သောကြာ, ၁၀ ဖေဖေါ်ဝါရီ ၂၀၁၂

Mizzima Burmese

Home > သတင်း > စီးပွားရေးသတင်း > ထိုင်းစွမ်းအင် ကုမ္ပဏီ ပိုင်ဆိုင်မှု ရှယ်ယာတချို့ ပြန်လည်ရောင်းချမည်

ထိုင်းစွမ်းအင် ကုမ္ပဏီ ပိုင်ဆိုင်မှု ရှယ်ယာတချို့ ပြန်လည်ရောင်းချမည်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္ဈိမ) ။       ။ ထိုင်းအစိုးရပိုင် အဓိက စွမ်းအင်နှင့် သဘာဝဓာတ်ငွေ့ ကုမ္ပဏီ PTT လက်အောက်ရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေ ထုတ်လုပ်ရေး PTTEP သည် မြန်မာနိုင်ငံအတွင်း၌ သဘာဝဓာတ်ငွေ့ တူးဖော်ရန် လက်မှတ်ရေးထိုး စာချုပ်ချုပ်ဆိုအပြီး တရက်အကြာတွင် ၄င်းတို့၏ စွန့်စား၍ ရင်းနှီးမြှုပ်နှံထားမှုများကို လျှော့ချသည့် အနေဖြင့် မြန်မာနိုင်ငံအတွင်း ပိုင်ဆိုင်မှု တချို့တဝက်ကို ခွဲဝေ ရောင်းချမည် ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေ ထုတ်လုပ်ရေး PTTEP မှ မြန်မာနိုင်ငံအတွင်း ၄င်းတို့ ပိုင်ဆိုင်သည့် သဘာဝဓာတ်ငွေ့ ရှာဖွေထုတ်လုပ်ရေး စီမံကိန်း လုပ်ငန်း ၅ ခုမှ အစုရှယ်ယာများကို ခွဲဝေ ရောင်းချသွားမည် ဖြစ်ကြောင်း ဘန်ကောက်မြို့တွင် အင်္ဂါနေ့က ကြေညာခဲ့ခြင်း ဖြစ်သည်။
pttep-logo
PTTEP မှ ရင်းနှီးမြှုပ်နှံထားသော သဘာဝဓာတ်ငွေ့ လုပ်ကွက်များမှာ မုတ္တမ ပင်လယ်ကွေ့ရှိ M3၊ M4၊ M7၊ M9 နှင့် M11 လုပ်ကွက်များ ဖြစ်ကြသည်။ ယခုလောလောဆယ်တွင် PTTEP သည် ထိုလုပ်ကွက် ငါးခုလုံး၏ အဓိက အစုရှယ်ယာ ပိုင်ဆိုင်သူ ဖြစ်နေသည်။

PTTEP သည် ၄င်းပိုင်ဆိုင်သော အစုရှယ်ယာ အချို့ကို ရောင်းချပြီးလျှင်လည်း လုပ်ကွက်များအား အဓိက လုပ်ကိုင်သူ အနေအထားကို ဆက်လက် ထိန်းသိမ်းထားမည်ဟု ဆိုသည်။

“ကျနော်တို့ အနေနဲ့ တခြားရင်းနှီးမြှုပ်နှံသူတွေနဲ့ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း MOGE ကို အစုရှယ်ယာ တချို့ ပြန်လည်ရောင်းချမှာ ဖြစ်ပေမယ့် စီမံခန့်ခွဲခွင့် ရရေးအတွက် သဘာဝ ဓာတ်ငွေ့ လုပ်ကွက် ငါးခုလုံးမှာ ကျနော်တို့ရဲ့ ပိုင်ဆိုင်မှုဟာ ၅ဝ ရာခိုင်နှုန်းအထက်မှာ ဆက်လက်ရှိနေမှာပါ” ဟု PTTEP ၏ အမှုဆောင် အရာရှိချုပ် Anon Sirisaengtaksin က ပြောကြားခဲ့သည်။

ထိုကြေညာချက်သည် ဇူလိုင်လ ၃၁ ရက်နေ့က PTTEP အနေဖြင့် မြန်မာနိုင်ငံ အတွင်း၌ သဘာဝဓာတ်ငွေ့ တူးဖော်ရန် နေပြည်တော်၌ စာချုပ်ချုပ်ဆို အပြီးတွင် ထွက်ပေါ်လာခြင်း ဖြစ်သည်။ ထိုကဲ့သို့ အကျိုးတူ စာချုပ် ချုပ်ဆိုခဲ့ကြသည့်သတင်း ထွက်ပေါ်လာအပြီးတွင် ယခုကဲ့သို့ စွမ်းအင်ရောင်းချရမှုများမှ အကျိုးအမြတ်များသည် မြန်မာစစ်အစိုးရအား အာဏာကို ဆက်လက်ဆွဲကိုင်ထားစေရန် အထောက်အပံ့ ဖြစ်စေသည်ဟု လူအခွင့်အရေးအဖွဲ့များက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြသည်။

သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် လူ့အခွင့်အရေးအဖွဲ့ ERI ၏ “တိုတယ်လ်၊ ရှက်ဗရွန်နှင့် PTTEP ကုမ္ပဏီများက စစ်အစိုးရ ကျူးလွန်နေသည့် လူ့အခွင့်အရေး ချိုးဖောက်မှု၊ ဘဏ္ဍာရေး လျှို့ဝှက်မှု၊ နျူကလီးယား ပြန့်ပွားမှုတို့ကို အထောက်အကူပြုနေပုံ” ဟူသည့် အစီရင်ခံစာထဲတွင် စစ်အစိုးရသည် သဘာဝဓာတ်ငွေ့ စီမံကိန်းများမှ ရရှိသော အမြတ်အစွန်းများကို စင်္ကာပူနိုင်ငံရှိ ဘဏ်များတွင် လျှို့ဝှက်ဘဏ် အကောင့်များ ဖွင့်၍ ဝှက်ထားခဲ့ကာ နိုင်ငံ၏ ကျန်းမာရေးနှင့် ပညာရေး ဘတ်ဂျတ်များ အတွက် အသုံးမပြုခဲ့ဟု ဖော်ပြထားသည်။

သို့ရာတွင် PTTEPမှ မြန်မာနိုင်ငံတွင်း၌ ၄င်းပိုင်ဆိုင်သည့် အစုရှယ်ယာ တချို့တဝက်ကို ရောင်းချမည့် ကြေညာချက်သည် လူ့အခွင့်အရေး အဖွဲ့များ၏ ဝေဖန်ပြောဆိုမှုကြောင့် ဆုံးဖြတ်ခဲ့ခြင်း ဟုတ်မဟုတ်မှာမူ မသေချာပေ။

ထိုင်းကုမ္ပဏီ PTTEP ရင်းနှီးမြှုပ်နှံမှု ပြုလုပ်မည့် နောက်ထပ် နိုင်ငံတခုမှာ ဗီယက်နမ်နိုင်ငံ ဖြစ်လိမ့်မည်ဟု မျှော်လင့်ရပေသည်။ BP ကုမ္ပဏီသည် မကြာသေးခင်က မက္ကဆီကို ပင်လယ်ကွေ့တွင် ရေနံပန်းထွက်မှုနှင့် ပတ်သတ်၍ ဆုံးရှုံးမှုများကို ပေးချေရန်အတွက် ဗီယက်နမ်နိုင်ငံရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရေး ပိုင်ဆိုင်မှုများကို ရောင်းချမည်ဟု ကြေညာခဲ့ရာ ထိုင်းကုမ္ပဏီ PTTEP မှ လေလံဆွဲရန် စဉ်းစားနေသည်။

PTTEP ၏ အမှုဆောင် အရာရှိချုပ် Anon Sirisaengtaksin က ပြောကြားရာတွင် PTTEP ၏ စွမ်းအင် ရောင်းချမှု ပမာဏသည် တရှိန်ထိုး တက်လာသော ဝယ်လိုအားကို ဖြည့်ဆည်းရန်အတွက် ၂ဝ၁ဝ ခုနှစ်အတွက် နဂို မျှော်လင့်ထားသည့် ပမာဏထက် သုံးရာခိုင်နှုန်းမှ လေးရာခိုင်နှုန်းအထိ ပိုမို ရောင်းချရန် လိုအပ်လိမ့်မည်ဟု ခန့်မှန်းထားကြောင်း ပြောဆိုခဲ့သည်။


 
dairrawaddy2
pegu1

title
ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၁) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၂) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၃) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၄) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၅)

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1441 guests online