ချင်းမိုင် (မဇ္ဈိမ) ။ ။ ရန်ကုန် စည်ပင် နယ်နိမိတ်အတွင်း ဆိုင်ကယ် စီးခွင့်မရသည့် ရဲဝန်ထမ်းများ တာဝန် ထမ်းဆောင်ရာ၌ အခက်ခဲရှိနေကြောင်း ရဲများက ငြီးတွား ကြသည်။
ယခုလ ၁၅ ရက်နေ့ နောက်ပိုင်းတွင် ရန်ကုန်တိုင်း စည်ပင်သာယာ နယ်နမိတ်အတွင်းရှိ လျှပ်စစ်ဌာနမှလွဲ၍ အစိုးရ ဝန်ထမ်းများ ဆိုင်ကယ် စီးနင်းခွင့် မရှိတော့ဟု ပိတ်ပင်ခဲ့ပြီးနောက် တာဝန်ကျရဲများမှာ အရေးကြုံလျင် အငှားကားများဖြင့် သွားနေရသည်။
“နေ့ခင်းပိုင်းက ဒီလောက် မဟုတ်ပေမယ့် ညရေးညတာတွေမှာတော့ အခက်ခဲရှိတာပေါ့။ အရေးအကြောင်း ရှိရင်တော့ ကားငှားသွားရတာပေါ့” ဟု ကျောက်တံတားမြို့နယ် ရဲစခန်းမှ တာဝန်ကျ ရဲဝန်ထမ်းတဦးက မဇ္ဈိမကို ပြောသည်။
လျှပ်စစ် ဓာတ်အားပေးရေး ဌာနဆိုင်ကယ် ၆၅ စီးမှလွဲ၍ ဌာနဆိုင်ရာ ဆိုင်ကယ်များ အားလုံးသည် ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ် ၃၃ မြို့နယ်အတွင်း စီးနင်းခွင့် မရှိတော့ကြောင်း အသိပေး ထုတ်ပြန်မှုများ ပြုလုပ်ခဲ့သည်။
လမ်းမတော် ရဲစခန်းမှ တာဝန်ကျရဲတဦးကလည်း “ကျနော်တို့ နယ်မြေကြတော့ နယ်မြေက ကျဉ်းတော့ စက်ဘီးနဲ့ပဲ လုပ်နေပါတယ်။ ကျနော်တို့ဆီမှာက ရဲကား သုံးစီးလည်း ရှိတယ်” ဟု သူက ပြောသည်။
ရန်ကုန်တိုင်း မြောက်ဥက္ကလာပ ရဲစခန်းမှာ တာဝန်ကျရဲ အရာရှိတဦးကလည်း “အခက်ခဲကတော့ ရှိတာပေါ့။ မစီးရတော့ဘူး ဆိုတော့လည်း အထက်ကပေးတဲ့ အမိန့်နဲ့ တာဝန်အတိုင်း ထမ်းဆောင် ရမှာပဲလေ။ ဒါပဲရှိတာပဲဟာ” ဟု သူက မဇ္ဈိမကို ပြောသည်။
ယာဉ်စည်းကမ်း ထိန်းသိမ်းရေးနှင့် ကြီးကြပ်ရေးကော်မတီမှ ထုတ်ပေးသော “ယစက” လိုင်စင်နံပါတ်ပြားပါ ပုဇွန်တောင် ရဲစခန်းမှ ဆိုင်ကယ်များမှာမူ ဆက်လက် အသုံးပြုခွင့်ရနေကြောင်း သိရသည်။
ပုဇွန်တောင် ရဲအရာရှိတဦးက “ရန်ကုန်စည်ပင် နယ်နမိတ်အတွင်းမှာတော့ ယစက နံပါတ်တွေ စီးနေကြ တာပဲ။ လိမ္မော်ရောင်ပေါ့။ ဝန်ထမ်း မှန်သမျှ ဒီအရောင်ပဲ စီးနေကြတာပဲဟာ။ ကျနော်တို့လည်း အခုလက်ရှိ စီးနေတာပဲ” ဟု မဇ္ဈိမကို ပြောသည်။
ရန်ကုန်မြို့ခံ တဦးကလည်း “အစကတော့ လျှပ်စစ်ကလွဲလို့ ဘာမှမစီးရတော့ဘူး လိုလိုနဲ့။ ကျနော် ရုံးအပြန် ပြည်လမ်းမပေါ်မှာတော့ တွေ့နေတာပဲ။ ရဲဝတ်စုံနဲ့ ဆိုင်ကယ်အဝါကို စီးနေတာ” ဟု မဇ္ဈိမကို ပြောသည်။
လသာ ရဲစခန်းမှ တာဝန်ကျ ရဲဝန်ထမ်း တဦးကမူ ယစက နံပါတ်များကိုလည်း ရန်ကုန် နယ်နိမိတ် အတွင်း၌ အသုံးပြုခွင့် ပိတ်ထားကြောင်း သို့သော် ၎င်းတို့သည်လည်း နေ့ခင်းပိုင်၌ အသုံးမပြုပဲ ညပိုင်း ဧည့်စာရင်း စစ်ခြင်း၊ ကင်းလှည့်ခြင်းတို့အတွက် ဆက်လက် သုံးနေသေးကြောင်း ပြောသည်။
ယာဉ်စည်းကမ်း ဖောက်ပြီး မကြာခဏ ယာဉ်တိုက်မှုများ ဖြစ်ပွားသောကြောင့် ဆိုင်ကယ်စီးခွင့် ပိတ်ပင်ရခြင်း ဖြစ်သည်ဟု ပို့ဆောင် ဆက်သွယ်ရေး ဝန်ကြီးဌာနက ဖော်ပြသည်။
ရန်ကုန်မြို့ စည်ပင်သာယာ နယ်နိမိတ်အတွင်း၌ စီးနင်းနေသော ဌာနဆိုင်ရာ ပေါင်းစုံမှ ဆိုင်ကယ် အစီး ၁၀၃၅ ရှိပြီး၊ ၂၀၀၉ ခုနှစ်ဆန်းမှ အောက်တိုဘာလအထိ ရန်ကုန် နယ်နိမိတ်အတွင်း၌ ဆိုင်ကယ် မတော်တဆမှုကြောင့် သေဆုံးသူ ၁၀ ဦးရှိကြောင်း သိရသည်။
ယခုကဲ့သို့ ရန်ကုန်မြို့တွင်း၌ ဆိုင်ကယ် စီးနင်းခွင့် ပိတ်ပင်ခြင်းသည် ဒုတိယအကြိမ် ဖြစ်ပြီး၊ ပြီးခဲ့သည့်နှစ် ဇူလိုင်လမှစ၍ ရန်ကုန်မြို့တော် အတွင်း၌ သာမန် အရပ်သားများအား ဆိုင်ကယ် စီးခွင့် ပိတ်ပင်ခဲ့သော်လည်း ရန်ကုန်ပြင်ပရှိ မြို့နယ် ၁၄ မြို့နယ်၌မူ ခွင့်ပြုထားခဲ့ကြောင်း သိရသည်။ နယ်မြို့များ၌လည်း ဝန်ထမ်းများနှင့် သာမန် အရပ်သားများ ဆိုင်ကယ်စီးခွင့် ရှိနေသေးသည်။
(ကိုဝိုင်းတည်းဖြတ်သည်)







