ချင်းမိုင်(မဇ္ဈိမ)။ ။ ဓာတုဆိုးဆေးပါဝင်၍ ပိတ်ပင်ထားခံခဲ့ရသည့် လက်ဖက် အမျိုးအစား အချို့အား ဆိုးဆေး ကင်းရှင်းကြောင်း ထောက်ခံချက်များ ထုတ်ပေးကာ ရောင်းချခွင့် ပေးလိုက်ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဌာန (FDA) ကပြောကြားလိုက်သည်။
“လောလောဆယ်ဆယ် ၁ဝမျိုးလောက်ရှိတယ်။ ထောက်ခံချက်တွေ ထုတ်ပေးထားတာ။ အမျိုးအစားတွေက ဆိုင်ကြီးမှာ ရောင်းနေတဲ့ပစ္စည်းတွေဘဲ။ ပစ္စည်းတွေမှာ ထောက်ခံချက်နံပတ် တွေ ထည့်ရိုက်ထားတယ်။ ကျန်တဲ့အမျိုးအစားတွေလဲ ထောက်ခံချက်တောင်းမှ ကျနော်တို့က စစ်တာ” FDA မှ ညွန်ကြားရေးမှူး ဒေါက်တာ ကျော်လင်းက မဇ္ဈိမသို့ပြောသည်။
မန္တလေးမြို့အခြေစိုက် နာမည်ကြီး အရီးတောင်း၊ ရွှေတုပ်၊ ရည်မွန်တို့နှင့် ရန်ကုန်မှ ယုဇန၊ ပင်ပျိုရွက်နု တို့ အပါအဝင် စုစုပေါင်း အမှတ်တံဆိပ် (၁၀) မျိုးခန့်အား ထောက်ခံချက်များ ထုတ်ပေးခဲ့ခြင်း ဖြစ်သည်။
လက်ဖက် အမှတ်တံဆိပ် ၁၀၀ ကျော်၌ အဝါရောင်ဆိုးဆေး Auramine O ပါဝင်နေကြောင်း တွေ့ရှိရသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ကြေညာခဲ့ပြီးနောက် ၂ လ ခန့်အကြာတွင် ယခုကဲ့သို့ ဈေးကွက်အတွင်း ပြန်လည် ရောင်းချခွင့် ပြုလိုက်ခြင်း ဖြစ်သည်။
ထောက်ခံချက်ပေးနိုင်ရန် စစ်ဆေးရာတွင် လက်ဖက်အတွင်း၌ ဓါတ်တုဗေဒပစ္စည်းပါဝင်မှု ရှိမရှိ သာမက ဆိုင်ခန်းသန့်ရှင်းရေး၊ လုပ်ငန်းလုပ်နေသူများ၏ ကျန်းမာရေး၊ လုပ်ငန်းသုံးပစ္စည်းကိရိယာ၊ အလုပ်ရုံအနေအထား စသည်တို့ကိုလည်း ထဲ့သွင်းစဉ်းစားသည်ဟု သိရသည်။
ဗဟိုအစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဌာနမှ ထုတ်ပေးသည့် ထောက်ခံချက်အမှတ်အား ပစ္စည်းပေါ်တွင် ရိုက်နှိပ်ပြီးမှသာ ဈေးကွက်အတွင်း ရောင်းချခွင့်ရှိမည်ဖြစ်ကြောင်း ဇွန်လ ၉ ရက်စွဲပါ ထောက်ခံချက် စာရွက်ကို ဇွန်လအကုန်တွင် လက်ခံရရှိခဲ့သည့် အရီးတောင်း လက်ဖက်လုပ်ငန်း ရန်ကုန်ဆိုင်ခွဲမှ တာဝန်ရှိသူတဦးက ပြောသည်။
“FDA က ကျမတို့ မန္တလေးဆိုင်မှာ ထုတ်လုပ်မှုတွေ အကုန်လုံး လာစစ်ဆေးပြီးတော့ ထောက်ခံ ချက် ထုတ်ပေးလိုက်ပါတယ်။ ကျမတို့က လဆန်းကနေ စရောင်းနေပြီ။ သူတို့ ပေးလိုက်တဲ့ တံဆိပ် နံပတ်တွေ ကိုယ်တိုင်ရိုက်ကပ်ပြီးတော့ ထောက်ခံချက်အမှတ်က စ ၁/၀၉၊ ၀၀၆ ထင်တယ်” ဟု သူက မဇ္ဈိသို့ပြောသည်။
အပိတ်ခံရသည့် တံဆိပ်တခုဖြစ်သော ‘ရွှေပြည်တန်’ လက်ဖက် အရောင်းဆိုင်များကလည်း FDA ထံမှ ထောက်ခံချက် တောင်းဆိုထားသော်လည်း ယနေ့ထိ ခွင့်ပြုချက် မရသေးသဖြင့် လက်ဖက်ရောင်းချခြင်း မပြုကြောင်း ရန်ကုန်မြို့ရှိ ရွှေပြည်တန် လက်ဖက်ဆိုင် တဆိုင်မှ တာဝန်ရှိ သူ တဦးက ပြောသည်။
“ထောက်ခံချက်တော့ မရသေးဘူး။ ပေးမယ်လို့တော့ ပြောတာဘဲ။ တောင်းထားတာ ကြာပြီ၊ ကျနော်က လက်ဖက်က မရောင်းသေးဘူး။ တခြား အကြော်ဘဲ ရောင်းတယ်။ FDA ရဲ့ ခွင့်ပြုချက် မရဘဲ မရောင်းရဲဘူး” ဟု သူက မဇ္ဈိမသို့ ပြောသည်။
အဝါရောင်ဆိုးဆေးသည် ချည်၊ သိုးမွှေး၊ ပိုးထည်၊ စက္ကူနှင့် သားရေများကို အရောင်ဆိုးရာတွင် အသုံးပြုသည့် ဆိုးဆေးဖြစ်သောကြောင့် တာရှည်စားသုံးသူများကို အသည်းနှင့် ကျောက်ကပ် ရောဂါ၊ ကင်ဆာရောဂါတို့ ဖြစ်ပွားစေနိုင်သည့်အပြင် ခန္ဓာကိုယ်ကြီးထွားမှုကိုလည်း ထိခိုက်စေသည်။
လက်ဖက်လုပ်ငန်းများအပြင် ဆိုးဆေးပါဝင်ကြောင်း ကြေညာခံထားရသော အချိုခြောက်၊ ငါးပိ၊ ငရုတ်သီးမှုန့်များကိုလည်း စစ်ဆေးမှုများ ဆက်လက်ပြုလုပ်ပြီးပါက FDA က ထောက်ခံချက်များ ပေးသွားမည်ဟု သိရသည်။






