နယူးဒေလီ (မဇ္ဈိမ)။ ။ မန္တလေးတိုင်း ကိုယ်စားပြု ရတနာပုံအသင်းသည် ယမန်နေ့က ကျင်းပသည့် မြန်မာနေရှင်နယ်လိဂ် MNL ပွဲစဉ်အပြီးတွင် ချန်ပီယံဆုကို ထပ်မံ ဆွတ်ခူးနိုင်ခဲ့ပြီဖြစ်သည်။
ဦးဆောင်သူ ရတနာပုံအသင်းနောက် ၃ မှတ်အကွာတွင် ရပ်တည်လျက်ရှိသည့် Delta ယူနိုက်တက်သည် ဥဿာယူ နိုက်တက်ကို ယမန်နေ့ပွဲစဉ်တွင် ၁ ဂိုး၊ ဂိုးမရှိဖြင့် ရှုံးနိမ့်သွားသဖြင့် ၎င်းက ချန်ပီယံဆုကို ထပ်မံရရှိသွားသည်။
“ဒီလို ၂ ကြိမ်ဆက်တိုက် ချန်ပီယံဘွဲ့ ဆွတ်ခူးနိုင်ခဲ့တဲ့အတွက် ဝမ်းသာပါတယ်။ ပင်ပန်းရကျိုးနပ်တာပေါ့ဗျာ။ အောင်မြင်ခဲ့ရတာတော့ ဥက္ကဋ္ဌက အစ၊ အုပ်ချုပ်သူ၊ ဘောလုံးသမားတွေရော၊ ပရိသတ်တွေရော အားလုံးဝိုင်းပြီး ပံ့ပိုးပေးခဲ့ကြလို့ပါ” ဟု ရတနာပုံအသင်းမှ တာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောသည်။
ရတနာပုံအသင်းသည် ရန်ကုန်ယူနိုက်တက်နှင့် မနက်ဖြန်တွင် ယှဉ်ပြိုင်ရန် တပွဲကျန်ရှိသော်လည်း Delta ၏ အရှုံးကြောင့် ပြိုင်ပွဲအားလုံး မပြီးမီ ယခုလို ဗိုလ်စွဲခဲ့ခြင်း ဖြစ်သည်။
ပထမအကြိမ် MNL ပြိုင်ပွဲတွင် ရတနာပုံအသင်း၏ အဓိက ပြိုင်ဘက်ဖြစ်ခဲ့သည့် ရန်ကုန် ယူနိုက်တက်အသင်းမှာ ယခုပြိုင်ပွဲတွင် (ရတနာပုံ) ချန်ပီယံအသင်းအောက် ၉ မှတ်အကွာဖြင့် အမှတ်ပေးဇယားတွင် အဆင့် ၄ နေရာ၌ ရပ်တည်လျက်ရှိသည်။
ပြီးခဲ့သည့်နှစ် မေလနှင့် ဇူလိုင်လအတွင်း ကျင်းပခဲ့သော MNL ပြိုင်ပွဲတွင်လည်း ရတနာပုံအသင်းက ဗိုလ်စွဲခဲ့ပြီး၊ ယင်းနှစ် စက်တင်ဘာလတွင် အမှတ်ပေးပတ်လည်စနစ်ဖြင့် ထပ်မံကျင်းပလာခဲ့သည့် ယခု MNL ပြိုင်ပွဲတွင်ပါ ဆက်တိုက် ဗိုလ်စွဲခဲ့ခြင်း ဖြစ်သည်။
ရတနာပုံအသင်းပိုင်ရှင်သည် လွယ်ဟိန်းကုမ္ပဏီပိုင်ရှင် ဒေါက်တာစိုင်းဆမ်ထွန်းဖြစ်ပြီး အသင်းအုပ်ချုပ်သူမှာ ဦးစိုးမိုးလှိုင်ဖြစ်သည်။ အသင်းနည်းစနစ် ဒါရိုက်တာမှာ ဘယ်လ်ဂျီယံလူမျိုး Mr.Robert နှင့် နည်းပြချုပ်အဖြစ် ပြင်သစ်လူမျိုး Mr.Roham Girard က တာဝန်ယူထားသည်။
ဒုတိယမြောက် MNL ပြိုင်ပွဲ၏ နောက်ဆုံးပွဲစဉ်အဖြစ် မနက်ဖြန်တွင် ရန်ကုန်မြို့ သုဝဏ္ဏကွင်း၌ ရတနာပုံနှင့် ရန်ကုန်အသင်းတို့ ယှဉ်ပြိုင်ကစားကြမည်။
MNL ပြိုင်ပွဲ လက်ရှိ ရပ်တည်မှုဇယား
| စဉ် | အသင်း | ပွဲ | ရမှတ် |
| ၁ | ရတနာပုံ | ၁၃ | ၂၉ |
| ၂ | Delta Utd | ၁၄ | ၂၆ |
| ၃ | ကမ္ဘောဇ | ၁၃ | ၂၁ |
| ၄ | ရန်ကုန် ယူနိုက်တက် | ၁၃ | ၂၀ |
| ၅ | ဇေယျာရွှေမြေ | ၁၄ | ၁၇ |
| ၆ | ဥဿာ | ၁၄ | ၁၅ |
| ၇ | မကွေး | ၁၃ | ၁၄ |
| ၈ | Southern Myanmar | ၁၄ | ၈ |







