စနေ, ၁၁ ဖေဖေါ်ဝါရီ ၂၀၁၂

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > ဖျာပုံ မိုးစပါးအတွက် ကျပ်သိန်း ၅၀၀၀ ထုတ်ချေး

ဖျာပုံ မိုးစပါးအတွက် ကျပ်သိန်း ၅၀၀၀ ထုတ်ချေး

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်


နယူးဒေလီ (မဇ္ဈိမ)။     ။ နာဂစ် မုန်တိုင်းသင့် ဧရာဝတီတိုင်း မြို့နယ် ၂၆ မြို့နယ်လုံးသို့ စီးပွားရေး ကုမ္ပဏီများက မိုးစပါး ချေးငွေများ ထုတ်ပေးခဲ့ရာ ဖျာပုံမြို့နယ်တွင် ဧရာဝတီ ဖွံ့ဖြိုးတိုးတက်မှု ကုမ္ပဏီက ကျပ်သိန်း ၅၀၀၀ ထုတ်ချေးခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (တယက) ခွင့်ပြုချက်ဖြင့် ယခုနှစ် မိုးစပါးအတွက် ပထမဆုံး ချေးငွေ ထုတ်ပေးခဲ့ရာ ဖျာပုံမြို့နယ်ရှိ ကုမ္ပဏီ တခုထဲကပင်လျှင် ထိုမျှ ကုန်ကျခဲ့ကြောင်း ကုမ္ပဏီ မန်နေဂျာ အဆိုအရ သိရခြင်း ဖြစ်သည်။

“လူကြီးတွေ ပေါ်လစီချထားတာက ၂ ကျပ်တိုးမို့လို့ ကျနော်တို့လည်း ၂ ကျပ်တိုးပဲ ယူပါတယ်။ ၁ ဧက ကို ၅ သောင်းနှုန်းနဲ့ ဧက ၁ သောင်းကို ချေးခဲ့တယ်။ အနီးနားက ရွာ ၅၀ က လယ်သမား တွေကိုပေါ့။ လာမယ့် နွေစပါး စိုက်ဖို့အတွက်လည်း ထုတ်ချေးသွားဦးမှာပါ” ဟု ဧရာဝတီ ဖွံ့ဖြိုးတိုးတက်မှု ကုမ္ပဏီ မန်နေဂျာ ဦးကျော်ဝင်းသန်းက မဇ္ဈိမကို ပြောသည်။

ဖျာပုံမြို့နယ်တွင် လယ်စိုက်ဧက ၁ သိန်းနီးပါးရှိသော်လည်း ဧက ၁ သောင်းကိုသာ ကုမ္ပဏီက ချေးငွေ ပေးခဲ့ခြင်း ဖြစ်သည်။

ငွေချေးသူသည် အမှန်တကယ် လယ်ယာ ပိုင်ဆိုင်ကြောင်းနှင့် စပါးစိုက်ပျိုးကြောင်း မြို့နယ် စိုက်ပျိုးရေးရုံး၊ မြို့နယ် မြေစာရင်းရုံးနှင့် ရပ်ကွက် ရယက ထံမှ ထောက်ခံစာတို့ကို ကုမ္ပဏီထံ တင်ပြရသည်။

စစ်အစိုးရက လယ်တဧကအတွက် စိုက်ပျိုးစရိတ် အမတော် ကြေးငွေအဖြစ် ၁ ဧကလျှင် ၈၀၀၀ ကျပ် ထုတ်ချေးသော်လည်း စိုက်ပျိုး စရိတ်မှာ တဧကလျှင် ၈ သောင်း နီးပါး ကုန်ကျကြောင်း သိရသည်။
ဖွံ့ဖြိုး တိုးတက်မှု ကုမ္ပဏီကို ယုဇန ကုမ္ပဏီနှင့် အတူ ဒေသခံ စီးပွားရေးသမားများ၊ လုပ်ငန်းရှင်များ ပူးတွဲ၍ ဖျာပုံမြို့အတွက် တည်ထောင်ခဲ့ခြင်း ဖြစ်သည်။

ယခုနှစ် ဇွန်လမှစတင်၍ ဧရာဝတီတိုင်းရှိ မြို့နယ် အသီးသီးတွင် ထိုသို့သော ဒေသခံ စီးပွားရေး သမားများနှင့် စစ်အစိုးရနှင့် နီးစပ်သည့် ကုမ္ပဏီများ တွဲဖက်၍ ပူးတွဲကုမ္ပဏီများ တည်ထောင်စေကာ ဒေသခံ လယ်သမားများကို ငွေချေးခြင်း၊ မျိုးစပါးများ ကူညီစေခြင်းတို့ကို တယက က ခွင့်ပြုခဲ့သည်။

“(တိုင်း) အုပ်ချုပ်စီမံတဲ့ အဖွဲ့အစည်းကနေ ဘယ်အဖွဲ့နဲ့ ဘယ်အဖွဲ့နဲ့တော့ ပေါင်းလုပ်ကြရင် သင့်တော်မယ်ဆိုပြီး သူတို့ဖွဲ့စည်းပေးတာပါ။ အထက်က ပေါ်လစီ ချပေးတာပါ။ အဖွဲ့ထဲမှာ ကုမ္ပဏီတွေရယ်၊ ဒေသခံ တောင်သူတွေ၊ ဆန်စက်ပိုင်ရှင်တွေ၊ ရေလုပ်ငန်းရှင်တွေ၊ ဆန်ကုန်သည်တွေ ပါတယ်။ ကုမ္ပဏီတွေက ရှယ်ယာအများဆုံး ပါတာပေါ့” ဟု ဦးကျော်ဝင်းသန်းက ဆက်ပြောသည်။

ဖျာပုံတွင် ဦးဌေးမြင့်၏ ယုဇန ကုမ္ပဏီကဲ့သို့ ဘိုကလေးတွင် ဦးတေဇ၏ ထူးကုမ္ပဏီ၊ အသုတ်တွင် ဦးဇော်ဇော်၏ မက်စ်မြန်မာ၊ ဓနုဖြူတွင် ဦးချစ်ခိုင်၏ ဧဒင်၊ မအူပင်တွင် ရေဝတီနှင့် ကျိုက်လတ်တွင် ဦးဝင်းအောင်၏ ဒဂုံအင်တာနေရှင်နယ် ကုမ္ပဏီနှင့် အခြားမြို့နယ်များတွင်လည်း ကုမ္ပဏီများက ချေးငွေများ ထုတ်ပေးခဲ့သည်။

ဦးတေဇပိုင် ထူးကုမ္ပဏီ ရှယ်ယာ ထည့်ဝင်ထားသည့် ဧရာဒယ်တာ ကုမ္ပဏီကလည်း မိုးစပါး စိုက်ပျိုး ရာသီအတွက် လယ်ဧကပေါင်း ၃ သိန်းရှိသည့် ဘိုကလေးမြို့နယ်မှ လယ်သမားများကို ၁ ဧကလျှင် ကျပ် ၆ သောင်းနှုန်းဖြင့် ဧကပေါင်း ၂ သောင်း (ကျပ်သိန်းပေါင်း ၁ သောင်း ၂ ထောင်) ကို ယခုနှစ် ဇူလိုင်လတွင် ထုတ်ချေးခဲ့သည်။

ဒေသခံ အများအပြားကမူ ကုမ္ပဏီများအနေဖြင့် လယ်သမားများ လိုအပ်သည့် စိုက်ပျိုးစရိတ်ကို ယခုလို ထုတ်ချေးခြင်းမှာ လာမည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် ရည်ရွယ်၍ ကြိုတင် မဲဆွယ် စည်းရုံးခြင်း ဖြစ်နိုင်ကြောင်း ခန့်မှန်းကြသည်။

“ရွေးကောက်ပွဲအတွက် စည်းရုံးတယ်ပဲ ပြောပြောဗျာ။ ကျနော်တို့ လယ်သမားတွေအတွက် အဆင်ပြေတယ်။ နို့မို့ဆို လယ်လုပ်ရတာ လူပင်ပန်းတာထက် စိတ်ပင်ပန်းတယ်။ ပိုက်ဆံကလည်း မရှိ၊ မျိုးစပါးတွေကလည်း စားစရာမရှိလို့ စားလိုက်ကြတော့ စိုက်မယ့် အချိန်ကျ မရှိတော့ဘူး။ အခုကျတော့ စိုက်ဖို့ မျိုးစပါးကိုပါ အကြွေးပေးတယ်။ မြေဆီဝယ်ဖို့ ငွေလည်း ကူညီတယ်။ စပါးပေါ်တော့လည်း ငွေနဲ့ စပါး ကြိုက်ရာပေးလို့ ရတယ်ဗျ” ဟု ဖျာပုံဒေသခံ လယ်သမားတဦးက ပြောသည်။

“အကျိုးလိုလို့ ညောင်ရေ လောင်းတာမျိုး ဆိုရင်တော့ မကောင်းဘူးပေါ့။ ပြီးတော့ ငွေချေးတာကလည်း မြို့နဲ့နီးတဲ့ ရွာတွေပါ။ ကျနော်တို့ရွာက ခေါင်တော့ ဒါမျိုးတွေ မရပါဘူး။ ကိုယ့်ဟာကိုယ် ရုန်းကန်နေရတာပါပဲ” ဟု ဖျာပုံခရိုင် ချောင်းဝကျေးရွာမှ လယ်သမား တဦးက မဇ္ဈိမကို ပြောသည်။

စစ်အစိုးရက ၎င်းတို့နှင့် နီးစပ်သူ စီးပွားရေးသမားကြီးများကို ၂၀၁၀ ရွေးကောက်ပွဲကို ပြည်နယ်နှင့် တိုင်း အသီးသီးမှ ဝင်ရောက် ယှဉ်ပြိုင်ရန် ပြင်ဆင်ခြင်း ဖြစ်နိုင်ကြောင်း မြန်မာ့ နိုင်ငံရေး အကဲခတ်များက ယူဆကြသည်။

ပြီးခဲ့သည့်နှစ် မေလဆန်းတွင် တိုက်ခတ်ခဲ့သည့် နာဂစ် မုန်တိုင်းကြောင့် လယ်ဧက ၃ ဒဿမ ၂ သန်း အနက် စပါးစိုက်ဧက ၁ ဒဿမ ၉ သန်း (၇၈၃ ၀၀၀ ဟက်တာ) ပျက်စီးခဲ့ပြီး သိုလှောင်ထားသော မျိုးစပါး ၉၀ ရာခိုင်နှုန်းခန့် ပျက်စီး သွားခဲ့သည်ဟု ကမ္ဘာ့ စားနပ်ရိက္ခာအဖွဲ့ FAO ၏ ယမန်နှစ် နှစ်လည်ပိုင်းက ထုတ်ပြန်ခဲ့သော အစီရင်ခံစာက ဆိုသည်။ ပျက်စီးခဲ့သော လယ်ဧက ပမာဏသည် ဧရာဝတီတိုင်း တခုလုံး၏ ၆၀ ရာခိုင်နှုန်း ရှိသည်။

မုန်တိုင်းသင့် လယ်သမားများ အနေဖြင့် လယ်ယာ လုပ်ငန်းခွင် ပျက်စီး ဆုံးရှုံးမှုများ ပေါ်ပေါက်လာကာ စိုက်ပျိုးရေး အတွက်လည်း ငွေကြေး လိုအပ်ချက်များ ဖြစ်ပေါ်ခဲ့ရသည်။ နာဂစ် မုန်တိုင်းဒဏ်ကြောင့် ၂၀၀၈ ခုနှစ်က စပါးအထွက်နှုန်း အနည်းဆုံး ၃၅ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း လယ်သမားများနှင့် စီးပွားရေး ပညာရှင်များက ဆိုသည်။


 
dairrawaddy2
pegu1

title
ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၁) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၂) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၃) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၄) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၅)

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1463 guests online