည်ဆိုပါက မည်သို့မှ ဆွေးနွေးနိုင်မဟုတ်ဟု သူက ဆိုသည်။

ဝါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းကလည်း ဒေါ်စုကို အမြန်ဆုံး လွှတ်ပေးကာ စစ်ခေါင်းဆောင်များနှင့် ဆွေးနွေးပွဲ လုပ်သင့်ကြောင်းနှင့် ပြန်လွှတ်မပေးဘဲ ရွေးကောက်ပွဲလုပ်ပါက တရားမျှတသည့် ရွေးကောက်ပွဲအဖြစ် သတ်မှတ်ရန် ခဲယဉ်းလိမ့်မည်ဟု သုံးသပ်သည်။

အလားတူပင် UDP ခေါ် ဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေး ဒေါ်ချိုချိုကျော်ငြိမ်းတွင်လည်း ထိုသို့သော သဘောထားရှိကြောင်း သိရသည်။

“မနက်ဖြန်လွတ်ရင် ကြိုက်တယ်။ ဒီနေ့လွတ်ရင် ပိုကြိုက်တယ်။ အားလုံးကို လွတ်စေချင်တယ်။ သူတို့ကို တရက်မှ ပိုမနေစေချင်ပါဘူး။ ကျမ ဒီလိုပြောချင်ပါတယ်။ မစု (ဒေါ်အောင်ဆန်းစုကြည်) က ဗိုလ်ချုပ်မှူးကြီးကို သူက စကမ်းလှမ်းထားတယ်။ တိုင်းပြည်အတွက် တတ်နိုင်သလောက် သူ့အနေနဲ့ ပူးပေါင်းလုပ်မယ်ဆိုတဲ့ အချက်တခုလို့ ကျမ နားလည်တယ်” ဟု ဒေါ်ချိုချိုကျော်ငြိမ်းက မဇ္ဈိမကို ပြောသည်။

UDP ကို ပြီးခဲ့သည့်နှစ် ဇွန်လနှောင်းတွင် ဗဟိုအလုပ်အမှုဆောင် ၁၅ ဦးနှင့် ဖွဲ့စည်းခဲ့ရာ ဝါရင့်နိုင်ငံရေးသမား ဦးသုဝေက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်းက ဒေါ်အောင်ဆန်းစုကြည်က သူမကို ပါတီ၏ ဗဟိုအလုပ်အမှုဆောင်  အဖွဲ့ဝင်များနှင့် တွေ့ဆုံခွင့်ပြုရန်၊ အသက်အရွယ်ကြီးရင့်သော ပါတီခေါင်းဆောင်များကို တွေ့ဆုံ ဂါရဝပြုခွင့်ပေးရန် ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ စာရေးသားပေးပို့ကာ မေတ္တာရပ်ခံခဲ့သည်။

စာထဲတွင် မြန်မာနိုင်ငံအပေါ် ချမှတ်အရေးယူထားသော ပိတ်ဆို့ဒဏ်ခတ်မှုများ လျော့ပါး သက်သာရေး အတွက် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို ဆွေးနွေးနိုင်ရန် ဗိုလ်ချုပ်မှူးကြီးနှင့် မျက်နှာချင်းဆိုင် တွေ့ဆုံခွင့်ပေးရန်ပါ တောင်းဆိုခဲ့သည်။

ထိုပေးစာနောက်ပိုင်း စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်နှင့် ၃ ကြိမ်တိုင် တွေ့ဆုံစေခဲ့သော်လည်း ဗိုလ်ချုပ်မှူးကြီးနှင့် ယနေ့တိုင် တိုက်ရိုက်တွေ့ဆုံခြင်း မရှိသေးသလို၊ ၂ဝ၁ဝ ခုနှစ်အတွင်း ရွေးကောက်ပွဲများ ကျင်းပမည်ဟုသာ စစ်ခေါင်းဆောင်က ထပ်မံပြောဆိုခဲ့သည်။ သို့သော်  ရွေးကောက်ပွဲ ဥပဒေကိုပါ ထုတ်ပြန်ခြင်း မရှိသေးပါ။

၂ဝဝ၈ ခုနှစ် မေလအတွင်း စစ်အစိုးရက အတင်းအကျပ် ပြဋ္ဌာန်းခဲ့သည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေထဲတွင် နိုင်ငံခြားသားနှင့် လက်ထပ်ထိမ်းမြားသူ၊ နိုင်ငံခြားသားနှင့် ရရှိသည့် သားသမီးများ ရှိသူအနေဖြင့် တိုင်းပြည်၏ သမ္မတအဖြစ် ရွေးကောက်ခံပိုင်ခွင့် မရှိကြောင်း ဖော်ပြထားသည်။

သခင်ချန်ထွန်းက ''နိုင်ငံတကာ ပြောနေတဲ့အတိုင်း ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပြီးတော့ ရွေးကောက်ပွဲမှာ ပါဝင်ရွေးကောက်ခံဖို့ လိုအပ်သလို၊ နိုင်ငံရေးအကျဉ်းသမား အားလုံး လွှတ်ပေးဖို့ လိုအပ်ပါတယ်” ဟု ပြောသည်။

ဦးဝင်းတင်က “ဒေါ်စုက တိုင်းရင်းသားတွေအရေးကို နားလည်တဲ့ ပုဂ္ဂိုလ်၊ တိုင်းသားတွေနဲ့ လက်တွဲပြီးတော့ လုပ်လာတဲ့ အစဉ်အလာရှိတဲ့ ပုဂ္ဂိုလ်၊ တိုင်းရင်းသားနဲ့ အန်အယ်ဒီအကြား ဆက်စပ်ပြီးတော့ လုပ်နေတဲ့ ပုဂ္ဂိုလ်၊ နိုင်ငံတကာမှာ အားပေးနေတဲ့ ပုဂ္ဂိုလ်ဆိုတော့ ဒေါ်စုကို စောပြီး လွှတ်ပေးခြင်းအားဖြင့် နိုင်ငံတကာက ဖိအားပေးမှုတွေ လျော့ပါးလာနိုင်တယ်” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသား ၂၁ဝဝ ကျော်ရှိကြောင်း ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) က ပြောဆိုထားသည်။

(ရဲရင့်အောင် တည်းဖြတ်သည်။)


 

Donation

Email Subscribtion

Input Anti-Spam code.
777
Name:
Email:

Who is Online

We have 302 guests online

Editor's choice

ရွေးကောက်ပွဲ ဥပဒေက ပြည်ပနေ မြန်မာများအတွက် ပီပြင်မှု မရှိ

စစ်အစိုးရ၏ ရွေးကောက်ပွဲဥပဒေက စီးပွားရေးနှင့် နိုင်ငံရေးကြောင့် ပြည်ပတွင် ပြန့်နှံ့ရောက်ရှိနေသော မြန်မာသန်းပေါင်းများစွာ၏ ...

မြန်မာရွေးကောက်ပွဲ ဥပဒေကို စိတ်ပျက်လှကြောင်း အမေရိကန်ပြော

စစ်အစိုးရ၏ ရွေးကောက်ပွဲဥပဒေက အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ၂၁၀၀ ကျော်သော နိုင်ငံရေး ...

အမွန်းကျပ်ဆုံး အချိန်

ယခင်အာဏာရှင် ဦးနေဝင်းအစိုးရလက်ထက် ဖျက်သိမ်းခံလိုက်ရသော ဟံသာဝတီ သတင်းစာ၏ အယ်ဒီတာ၊ အမျိုးသားဒီမိုကရေစီ ...

ဘန်ကောက်ကို လေဖြတ်အောင် လုပ်ရန် ရှပ်နီများကြံ

ယခုသီတင်းပတ်ကုန်များတွင် အစိုးရဆန့်ကျင်ရေး လူထုဆန္ဒပြပွဲများ ပေါ်ပေါက်နိုင်သဖြင့် ထိုင်းနေပြည်တော်မှာ အရေးပေါ် ...