နယူးဒေလီ (မဇ္စျိမ)။ ။ ဒေါ်အောင်ဆန်းစုကြည် အမှုအတွက် တိုင်းတရားရုံးက ဆက်လက် ပယ်ချခဲ့သူ သက်သေ ၂ ဦးအတွက် ပထမအဆင့် လျှောက်လဲချက်ကို ယခုလ ၁၇ ရက်နေ့တွင် ကြားနာစစ်ဆေးမည်ဟု ဗဟိုတရားရုံးက ရက်ချိန်းပေးလိုက်သည်။
ခရိုင်တရားရုံးတွင် တင်သွင်းခဲ့သည့် သက်သေ ၄ ဦးအနက် တဦးသာ လက်ခံခဲ့သဖြင့် တိုင်းတရားရုံးသို့ ပြင်ဆင်ခွင့် လျှောက်ထားရာ နောက်ထပ်တဦး ခွင့်ပြုခဲ့သော်လည်း ကျန်သက်သေ ၂ ဦးအတွက် ဗဟိုတရားရုံးသို့ ဆက်လက်လျှောက်ထားပြန်ရာ လျှောက်လဲချက်ပေးရမည့် ရက်ကို ယခုလို ချိန်းဆိုလိုက်ခြင်း ဖြစ်သည်။
“တိုင်းတရားရုံးရဲ့ ဆုံးဖြတ်ချက်ကို ဥပဒေနဲ့ မညီညွတ်ဘူးလို့ ယူဆတဲ့အတွက် ကျနော်တို့ ဒီနေ့ ဗဟိုတရားရုံးချုပ်မှာ ပြင်ဆင်မှုကို တင်သွင်းတယ်။ လာမယ့် ၁၇ ရက်နေ့၊ ဗုဒ္ဓဟူးနေ့မှာ ပထမအဆင့် လက်ခံရေးအတွက် တဖက်ထဲ လျှောက်လဲချက် ကျနော်တို့ ပေးရမယ်” ဟု ဒေါ်စုအမှုအတွက် ရှေ့နေတဦးဖြစ်သူ ဦးဉာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။
အင်းစိန်ထောင်တွင်း မြောက်ပိုင်း ခရိုင်တရားရုံးတွင် ဒေါ်စု၏ ရှေ့နေများဘက်က သက်သေများအဖြစ် အန်အယ်ဒီ ဒုဥက္ကဋ္ဌ ဦးတင်ဦး၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းတင်၊ ဒေါ်ခင်မို့မို့နှင့် ဦးကြည်ဝင်းတို့ ၄ ဦးကို စတင်၍ တင်သွင်းခဲ့သည်။ သို့သော် ခရိုင်ရုံးက ဦးကြည်ဝင်း တဦးတည်းကိုသာ လက်ခံခဲ့သည်။
ထို့နောက် ရန်ကုန်တိုင်း တရားရုံးသို့ ပြင်ဆင်ခွင့် တင်သွင်းသည့်အခါ ဒေါ်ခင်မို့မို့ကို တရားခံပြသက်သေအဖြစ် လက်ခံခဲ့ရာမှ ကျန်ရှိသူ ၂ ဦးအတွက် ဗဟိုတရားရုံးချုပ်သို့ ပြင်ဆင်ခွင့် ထပ်မံလျှောက်ထားခဲ့ပြန်သည်။
တိုင်းတရားရုံးက ပယ်ချခဲ့သည့်အပေါ် ဥပဒေနှင့် ညီညွတ်မှု မရှိကြောင်း ယူဆသည့်အတွက် ဗဟိုတရားရုံးတွင် ယနေ့ ၁၁ နာရီခန့်က သွားရောက်တင်သွင်းရာ တရားရုံးက နေ့လည် ၁ နာရီခန့်တွင် ယခုလ ၁၇ ရက်နေ့သို့ ချိန်းဆိုလိုက်ခြင်း ဖြစ်သည်။
ဦးဉာဏ်ဝင်းက “အကယ်၍ လက်ခံခဲ့ရင် နောက်တဆင့် အစိုးရဘက်ရော၊ ကျနော်တို့ဘက်ရော ၂ ဖက် လျှောက်လဲချက် ထပ်ပေးရမယ်။ တကယ်လို့ ၁၇ ရက်နေ့မှာ လက်မခံဘူးဆိုရင် ကျနော်တို့ ရှုံးတာပဲပေါ့၊ ဒီအမှုကို” ဟု ပြောသည်။
“ကျနော်တို့ကတော့ လက်ခံဖို့ ယုံကြည်လို့ တင်တာပဲလေ။ အဖြေကတော့ အဲဒီနေ့ကျမှပဲ သိရမယ်။ အန်ကယ်တို့ ယူဆချက်ကို တရားရုံးက လက်ခံရင် အန်ကယ်တို့ နိုင်တာပေါ့” ဟု သူက ဆက်ပြောသည်။
သို့သော် ဗဟိုတရားရုံးချုပ်က ဒေါ်စု သက်သေအဖြစ် ကျန်ရှိသူ ၂ ဦးအား လက်ခံလိမ့်မည်ဟု မမျှော်လင့်ကြောင်း ဒေါ်စုအမှု သက်သေ အမည်စာရင်းတွင် ပါရှိသူ အန်အယ်ဒီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်နှင့် ဝါရင့်သတင်းစာ ဆရာကြီး ဦးဝင်းတင် (ဟံသာဝတီ) က မဇ္စျိမကို ယခုလို ပြောသည်။
“ကျနော်တို့က သိပ်တော့ မထင်ပါဘူးဗျာ။ ဦးတင်ဦးကျတော့ လုံခြုံရေးကိစ္စနဲ့ သူတို့က မပေးခဲ့ဘူး။ ကျနော့်ကို ကြည့်တဲ့အခါကျတော့ အရေးကြီးတဲ့ လူတော့ မဟုတ်ဘူးပေါ့ဗျာ။ ဒါပေမယ့်လည်း ကျနော့်ကိုလည်း ကြိုက်ပုံတော့ မရဘူး” ဟု သူက ပြောသည်။
မနက်ဖြန်တွင် အင်းစိန်မြောက်ပိုင်းခရိုင် တရားရုံး၌ ဒေါ်စုအမှုတွဲအား ဆက်လက်ကြားနာရန် ရက်ချိန်း ပေးထားသော်လည်း အမှုစစ်ဆေးရန် မရှိသေးကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။
“မနက်ဖြန် စစ်ဖို့ မရှိပါဘူး။ အစကတည်းကိုက မရှိပါဘူး။ ၁၂ ရက်နေ့စွဲက ဖော်ပြရန် ရက်ချိန်း၊ ဖော်ပြရန် ရက်ချိန်း ဆိုတာက မနက်ဖြန် ကျနော်တို့ဘက်က ဆောင်ရွက်ထားမှု အခြေအနေကို ရုံးကို တင်ပြမယ်။ အဲဒီတော့ ရုံးက ဘာဆက်လုပ်မလဲ ဆိုတာကို မနက်ဖြန် ပြောမယ်။ နောက်ထပ် ရုံးချိန်းမှာ ဘာတွေ လုပ်ရမယ်ဆိုတာကို အဲဒီနေ့မှာ ပြောမယ်” ဟု သူက ပြောသည်။






