စနေ, ၁၁ ဖေဖေါ်ဝါရီ ၂၀၁၂

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > ဆီးဂိမ်း လက်ခံ ကျင်းပရေး မဆုံးဖြတ်သေး

ဆီးဂိမ်း လက်ခံ ကျင်းပရေး မဆုံးဖြတ်သေး

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ)။     ။ ၂၀၁၃ ခုနှစ် ဆီးဂိမ်းကို မြန်မာနိုင်ငံက ကျင်းပရန် လက်ခံလိုက်ပြီဆိုသော သတင်းများအပေါ် မဟုတ်မှန်ကြောင်း နေပြည်တော်ရှိ အားကစားဝန်ကြီးဌာနက ငြင်းဆိုကာ၊ ယခုတိုင် ဆုံးဖြတ်ချက် မချရသေးကြောင်း ပြောသည်။

မြန်မာ အင်တာနက် အားကစား ဝက်ဘ်ဆိုဒ် Soccer Myanmar နှင့် ပြည်တွင်းသတင်းဂျာနယ် 7 Day News တို့တွင် MFF မှ အဆင့်မြင့် အရာရှိတဦး၏ စကားကို ကိုးကား၍ ၂၀၁၃ ဆီးဂိမ်းကို မြန်မာက လက်ခံလိုက်ပြီဟု မကြာသေးခင်က ထုတ်ပြန်ခဲ့သည့် သတင်းများအပေါ် ဝန်ကြီးဌာန အဆင့်မြင့်အရာရှိက ယခုလို ငြင်းဆိုလိုက်ခြင်းဖြစ်သည်။

“ဆီးဂိမ်းကို လက်ခံလိုက်ပြီဆိုတာ မဟုတ်ပါဘူး။ ကျနော်တို့ဌာနက တရားဝင် ဘာမှမထုတ်ပြန်ရသေးပါဘူး။ လာမယ့် ဧပြီမှာ အင်ဒိုနီးရှားမှာလုပ်မယ့် ဆီးဂိမ်းကျင်းပရေး ကော်မတီ အစည်းအဝေးမှာ လက်ခံ၊ မခံ အကြောင်းပြန်ရမယ်။ အဲဒီကျမှ အတည်ပြုလို့ရမယ်” ဟု နေပြည်တော် အားကစား ဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိတဦးက မဇ္ဈိမကို ပြောသည်။

MFF ပြန်ကြားရေးဌာန တာဝန်ရှိသူတဦးကလည်း “ဒီကိစ္စက အားကစားဝန်ကြီးဌာနက ထုတ်ပြန်မှသာ အတည်ပြုလို့ရမယ့် ကိစ္စမျိုးတွေပါ။ ဆီးဂိမ်းမှာ ဘောလုံးတခုတည်း မဟုတ်တဲ့အတွက် ကျနော်တို့ အဖွဲ့ချုပ်က အတည်ပြုစေဦး အကြုံးမဝင်ပါဘူး။ အဖွဲ့ချုပ်က လူကြီးတွေကလည်း ဒါမျိုးပြောဆိုခြင်း မရှိပါဘူး” ဟု ပြောသည်။

မြန်မာနိုင်ငံ အိုလံပစ်ကော်မတီမှ တာဝန်ရှိသူတဦးက ၂၀၁၃ ဆီးဂိမ်းကို အိမ်ရှင်အဖြစ် စင်္ကာပူက လက်မခံတော့သဖြင့် ပြီးခဲ့သည့် နှစ်ပေါင်း ၄၀ ခန့်အကြာတွင် တကြိမ်မျှ မကျင်းပရသေးသည့် မြန်မာကို လက်ခံရန် ကျန်အဖွဲ့ဝင် နိုင်ငံများက ဝိုင်းဝန်းတိုက်တွန်းကြကြောင်းနှင့် ကော်မတီအနေဖြင့် ပြိုင်ပွဲ ကျင်းပရေးအတွက် လိုအပ်ချက်များကို အာဏာပိုင်များထံ တင်ပြရန် စီစဉ်နေဆဲဖြစ်ကြောင်း ပြည်တွင်း Eleven ဂျာနယ်ကို ပြောဆိုခဲ့သည်။

Soccer Myanmar ဝက်ဘ်ဆိုဒ်နှင့် ပြည်တွင်း ဂျာနယ် 7 Day News တွင် ဖော်ပြထားသည့် သတင်းများ၌ ယခုလ ၁၆ ရက်နေ့က ဆီးဂိမ်းကို လက်ခံရန် မြန်မာက အတည်ပြုလိုက်ခြင်းဖြစ်ပြီး နေပြည်တော်တိုင်းတွင် ကျင်းပသွားမည်ဟု ဖော်ပြထားသည်။

မြန်မာနိုင်ငံအနေဖြင့် ၂၀၁၃ ဆီးဂိမ်းကို လက်ခံကျင်းပနိုင်သည့် အနေအထားရှိကြောင်း ပြည်တွင်း အားကစား ကလောင်ရှင် ဦးကိုကိုကြီးက သုံးသပ်သည်။

“မြန်မာက ဆီးဂိမ်းကို လက်ခံမယ်ဆိုရင် ဖြစ်နိုင်တဲ့ အနေအထားရှိပါတယ်။ အရင်ကလည်း ၂ ကြိမ် ကျင်းပခဲ့ဖူးတဲ့ အတွေ့အကြုံလည်း ရှိတယ်။ ပွဲလုပ်မယ့် အချိန်ကလည်း ၃ နှစ်ကျော် လိုသေးတယ်ဆိုတော့ ဖြစ်အောင်လုပ်မယ်ဆိုရင် ဖြစ်နိုင်ပါတယ်” ဟု သူက ပြောသည်။

မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ အားကစားပွဲ - ဆီးဂိမ်း (ယခင်အမည် အရှေ့တောင်အာရှ ကျွန်းဆွယ် အားကစားပြိုင်ပွဲ) ကို ၁၉၆၁ နှင့် ၁၉၆၉ ခုနှစ်များတွင် အိမ်ရှင်အဖြစ် ရန်ကုန်မြို့၌ လက်ခံကျင်းပခဲ့ရာ ၁၉၆၁ ခုနှစ် ပြိုင်ပွဲတွင် ရွှေတံဆိပ် ၃၅ ခု အပါအဝင် ဆုတံဆိပ်ပေါင်း ၁ဝ၄ ခုနှင့် ၁၉၆၉ ခုနှစ် ပြိုင်ပွဲတွင် ရွှေတံဆိပ် ၅၇ ခု အပါအဝင် ဆုတံဆိပ်ပေါင်း ၁၄၉ ခုဖြင့် ဆုတံဆိပ် ရရှိမှုတွင် ပထမအဆင့်၌ နှစ်ကြိမ်တိုင် ရပ်တည်နိုင်ခဲ့သည်။

ဆီးဂိမ်း ကျင်းပမည်ဆိုပါက သက်ဆိုင်ရာ ပြိုင်ပွဲများအတွက် အားကစားကွင်းများ၊ အားကစားရုံများ၊ အားကစားသမားများ တည်းခိုရန် နေရာများ တည်ဆောက်ရန် လိုအပ်မည့်အပြင် ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်တွင်း အားကစားသမားများကိုလည်း နိုင်ငံတကာ အဆင့်မီ နည်းပြများ ငှားရမ်းကာ လေ့ကျင့်ပြုစုပျိုးထောင်ပေးရန် လိုအပ်ကြောင်း အားကစား ကလောင်ရှင်က ဆိုသည်။

ဆီးဂိမ်းလုပ်ဖြင့် ရရှိလာနိုင်သည့် အကျိုးကျေးဇူးများအပေါ် ဦးကိုကိုကြီးက “မလုပ်ဖြစ်တာ နှစ်ပေါင်း ၄ဝ ရှိနေပြီဆိုတော့ လုပ်ဖြစ်လာရင် ခရီးသွားလုပ်ငန်းတွေလည်း တိုးတက်မယ်။ အားကစားသမားကောင်းတွေလည်း ပေါ်ထွက်လာမယ်။ အဓိကကတော့ နိုင်ငံရဲ့ သိက္ခာပေါ့ဗျာ။ ဆီးဂိမ်း ကျင်းပနိုင်ရင် ဂုဏ်တက်တာပေါ့” ဟု ပြောသည်။

နေပြည်တော် ဇဗ္ဗူသီရိမြို့နယ် ပညာသိဒ္ဓိရပ်ကွက်တွင် ၆၆ ဧက ကျယ်ဝန်းကာ ပွဲကြည့်ခုံ အလုံးရေ ၃ သောင်းဆန့် “ဇဗ္ဗူသီရိ” အားကစားကွင်းနှင့်  ပုဗ္ဗသီရိမြို့နယ် တိုက်ချောင်းရွာ အနီးတွင် ဧက ၁၀၀ ကျယ်ဝန်းသော အားကစားကွင်း တကွင်းကို မက်စ်မြန်မာ ကုမ္ပဏီက ပုံစံတူ တည်ဆောက်လျက်ရှိရာ ဇဗ္ဗူသီရိကွင်း ရတနာပန္နက်တင် မင်္ဂလာ အခမ်းအနားကို ယခုလ ၁၃ ရက်နေ့တွင် ကျင်းပခဲ့သေးသည်။

(ရဲရင့်အောင် တည်းဖြတ်သည်။)

 
dairrawaddy2
pegu1

title
ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၁) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၂) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၃) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၄) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၅)

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1443 guests online