စနေ, ၀၄ ဖေဖေါ်ဝါရီ ၂၀၁၂

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > ရွှေဈေး ၆ သိန်းအောက် မဆင်းနိုင်တော့

ရွှေဈေး ၆ သိန်းအောက် မဆင်းနိုင်တော့

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်


ချင်းမိုင် ။ ။ ကမ္ဘာ့ရွှေဈေး မြင့်တက်မှုနှင့်အတူ လိုက်တက်လာခဲ့သော မြန်မာ့ရွှေဈေးသည် ပြီးခဲ့သည့် သောကြာနေ့က မြန်မာနိုင်ငံ သမိုင်းတလျှောက် စံချိန်တင် ဈေးနှုန်းဖြစ်သည့် ၆ သိန်း ၁ သောင်း ၃ ထောင်ကျော် သို့ ရောက်ရှိခဲ့ပြီး ယခုအခါ ၆ သိန်း ၉ ထောင်သို့ ရောက်ရှိသွားခဲ့သည်။

''၂၃ ရက်နေ့မှာ ရွှေဈေးက ၆ သိန်းကို စရောက်တယ်။ နောက်နေ့ကျတော့ ၆ သိန်း ၁ သောင်းလောက်အထိ ခုန်တက်သွားတယ်။ ၂၆ ရက်နေ့မှာတော့ ၆ သိန်း ၁ သောင်း ၃ ထောင့် ၅ ရာနဲ့ အမြင့်ဆုံး ဖြစ်သွားတယ်။ နောက် နည်းနည်း ပြန်ကျသွားပြီး ဒီနေ့မနက်တော့ ၆ သိန်း ၉ ထောင်နဲ့ ဈေးဖွင့်တယ်'' ဟု ရန်ကုန်မြို့ရှိ နာမည်ကြီး ရွှေဆိုင်ကြီးတခုက ဆိုသည်။

ကမ္ဘာ့ရွှေဈေး စံချိန်တင် မြင့်တက်နေသော်လည်း အမေရိကန် ဒေါ်လာနှင့် မြန်မာငွေ လဲလှယ်နှုန်းမှာ ၇ နှစ်တာ ကာလအတွင်း အနိမ့်ဆုံးသို့ ရောက်ရှိနေသဖြင့် ရွှေဈေးတက်ရခြင်းမှာ ပြည်တွင်းဝယ်လိုအား များသောကြောင့် ဖြစ်သည်ဟု ၎င်းက ဆိုသည်။

''နှစ်တိုင်း နိုဝင်ဘာ၊ ဒီဇင်ဘာ ရွှေက အဝယ်လိုက်ပြီး ရွှေဈေးတက်လေ့ ရှိတယ်။ ရွှေလောကမှာတော့ ဘိန်းရာသီလို့ ခေါ်တယ်။ နှစ်တိုင်း ဒီလိုဘိန်းထွက်ချိန်ဆို ရွှေက အရမ်းရောင်းရတယ်။ ဒီနှစ်က ကမ္ဘာ့ပေါက်ဈေးကလည်း စံချိန်တင်ဖြစ်နေတော့ အရင်မဖြစ်ဘူးတဲ့ ဈေးကို ရောက်သွားတာပေါ့'' ဟု အဆိုပါ အမှုဆောင်က ဆိုသည်။

ယခုကဲ့သို့ ၆ သိန်းအထက် မြင့်တက်နေသော ရွှေဈေးနှုန်းသည် ဒီဇင်ဘာလကုန်ပိုင်းအထိ မန္တလေးနှင့် ရှမ်းပြည်နယ်ဘက်မှ ရွှေအဆွဲများမည် ဖြစ်သောကြောင့် ယခုနှစ်ကုန်သည်အထိ ၆ သိန်းအောက်သို့ ပြန်လည်ရောက်ရှိနိုင်ရန် မလွယ်တော့ကြောင့် ရွှေလုပ်ငန်းလုပ်ကိုင်နေသူ အများစုက သုံးသပ်သည်။

ယခင်က မြန်မာ့ရွှေဈေးသမိုင်းတလျှောက် ၆ သိန်းထက်သို့ နှစ်ကြိမ် ရောက်ခဲ့ဖူးပြီး ၂ဝဝ၈ ခု စက်တင်ဘာတွင် ကမ္ဘာ့ရွှေဈေး တအောင်စကို အမေရိကန်ဒေါ်လာ ၁ဝဝ၅ အထိ ဖြစ်သွားကာ၊ အမေရိကန်ဒေါ်လာနှင့် မြန်မာငွေလဲလှယ်နှုန်း ၁၂ဝဝ ကျော် ဖြစ်သွားခဲ့သောကြောင့် ရွှေဈေးမှာ ၆ သိန်း ၃ ထောင်အထိ ရောက်ခဲ့ကြောင်းနှင့် ထိုကာလသည် ရွှေဝါရောင်တော်လှန်ရေး နှစ်ပတ်လည် ကာလလည်း ဖြစ်သောကြောင့် နိုင်ငံရေးလှုပ်ရှားမှု သတင်းဂယက်များလည်း ရှိသဖြင့် ထိုမျှမြင့်တက်သွားခဲ့ကြောင်း မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်း မှတ်တမ်းမှတ်ရာများကို ကိုးကားပြီး အသင်းအမှုဆောင်တဦးက ပြောသည်။

ဒုတိယအကြိမ်မှာ ပြီးခဲ့သည့် စက်တင်ဘာလ ၅ ထောင်တန်များ ထုတ်ဝေမည်ဟု သတင်းကြေညာပြီး နောက်တနေ့တွင် ၆ သိန်း ၃ ထောင်အထိ ဈေးတက်သွားခဲ့ပြီး နောက်တနေ့တွင် ၆ သိန်းအောက်သို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။

နိုဝင်ဘာလ ၂၃ ရက်နေ့နောက်ပိုင်း ကမ္ဘာ့ရွှေပေါက်ဈေး

နိုင်ငံခြားငွေလဲလှယ်ဈေးနှင့် မြန်မာ့ရွှေဈေး
ရက်စွဲ ကမ္ဘာ့ပေါက်ဈေး မြန်မာ့ရွှေဈေး
ငွေလဲလှယ်နှုန်း (အမေရိကန် ၁ ဒေါ်လာ)

၂၃/၁၁ 1160 990
၆ သိန်း/၆ သိန်း ၁ ထောင်
၂၄/၁၁ 1160 995
၆ သိန်း ၅ ထောင်နှင့် ၆ သိန်း ၁ သောင်းကြား
၂၅/၁၁ 1170 970
၆ သိန်း ၁ သောင်းနှင့် ၆ သိန်း ၁ သောင်း ၂ ထောင်ကြား
၂၆/၁၁ 1190 1000
၆ သိန်း ၁ သောင်း ၃ ထောင် ၇ ရာ
၂၇/၁၁ 1186 1005
၆ သိန်း ၇ ထောင်
၂၈/၁၁ 1187 1000
၆ သိန်း ၉ ထောင်