ချင်းမိုင် (မဇ္ဈိမ)။ ။ Myanmar National League တွင် နောက်ထပ် အနည်းဆုံး အသင်း ၃ သင်း ထပ်တိုးလာရာ ပရော်ဖက်ရှင်နယ် စနစ်သို့ ပြောင်းလဲလာပြီးနောက် အမြင့်ဆုံးလိဂ်တွင် ဘောလုံးကလပ် အသင်း ၁၁ သင်းရှိသွားပြီဖြစ်သည်ဟု မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် MFF က ပြောသည်။
ဇွဲကပင် ယူနိုက်တက်၊ ACE နှင့် မနောမြေတို့ ပါဝင်ပြီး နောက်ထပ် တသင်းကိုလည်း ထပ်တိုးချဲ့ရန် လျာထားပြီးဖြစ်ရာ လာမည့် ဘောလုံးရာသီတွင် MNL အောက်တွင် ၁၂ သင်း ယှဉ်ပြိုင်ကစားဖွယ်ရှိသည်။
“ ၁၁ သင်းကတော့ သေချာနေပြီ။ ကရင်ပြည်နယ် ကိုယ်စားပြု ဇွဲကပင် ယူနိုက်တက်ရယ်။ နေပြည်တော် ကိုယ်စားပြု ACE ရယ်။ ကချင်ပြည်နယ် ကိုယ်စားပြု အသင်းကတော့ မနောမြေပေါ့နော်” ဟု MFF မှ တာဝန်ရှိသူ တဦးက မဇ္ဈိမကို ပြောသည်။
ဇွဲကပင် ယူနိုက်တက် အသင်းကို ဆောက်လုပ်ရေး လုပ်ငန်းရှင် တဦးဖြစ်သည့် ဦးလှဌေး (ဌေးမိသားစု) က ပိုင်ဆိုင်ပြီး ACE အသင်းကို ACE ဆောက်လုပ်ရေး ပိုင်ရှင် ဦးတင့်ဆန်းက တည်ထောင်သည်။
ကချင်ပြည်နယ် ကိုယ်စားပြု မနောမြေအသင်းကို ကချင်ပြည်နယ် အထူးဒေသ (၁) အခြေစိုက် ဆန်းလင်း သွင်းကုန်/ထုတ်ကုန် ကုမ္ပဏီက ပိုင်သည်။
ကျန်တသင်းကို ကချင်ပြည်နယ်မှ လုပ်ငန်းရှင် တယောက်ယောက်အတွက် လျာထားခြင်း ဖြစ်ကြောင်း ဘောလုံးအဖွဲ့ချုပ်မှ အရာရှိတဦးက ပြောသည်။
ယခင်က ဒုတယိတန်းလိဂ်ဖြစ်သော ပထမတန်း ကလပ်အသင်း SARA ကို ဇွဲကပင် ယူနိက်တက်ဟူ၍ ပြောင်းလဲလိုက်ခြင်း ဖြစ်သည်။
Professional အနေဖြင့် ယခင်ကစားခဲ့သည့် ၂ ရာသီလုံးတွင် ဝန်ကြီးဌာန လက်အောက်ခံ မြန်မာ့ လက်ရွေးစင် ကစားသမား အများအပြား ပါဝင်နေခြင်းကြောင့် အရှိန်အဟုန် ကောင်းခဲ့သော်လည်း အများစုမှာ ယခုနှစ်တွင် မိခင်ဌာနသို့ ပြန်သွားကြသည်။
“အတန်း တက်လာမယ့် အသင်းသစ် တသင်းအနေနဲ့ကတော့ ကျနော်တို့လို လူ အဆင်သင့်ရှိပြီးသား အသင်း တသင်းအနေနဲ့ တောင်မှပဲ တခါတလေကျတော့ ချာလပတ် လည်တာပဲဗျာ။ သူတို့လို အသင်းတသင်းအတွက် ခက်ခဲဦးမှာပေါ့” ဟု ရန်ကုန်ယူနိုက်တက် အသင်းမန်နေဂျာ ဦးအောင်ကျော်လွင်က မဇ္ဈိမကိုပြော သည်။
လက်ရှိ ကစားနေသော မြန်မာ ပရော်ဖက်ရှင်နယ် လိဂ်ပြိုင်ပွဲတွင် ပြီးဆုံးရန် ၁ ပွဲသာ ကျန်ရှိပြီး၊ မန္တလေး ကိုယ်စားပြု ရတနာပုံ အသင်းက ၁၃ ပွဲကစား ၂၉ မှတ်ဖြင့် ထိပ်ဆုံးတွင် ရပ်တည်လျက်ရှိကာ ဒဲလ်တာ ယူနိုက်တတ်က ၂၆ မှတ်ဖြင့် ဒုတိယနေရာတွင် ရှိနေသည်။
MNL League ပြိုင်ပွဲကို မတ်လတွင် တတိယအကြိမ်အဖြစ် အသင်း ၁၂ သင်းဖြင့် ယှဉ်ပြိုင်သွားမည် ဖြစ်သော်လည်း လက်ရွေးစင် ကစားသမားများအပါအဝင် MNL တွင်ကစားနေကြသည့် ဝန်ကြီးဌာနများမှ ကစားသမား ၃၂ ဦး မိမိတို့၏ ဌာနအသီးသီးတို့ ပြန်ကြမည်ဖြစ်သဖြင့် လာမည့်ရာသီတွင် မျက်နှာသစ် ကစားသမားများဖြင့် ပွဲထွက်မည် ဖြစ်သည်။
ကလပ်အသင်း ပိုင်ရှင်
ရန်ကုန်ယူနိုက်တက် ဦးတေဇ (ထူးထရိတ်ဒင်း၊ အဲပုဂံ)ရတနာပုံယူနိုက်တက် ဒေါက်တာ စိုင်းဆမ်ထွန်း (လွယ်ဟိန်းကုမ္ပဏီ)
ဆောက်သမ်းမြန်မာယူနိက်တက် ဦးဌေးမြင့် (ယုဇန)
ဥသာယူနိုက်တက် ဦးအောင်မိုးကျော် (IBTC)
ဒဲလ်တာယူနိုက်တက် ဦးချစ်ခိုင် (ဧဒင်)
ဇေယျာရွှေမြေ ဦးဝင်းမြင့် (ရွှေနဂါးမင်း)
ကမ္ဘောဇယူနိုက်တက် ဦးအောင်ကိုဝင်း (ကမ္ဘောဇ)
မကွေးယူနိုက်တက် ဦးထွန်းမြင့်နိုင် (အေးရှားဝေါလ်)
ဇွဲကပင်ယူနိက်တက် ဦးလှဌေး (ဌေးမိသားစု)
ACE ဦးတင့်ဆန်း (ACE)
မနောမြေ ဆန်းလင်း (သွင်းကုန်၊ထုတ်ကုန်)






