နိုင်ငံတော် အကြည်ညိုပျက်အောင် လှုံဆော်မှုဖြင့် ထောင် ၂ နှစ် ချခံထားရာမှ ယမန်နေ့က လွတ်မြောက်လာခဲ့သူ မအိမ့်ခိုင်ဦးက သတင်းထောက် တယောက်အနေဖြင့် သူမ၏ လုပ်ဆောင်ချက်များ မှားယွင်းခဲ့ခြင်း မရှိကြောင်း ပြောကြားခဲ့သည်။
အီကိုဗီးရှင်းဂျာနယ်မှ သတင်းထောက်ဖြစ်သူ မအိမ့်ခိုင်ဦးသည် နာဂစ်မုန်တိုင်း အပြီးကာလတွင် သတင်းလိုက်နေစဉ် ဒုက္ခသည်(၁၁) ဦး၏ အကူအညီတောင်းမှုကြောင့် ယင်းတို့အား UNDP ရုံးသို့ ခေါ်ဆောင်သွားခဲ့ရာမှ ဖမ်းဆီး ထောင်ချခံခဲ့ရခြင်း ဖြစ်သည်။ သူမအား နိုင်ငံတော် အကြည်ညိုပျက်အောင် လှုံ့ဆော်ခဲ့သည်ဟု စွဲချက်တင်ပြီး ပုဒ်မ ၅၀၅ (ခ) ဖြင့် ထောင်ဒဏ် ချမှတ်ခဲ့သည်။
သတင်းထောက် တယောက်အနေဖြင့် ယခုဖြစ်ရပ်အတွင်း သူမ၏ လုပ်ဆောင်ချက်များအပေါ် ထင်မြင်ချက်ပေးရန် တောင်းဆိုခဲ့ရာတွင်-
`` သတင်းထောက် တာဝန်ကိုပဲ ကျမ ထမ်းဆောင်ခဲ့တာပါ။ သတင်းထောက်ဖြစ်လို့ သတင်းလိုက်တယ်။ အားလုံး အမှန်အတိုင်းပါပဲ။ ဒုက္ခသည်တွေက တကယ် ဒုက္ခရောက်နေခဲ့တာဆိုတော့ အဲ့ဒီလူတွေအတွက် တခုတည်းကို ကြည့်ပြီး ကျမလုပ်ခဲ့တာပါ။ ကိုယ်ကျိုးအတွက် တခုမှ မပါပါဘူး။ ဒီအတွက် မှားတယ်လို့လည်း ကျမ လုံးဝ မယူဆပါဘူး။´´ဟု မအိမ့်ခိုင်ဦးက ဖြေကြားခဲ့သည်။
အသက် (၂၈) နှစ်ရှိပြီဖြစ်သူ မအိမ့်ခိုင်ဦးသည် ထောင်ဒဏ် (၁) နှစ် (၄) လ ကျခံပြီးချိန်တွင် လွတ်ငြိမ်း ချမ်းသာခွင့် အမိန့်ဖြင့် ပြန်လည် လွတ်မြောက်လာခဲ့ခြင်း ဖြစ်ပြီး ယခုကဲ့သို့ ပြစ်ဒဏ်မှ စောစီးစွာ လွတ်မြောက်ခဲ့ခြင်းအပေါ် မည်သို့မျှ ခံစားရခြင်း မရှိကြောင်း ပြောကြားခဲ့သည်။
`` ထွေထွေထူးထူးတော့ မခံစားရပါဘူး။ ကျမလည်း လွတ်ခါနီးနေပါပြီ။ ခုလို လွှတ်ပေးတာတော့ ကောင်းပါတယ်။ ရှေ့ဆက်ပြီးလည်း နိုင်ငံရေးနဲ့ ပတ်သတ်တဲ့ အကျဉ်းသားတွေကို လွှတ်ပေးစေချင်ပါတယ်။ ´´ ဟု မအိမ့်ခိုင်ဦး က ပြောသည်။
သူမအနေဖြင့် သတင်းထောက် အလုပ်ကို ပြန်လည် လုပ်ကိုင်မည်ဖြစ်ကြောင်း၊ သူမ၏ အလုပ်ရှင်ဟောင်းဖြစ်သည့် အီကိုဗီးရှင်းဂျာနယ်မှ ပြန်လည် လက်ခံခဲ့ပါက ယင်းဂျာနယ်တွင်ပင် ပြန်လည် လုပ်ကိုင်သွားလိုကြောင်း သူမက ဆိုသည်။
မအိမ့်ခိုင်ဦးသည် ထောင်ဒဏ် ကျခံနေစဉ် Alicia Paterson Foundation ခေါ် APF သတင်းဌာနနှင့် မြန်မာသတင်းသမဂ္ဂ တို့မှ ပေးအပ်သော ``ကန်ဂျိနာဂအိ´´ ဆုကို ရရှိခဲ့သည်။ အဆိုပါ ဆုသည် ၂၀၀၇ ခုနှစ် စက်တင်ဘာ အရေးအခင်းတွင် စစ်သားများ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့သူ ဂျပန်နိုင်ငံသား ကန်ဂျိနာဂအိ အသက် (၅၀) နှစ်ပြည့် အမှတ်တရအဖြစ် ပေးအပ် ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။







