စက်တင်ဘာ လူထုဆန္ဒပြပွဲတွင် ပါဝင်ခဲ့သူ နိုင်ငံကျော် မင်းသား ဦးကျော်သူ၏ သမီး မင်္ဂလာဆောင် ကြော်ငြာကိုပင် စစ်အစိုးရ သတင်းစာများတွင် ထဲ့သွင်းခွင့်မပြုဘဲ ဆင်ဆာ ဖြတ်တောက်ခဲ့သည်။
ဦးကျော်သူ၏ တဦးတည်သော သမီး သြစတြေးလျား နိုင်ငံနေ မမြင့်မိုရ်ဦးနှင့် ကျော်ကိုကိုဇင် တို့ ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ဆစ်ဒနီမြို့ မြန်မာ ဘုန်းတော်ကြီးကျောင်းတွင် လက်ထပ် ထိမ်းမြားမည့်အကြောင်း ကြော်ငြာကို ပိတ်ပင်ခြင်း ဖြစ်သည်။
“ကျနော့်အနေနဲ့ဆိုရင် အနုပညာလုပ်ခွင့်လည်း လုပ်လို့မရဘူး။ ဇာတ်ကားရိုက်တာ မပြောပါနဲ့၊ ရုပ်ရှင်ရိုက်တာ မပြောပါနဲ့၊ ကျနော်တို့ နာမည်လေးတောင်မှ ဂျာနယ်တွေ၊ သတင်းစာတွေမှာ ပါလို့မရဘူး။ ကျနော့်သမီး မင်္ဂလာဆောင်ပွဲအတွက် သတင်းစာမှာ ကြော်ငြာ ထည့်ချင်တာတောင် ကျနော်တို့နာမည် ထည့်လို့မရဘူး” ဟု ဦးကျော်သူက မဇ္ဈိမကို ပြောသည်။
ယမန်နေ့က စစ်အစိုးရရုံးစိုက်ရာ ကျတ်ပြေးဒေသတွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြန်ကြားရေး ဝန်ကြီးဌာနမှ ဗိုလ်မှူးချုပ် ကျော်ဆန်းမှ ပြီးခဲ့သည့် စက်တင်ဘာနှင့် သြဂုတ်လအတွင်း သံဃာတော်များ ဦးဆောင်သော လူထုဆန္ဒ ထုတ်ဖော်ပွဲတွင် ပါဝင်ခဲ့သူ အနုပညာရှင်များသည် အမျိုးသားရေး စိတ်ဓာတ် ကိုယ်ခံအားနဲသူများ ဖြစ်သည်ဟု ပြောဆိုခဲ့သည်။
“အဲဒါတော့ ကျနော်လည်း နားမလည်ဘူးခင်ဗျ။ ကျနော်လည်း စဉ်းစားလို့ မရဘူး။ ဘာကို ရည်ရွယ်ပြီး ပြောသလည်းဆိုတာ မသိဘူး” ဟု ဦးကျော်သူက ပြောသည်။
“ဒါကတော့ ရောယောင်ပြီး လုပ်တာတော့ မဟုတ်ပါဘူး။ ဒါ ကိုယ့်အသိ စိတ်ဓာတ်နဲ့ လုပ်တာ။ ကိုသူရ (လူရွှင်တော် ဇာဂနာ) ကလည်း ကိုသူရအလျောက် လုပ်တယ်။ ကျနော်တို့ကလည်း ကျနော်တို့အလျောက် လုပ်တာပဲ။ ဒါပေမဲ့ အဲဒီမှာ သွားဆုံတာပဲ။ အဲဒီမှာ ကျော်သူ၊ ဇာဂနာဆိုပြီးတော့ နာမည်ထွက်လာတယ်” ဟု သူက ဆက်ပြောသည်။
အာဏာပိုင်များက ရက်သတ္တပတ် ၃ ပတ်ကြာ ထိန်းသိမ်းပြီးနောက် လွတ်မြောက်လာသော သရုပ်ဆောင်နှင့် အကယ်ဒမီ ကျော်သူ ပါဝင် ရိုက်ကူးခဲ့သော ရုပ်ရှင်ကားကြီး ၂ ခု အပါအဝင် ဗွီဒီယိုကားပေါင်း ၂ဝ ခန့်ကိုလည်း ရုံတင်ပြသခွင့် ပိတ်ပင်ထားသည်။
သည့်အပြင် စက်တင်ဘာအတွင်း သံဃာတော်များ ဦးဆောင် ဆန္ဒပြရာတွင် ဆွမ်းကပ်လှူသူများအနက် လူရွှင်တော်နှင့် ဒါရိုက်တာ ဦးသူရ (ဇာဂနာ) အပြင် စာရေးဆရာမ သန်းမြင့်အောင် ကိုလည်း အမည်နှင့်တကွ စစ်အစိုးရထုတ် သတင်းစာတွင် ဖော်ပြ ရေးသားထားပြီး အများပြည်သူသို့ ဖျော်ဖြေခွင့်ကို ပိတ်ပင် တားမြစ်ထားသည်။







