စနေ, ၀၄ ဖေဖေါ်ဝါရီ ၂၀၁၂

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > ဒေါ်စုအမှု နောက်ထပ် သက်သေတဦး ပြန်လည်လက်ခံ

ဒေါ်စုအမှု နောက်ထပ် သက်သေတဦး ပြန်လည်လက်ခံ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်


ချင်းမိုင် (မဇ္ဈိမ)။ ။ အင်းစိန်ထောင်၌ အမှုရင်ဆိုင်နေရသော ဒေါ်အောင်ဆန်းစုကြည်အတွက် သက်သေလိုက်ပေးရန် ပယ်ချခံရသူ ၃ ဦးထဲမှ တဦးကိုသာ ရန်ကုန်တိုင်း တရားရုံးက ယနေ့ ပြန်လည် လက်ခံလိုက်သည်။

တိုင်းတရားရုံး၏ ချိန်းဆိုချက်အတိုင်း ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများဖြစ်သော ဦးဉာဏ်ဝင်း၊ ဦးကြည်ဝင်း၊ ဦးလှမျိုးမြင့်နှင့် ဒေါ်ခင်ဌေးကြွယ်တို့ သွားရောက်ခဲ့ကြရာ၊ တရားလိုဘက်မှ တိုင်းဥပဒေရုံး ဒုတိယ တိုင်းဥပဒေဝန်ထမ်းအရာရှိ ဒေါ်ခင်မာကြည်လည်း တက်ရောက်လာပြီး ဆုံးဖြတ်ချက်ကို ရန်ကုန်တိုင်းတရားသူကြီး ဦးမြင့်အောင်က ချမှတ်ခြင်း ဖြစ်သည်။

“ဒီနေ့ကတော့လေ၊ ကျနော်တို့ သက်သေ ၃ ယောက်နဲ့ ပတ်သက်ပြီးတော့ ပြင်ဆင်မှုတင်တာ ဒီနေ့ သက်သေတယောက် ဒေါ်ခင်မို့မို့ကို လက်ခံတယ်။ ဦးဝင်းတင်နဲ့ ဦးတင်ဦးတို့ကို ခွင့်မပြုဘူး။ အဲဒီအမိန့်ချတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်၏ အမှုအတွက် ဥပဒေအကျိုးဆောင်ရှေ့နေ တဦးဖြစ်သူ အန်အယ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။

အင်းစိန်ထောင်တွင်း မြောက်ပိုင်းခရိုင် တရားရုံးက ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများဘက်က အန်အယ်ဒီ ဒုဥက္ကဋ္ဌ ဦးတင်ဦးနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းတင် အပါအဝင် သက်သေ ၄ ဦး တင်သွင်းခဲ့ရာ ဦးကြည်ဝင်းကိုသာ လက်ခံခဲ့ပြီး ကျန် ၃ ဦးကို ပြီးခဲ့သည့် လအတွင်းက ပယ်ချခဲ့သည်။

ထို့ကြောင့် သက်သေအားလုံး ပြန်လည်လက်ခံရန်အတွက် ရန်ကုန်တိုင်း တရားရုံးသို့ လျှောက်ထားရာ နှစ်ဖက်ကြားနာမှုများ ပြုလုပ်ခဲ့ပြီးနောက် ယနေ့သို့ ချိန်းဆိုခဲ့ကာ ဒေါ်ခင်မို့မို့တဦးတည်းကိုသာ လက်ခံကြောင်း ယခုလို အမိန့်ချလိုက်ခြင်း ဖြစ်သည်။

“အကြောင်းပြတာကတော့ ကျနော်တို့က မူလရုံးမှာ ၃ ယောက်ပယ်တယ်ဆိုတဲ့ အမိန့်ရေးတဲ့နေရာမှာ ဥပဒေတွေနဲ့ မညီဘူး၊ ဥပဒေအရ မဟုတ်ဘူး။ အဲဒါကို ကျနော်တို့ တင်တယ်။ အခုတော့ ဥပဒေအရ မဟုတ်ဘူးဆိုတဲ့ အခြေအနေကိုတော့ ဖော်ပြတယ်။ ဒါပေမယ့်လို့ ဥပဒေအရပဲလို့ မှတ်ယူမယ်ဆိုပြီးတော့ တိုင်းတရားသူကြီးက ပြောတယ်။ ပြီးတော့ ဒေါ်ခင်မို့မို့ တယောက်ကို ခွင့်ပြုလိုက်တယ်” ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ဥပဒေအရမဟုတ်သည်ကို ဥပဒေအရမှတ်ယူရမည် ဆိုသည်နှင့် ပတ်သက်၍လည်း သူက “ဒီဥစ္စာက လုပ်ခွင့်မရှိဘူး။ presume လို့ခေါ်တယ် law မှာ။ မှတ်ယူတာပေါ့။ မှတ်ယူခွင့်က ဥပဒေသ သတ်မှတ်တဲ့ဟာတွေပဲ မှတ်ယူလို့ရတယ်။ ကိုယ်ထင်တာ ကိုယ်မှတ်ယူလို့ မရဘူး။ ဒါကြောင့် တိုင်းတရားရုံးရဲ့ ဆုံးဖြတ်ချက်သည် ဥပဒေနဲ့ ညီညွတ်ခြင်းမရှိဘူးလို့ ကျနော်တို့ ရိုးရိုးသားသား ယုံကြည်တယ်” ဟု သုံးသပ်သည်။

ယခုလ ၆ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ပြင်ဆင်မှုလျှောက်ထားသူများဘက်မှ တင်ပြသော သက်သေ ၄ ဦးအနက် ဦးဝင်းတင်နှင့် ဦးတင်ဦးတို့ကို တင်ပြခြင်းမှာ လျှောက်ထားသူများ၏ အကျင့်စာရိတ္တနှင့် စပ်လျဉ်း၍သာ တင်ပြထားခြင်းဖြစ်ကြောင်းနှင့် တရားရုံးက ဒေါ်အောင်ဆန်းစုကြည်အပေါ် အကျင့်စာရိတ္တနှင့်ပတ်သက်ပြီး စွပ်စွဲထားခြင်း မရှိသဖြင့် ၎င်းတို့အား ခေါ်ယူစစ်ဆေးခြင်းမပြုသည်မှာ ဥပဒေနှင့် ညီညွတ်ကြောင်း ဖော်ပြထားသည်။

ဦးဉာဏ်ဝင်းကမူ “ဒီလို သက်သေကို ငြင်းပယ်တဲ့ကိစ္စမှာ အကျင့်စာရိတ္တဟုတ်သည် မဟုတ်သည် ဆိုတဲ့ဟာက ပြဋ္ဌာန်းချက်မှာ မပါဘူး။ အဲဒီဟာကို ရေးတာက ကိုယ့်စိတ်ကြိုက် ကိုယ်ရေးသွားတာ ဥပဒေနဲ့ မညီဘူး။ ကျနော် အဲဒီလိုပြောချင်တယ်” ဟု ပြောသည်။

ယခုကဲ့သို့ တိုင်းတရားရုံး၏ ဆုံးဖြတ်ချက်သည် ဥပဒေနှင့်မညီသဖြင့် တရားရုံးချုပ်သို့ ဆက်လက်၍ အမြန်ဆုံးတင်ပြရန် ပြင်ဆင်နေကြောင်း သိရသည်။