စနေ, ၁၁ ဖေဖေါ်ဝါရီ ၂၀၁၂

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > ဘောပွဲရန်ဖြစ် လုံခြုံရေး အင်အား ၁၀၀ ကျော် အသုံးပြု

ဘောပွဲရန်ဖြစ် လုံခြုံရေး အင်အား ၁၀၀ ကျော် အသုံးပြု

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္ဈိမ) ။      ။ Myanmar National League-MNL နောက်ဆုံးပွဲစဉ်တွင် ပြိုင်ဘက် ၂ သင်း ပရိတ်သတ်အကြား ရန်ပွဲများ ဖြစ်ပွားသဖြင့် စစ်တပ်နှင့်ရဲ အင်အား ၁၀၀ ကျော် အသုံးပြုခဲ့ရကြောင်း သင်္ဃန်းကျွန်း ရဲစခန်းက ပြောသည်။

ထိပ်သီး စီးပွားရေး လုပ်ငန်းရှင်ကြီးများပိုင်သည့် MNL နောက်ဆုံးပွဲစဉ်အား ပြီးခဲ့သည့် ၁၇ ရက်နေ့က ရန်ကုန်မြို့ သုဝဏ္ဏအမျိုးသား အားကစားကွင်းတွင် ရန်ကုန်ကိုယ်စားပြု Yangon United FC နှင့် မန္တလေး ကိုယ်စားပြု Yadanarbon FC တို့ ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။
Yanman
ထိန်းသိမ်းပေးသူ လုံခြုံရေး တပ်ဖွဲ့ဝင်များကို တန်ပြန်ရန်ပြုသူများနှင့် ခိုက်ရန်ဖြစ်နေသူအချို့ကို ခေတ္တ ထိန်းသိမ်းခဲ့ရသည်ဟု ရဲအရာရှိက ပြောသည်။

“တပ်နဲ့ရဲနဲ့ တရာကျော်လောက် သွားလိုက်ရတယ်။ တပ်ရင်းအဖွဲ့တွေက အယောက် ၄၀ လောက်ပါ တယ်။ ကျန်တာ ကျနော်တို့ ရဲတွေပါ။ ရန်ဖြစ်တာတော့ မှန်ပါတယ်။ ဖြစ်တာတော့ ရန်ကုန်က စလုပ်တာပါ။ ရန်ပြန်ပြုတဲ့လူတွေနဲ့ သောင်းကျန်းနေတဲ့ တချို့ကိုတော့ ခေတ္တပုံစံနဲ့ ထိန်းသိမ်းလိုက်ရတာပေါ့” ဟု သူက မဇ္ဈိမကို ပြောသည်။

ရန်ကုန်အသင်း ပရိတ်သတ်များသည် ပွဲအပြီး အပြန်လမ်းတွင် သုဝဏ္ဏကုန်းကျော်တံတားကို ပိတ်ဆို့ကာ ရတနာပုံ ပရိတ်သတ်များအား ရိုက်နှက် ထိုးကြိတ်မှုများပြုလုပ်ခဲ့ကြောင်း ပြည်တွင်းအားကစား သတင်းထောက် တဦးက မဇ္ဈိမကို ပြောသည်။ ရန်ပွဲကြောင့် နှစ်ဖက် ထိခိုက် ဒဏ်ရာရသူများကြောင်း သိရသည်။
Yanman1
ရန်ကုန်အသင်း ဥက္ကဌ ဖြိုးတေဇ ကလည်း “ပရိသတ် အချင်းချင်းလည်းကောင်း၊ လုံခြုံရေးများနှင့် လည်းကောင်း ပြဿနာများစွာဖြစ်ခဲ့ပြီး နှစ်ဘက်အသင်း ပရိသတ်များ” အတွက် နစ်နာမှုများစွာ ရှိခဲ့သည်ဟု အသင်း၏ အင်တာနက် စာမျက်နှာမှတဆင့် ဝန်ခံတောင်းပန်ခဲ့သည်။

ထိုင်းနိုင်ငံမှ ဒိုင်လူကြီး ၃ ဦးအား ငှားရမ်း ကြီးကြပ်စေခဲ့သည့် ၁၇ ရက်နေ့ပွဲတွင် ပရိတ်သတ် ၃ သောင်းခန့် လာရောက် ကြည့်ရှုကြကြောင်း၊ ရန်ကုန်ပရိသတ် ၁၅၀၀၀ ခန့်နှင့် မန္တလေး ပရိသတ် ၁၂၀၀၀ ခန့်ရှိပြီး ကျန်ပရိသတ်များမှာ ကြားပရိတ်သတ်များ ဖြစ်ကြကြောင်း MFF က ပြောသည်။  

ပြီးခဲ့သည့်နှစ် အောက်တိုဘာ (၁) ရက်နေ့က မန္တလေး ဗထူးဘောလုံးကွင်း၌ ယှဉ်ပြိုင်ခဲ့ရာ ရန်ကုန် ပရိသတ်များပါလာသည့် ရွှေမန်းမေ ယာဉ်တန်းကို ရတနာပုံ ပရိသတ်များက ခဲ၊ တုတ်၊ ပုလင်းများ ဖြင့် ပစ်ခတ်မှုကြောင့် ကား ၁၃ စီးပျက်စီးပြီး ရန်ကုန်ပရိသတ် ၇ ဦးဒဏ်ရာရခဲ့ကြောင်း ရန်ကုန်အသင်းက ဖော်ပြသည်။ 

ရန်ကုန်အသင်းနှင့် ရတနာပုံအသင်း ပိုင်ရှင်များသည် နှစ်ဖက် ပွဲစဉ်များရှိတိုင်း ၎င်းတို့၏ ပရိသတ်များကို အသင်းဝတ်စုံများ အခမဲ့ပေးခြင်း၊ ခရီး သွားလာရေးတို့အတွက် ကျပ်ငွေ သိန်းထောင်ချီပြီး အခမဲ့ စီစဉ်ပေးလေ့ ရှိကြသည်။
Yanman2
ယင်းသို့ စီစဉ်ခြင်းသည် ယခုကဲ့သို့ ရန်ပွဲများ ဖြစ်လာစေသည့် အကြောင်းရင်း တခုဖြစ်ကြောင်း အားကစား ကလောင်ရှင် ဦးခင်မောင်ထွေး (ပျဉ်းမနား)က ပြောသည်။

“ကိုယ့်အသင်း ပရိသတ်တွေကို အသင်းအင်္ကျီတွေ ပေးတာ။ အသင်း member (အဖွဲ့ဝင်) တွေကို အဲလို အဖွဲ့လိုက် ခေါ်လာတာတွေဟာ ရန်ပွဲဖြစ်မယ့် ကိစ္စမျိုးကို သက်ရောက်တယ်။ ကိုယ့်လူတွေကို တဖြည်းဖြည်းနဲ့ ထိန်းသွားဖို့တော့ လိုတယ်ပေါ့ဗျာနော်။ အဲလိုမှ အခမဲ့ ဝန်ဆောင်မှုတွေ မပေးရင်လည်း ကြည့်မယ့်လူ မရှိဘူးလေ” ဟု သူက မဇ္ဈိမကို ပြောသည်။ 

နအဖ ဗိုလ်ချုပ်များနှင့် နီးစပ်သူ ရန်ကုန် အသင်းပိုင်ရှင် ထိပ်သီး စီးပွားရေးသမား ဦးတေဇက နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သော သူ၏အသင်းအား သိန်း ၈၅၀ ချီးမြှင့်ခဲ့သဖြင့် MNL အသင်းများအနက် ဆုကြေးငွေ အများဆုံး ချီးမြှင့်ခံရသော အသင်းတစ်သင်း ဖြစ်လာခဲ့သည်။ 

(ကိုဝိုင်းတည်းဖြတ်သည်)

 
dairrawaddy2
pegu1

title
ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၁) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၂) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၃) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၄) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၅)

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1457 guests online