ကြာသပတေး, ၁၇ မေ ၂၀၁၂

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > ပဲကုန်သည်ကြီးများ အကြွေးမှု ၇၉ မှု ရင်ဆိုင်နေရ

ပဲကုန်သည်ကြီးများ အကြွေးမှု ၇၉ မှု ရင်ဆိုင်နေရ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်


ချင်းမိုင် (မဇ္ဈိမ)။     ။ ပဲဈေးကွက် ပျက်ခဲ့မှုကြောင့် ပြီးခဲ့သည့်နှစ်က အကြွေးတင်ခဲ့သည့် မြန်မာ့ပဲဈေးကွက်ကို ချုပ်ကိုင်ထားခဲ့သူ ပဲကုန်သည်ကြီး ၇ ဦး အနက် ၆ ဦးအား အကြွေးရလိုသူ ၇၉ ဦးက တရားစွဲဆိုလိုက်ပြီဖြစ်သည်။

ပြီးခဲ့သည့်နှစ်က ကမ္ဘာ့ငွေကြေး အကြပ်အတည်းကာလနှင့် တိုက်ဆိုင်၍ ကမ္ဘာ့ပဲဈေး ထက်ဝက်ခန့် ရုတ်တရက် ထိုးကျသွားရာမှ အဓိက ပဲဝယ်ရောင်း ကုန်သည်ကြီး ၇ ဦးသည် ပေးရန် အကြွေးများစွာ ရှိနေသည်ကို အကြွေးရလိုသူ ကုန်သည်များက သက်ဆိုင်ရာ မြို့နယ်တရားရုံးများမှတဆင့် တရားစွဲဆိုကြခြင်း ဖြစ်သည်။

“ရရန်ရှိသူ ၇၉ ယောက်က တရားစွဲပြီးပြီ။ ဒီက ဘာမှ လုပ်မပေးတော့ဘူး။ ၇ ယောက် ရှိတယ်။ ကိုဖြိုးကြိုင် မပါဘူး။ ကျန်တဲ့ ၆ ယောက်ကို တရားစွဲကြတယ်။ စမ်းချောင်း၊ ပန်းဘဲတန်း၊ လမ်းမတော်၊ ကျောက်တံတား၊ လှိုင်မှာလည်း စွဲတယ်” ဟု ရန်ကုန်ရှိ မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူတဦးက မဇ္ဈိမကို အတည်ပြုပြောကြားသည်။

ကုန်သည် စက်မှု အသင်း၏ ဖျန်ဖြေရေး ကော်မတီက ပဲကုန်သည်များ၏ ရရန်နှင့် ပေးရန် ရှိသည်များကို တာဝန်ယူ ဖြေရှင်းပေးနေခြင်းကို ယခုလအတွင်း ရပ်ဆိုင်းလိုက်ပြီး ရရန်ရှိသူ ပဲကုန်သည်များကို သက်ဆိုင်ရာ မြို့နယ်များအလိုက် တရားစွဲ၍ တောင်းဆိုကြရန် ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။

“ခင်ဗျားတို့ ရရန် ရှိတဲ့သူက သက်ဆိုင်ရာ မြို့နယ်အလိုက် တရားစွဲရမယ်။ ကိုဖြိုးကြိုင်ဆိုရင် ကိုဖြိုးကြိုင်ကို စွဲ။ ကိုမင်းနိုင်ဆိုရင် လမ်းမတော်ကို စွဲ။ Future King ဆိုရင် ပန်းဘဲတန်းမှာ စွဲ။ ကေဘီ ကျော်ဝင်းဆိုရင် ကျောက်တံတားမှာ စွဲ” ဟူ၍ ရရန်ရှိသူများကို ဖျန်ဖြေရေး ကော်မတီက ညွှန်ကြားခဲ့သည်ဟု ဘုရင့်နောင် ပဲပွဲရုံ ပိုင်ရှင်က မဇ္ဈိမကို ဆိုသည်။

နိုင်ငံခြားသို့ ပဲတင်ပို့သူများက မြန်မာ့ပဲဈေးကွက် ထုံးစံအတိုင်း ကြိုရောင်း ကြိုဝယ်များ လုပ်ကိုင်ခဲ့ကြပြီး၊ ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်းက ပဲဈေး တတန်လျှင် ကျပ် ၇ သိန်း ဝယ်ယူထားရသော်လည်း ကျပ် ၃ သိန်းဖြင့် သာရောင်းချခဲ့ရခြင်းက ယခုကဲ့သို့ ပဲကုန်သည်ကြီးများ အကြွေးများစွာ တင်ခဲ့ခြင်း ဖြစ်သည်။

ပဲဖိုးငွေ ပေးရန်ရှိသည့် ပဲကုန်သည်ကြီး ၅ ဦးပိုင် မရွှေ့ပြောင်းနိုင်သော ပစ္စည်းများကို ပြီးခဲ့သည့် ဧပြီလ ၇ ရက်နေ့တွင် ကုန်သည်စက်မှု အသင်းက ကြီးမှူး၍ လေလံတင်ရောင်းချပြီး ရရန်ရှိသူများကို တချို့တဝက် ခွဲဝေပေးခဲ့သေးသည်။

ယင်းသို့ ခွဲဝေပေးပြီးနောက် ကျန်ရှိသည့် ရရန်ရှိသူများကို တရားစွဲဆိုရန် အသင်း၏ ဖျန်ဖြေရေး ကော်မတီက ယခုလို ညွှန်ကြားပေးလိုက်ပြီး၊ ပဲအရှုပ်တော်ပုံကိစ္စများ ဆောင်ရွက်ပေးမှုကို ရပ်ဆိုင်းခဲ့ခြင်း ဖြစ်သည်။

“သက်ဆိုင်ရာကို တရားစွဲဖို့ပဲ ပြောလိုက်တယ်။ သတ်မှတ်ထားတဲ့ ရက်က ဆိုရင်တော့ ဒီမှာလာပြီး စာရင်းပေးတယ်။ ဒီက ရှေ့နေတွေနဲ့ စွဲကြတယ်။ အခုတော့ ပိတ်လိုက်ပြီ။ အရင်ကဆို တရက်ကို ၁ဝ ဦးလောက် လာကြတယ်၊ ရှင်းပေးရတယ်။ နားလိုက်တာ ၂ ပတ်လောက်ရှိသွားပြီ” ဟု အသင်း ဖျန်ဖြေရေး ကော်မတီ တာဝန်ရှိသူက ပြောသည်။

ယမန်နှစ်က မြန်မာနိုင်ငံမှ ပဲထွက်ရှိမှု ၅ သန်းနီးပါးအနက် တန်ချိန် ၂ သန်းနီးပါးကို ပြည်ပသို့ တင်ပို့ရောင်းချခဲ့ပြီး အိန္ဒိယသည် အဓိက ဝယ်လက်ဖြစ်သည်။