နယူးဒေလီ (မဇ္ဈိမ) ။ ။ အိမ်၊ ခြံ၊ မြေ ဝယ်ယူရာတွင် ဝင်ငွေပြစရာ မလိုသည့် အခွန်စနစ်သစ် သက်တမ်း ကုန်ခါနီးသဖြင့် ရန်ကုန် အိမ်ခြံမြေဈေးကွက် အရောင်းအဝယ် သွက်နေကြောင်း အဆိုပါ လုပ်ငန်း္ဖအကျိုးဆောင်များက ပြောဆိုကြသည်။
ငွေမဲမှ ငွေဖြူလျော်ရာတွင် အသုံးဝင်စေသော ၂ဝဝ၇ ခုနှစ် သြဂုတ်လတွင် ပြဋ္ဌာန်းခဲ့သည့် ယင်းအခွန်စနစ်သစ်သည် ယခုလ ၁၂ ရက်နေ့တွင် ကုန်ဆုံးမှာဖြစ်သည်။ ယင်းစနစ်အရ ဝယ်သူသည် အိမ်ဝယ်သည့် ငွေကြေးကို အခွန်ဦးစီးဌာနသို့ ပြသရန် မလိုအပ်တော့ပေ။
“အရောင်းအဝယ်က အခုဆို ကျပ်သိန်း ၁ဝဝဝ ဝန်းကျင်ကနေ ၅ဝဝဝ ဝန်းကျင်အထိကို အလုပ်ဖြစ်တယ်။ အရောင်းအဝယ် သွက်တယ်လို့ ပြောလို့ရတယ်။ အခွန်စနစ်သစ်ရဲ့ သတ်မှတ်ထားတဲ့ ကာလလေးကို အမိအရဖမ်းပြီး လုပ်ကြတာဖြစ်လို့ အရောင်းအဝယ်တွေ သွက်နေတာပါ” ဟု ကျောက်တံတားမြို့နယ်ရှိ ဝါရင့်အိမ်ခြံမြေ အကျိုးဆောင်တဦးက မဇ္ဈိမကို ပြောသည်။
တာမွေမြို့နယ်မှ အိမ်ခြံမြေ အကျိုးဆောင်ကလည်း “ပြီးခဲ့တဲ့ လထဲမှာ အရောင်းရော၊ အငှားရော အတော်လေး သွက်လာတယ်။ သင်္ကြန်နားနီးတုန်းက တလနေလို့ တပွဲ၊ နှစ်ပွဲလောက်ပဲ ဖြစ်တယ်။ အရင်လက ၅ ပွဲလောက်အထိ အရောင်းအဝယ် ဖြစ်တယ်။ သိန်း ၁ဝဝ ကနေ ၅ဝဝ လောက်ရှိတဲ့ အရောင်းအဝယ်တွေပေါ့” ဟု ပြောသည်။
အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များ အဆိုအရ ရန်ကုန်တိုင်းအတွင်း အရောင်းအဝယ် ဖြစ်နေသည့် မြို့နယ်အချို့မှာ ကမာရွတ်၊ တာမွေ၊ မင်္ဂလာတောင်ညွန့်၊ ဗဟန်း၊ လှိုင်၊ ရန်ကင်းနှင့် မရမ်းကုန်းမြို့နယ်တို့ ဖြစ်ပြီး အင်းလျားလမ်း အနီးတဝိုက်တွင် ကျပ်သိန်းပေါင်း သောင်းဂဏန်းရှိ အိမ်ခြံမြေများပင် အရောင်းအဝယ် ဖြစ်နေသည်။
အိမ်၊ ခြံ၊ မြေ အရောင်းအဝယ် ပြုလုပ်ရာတွင် ၂ဝဝ၇ ခုနှစ် အစောပိုင်း ကာလများအထိ ဝယ်သူဘက်မှ ဝယ်ယူသည့် ငွေကြေး မည်ကဲ့သို့ ရရှိခဲ့သည်ကို အခွန်ဦးစီးဌာနသို့ ရှင်းလင်း တင်ပြရလေ့ရှိသည်။
စစ်အစိုးရသည် အခွန်စနစ်သစ်ကို ပြီးခဲ့သည့်နှစ် သြဂုတ်လ ၁၂ ရက်နေ့တွင် သက်တမ်းတနှစ် ထပ်မံ တိုးမြှင့်ခဲ့သည်။
အိမ်ရောင်းချမည်ဆိုပါက သက်ဆိုင်ရာ မြို့နယ်အခွန်ဦးစီးဌာနသို့ တင်ပြရပြီး ယင်းဌာနက ကာလပေါက်ဈေး အဖြစ် ဈေးဖြတ်ပေးကာ ရောင်းချသူဘက်က အဆောက်အဦး တန်ဖိုး၏ ၈ ရာခိုင်နှုန်းကို အမြတ်ခွန်အဖြစ် ပေးဆောင်ရသည်။
လက်လွှဲရောင်းချသည့် အိမ်၊ ခြံ၊ မြေသည် ရန်ကုန်တိုင်းအတွင်း ဖြစ်ပါက ဝယ်ယူသူသည် မြေစာရင်းဌာနသို့ တံဆိပ်ခေါင်းခွန်အဖြစ် အဆောက်အဦး တန်ဖိုး၏ ၇ ရာခိုင်နှုန်း ပေးဆောင်ရပြီး နယ်မြို့များတွင် ၅ ရာခိုင်နှုန်း ပေးဆောင်ရသည်။
ယခုကဲ့သို့ ရန်ကုန် အိမ်၊ ခြံ၊ မြေများ အရောင်းသွက်နေရခြင်း အကြောင်းရင်းမှာ အဓိကအားဖြင့် အခွန်စနစ်သစ် အပြင် ပြည်တွင်းရွှေဈေး မြင့်တက်ခြင်းနှင့် ကျောက်မျက်ရတနာပြပွဲ ပြီးစီးသွားသဖြင့်လည်း ပါဝင်ကြောင်း အကျိုးဆောင်များက ဆိုသည်။
“ရွှေဈေးတက်တော့ လူတွေက ထုတ်ရောင်းကြပြီး အိမ်၊ ခြံ၊ မြေဘက် လှည့်လာတာလည်း ပါတယ်။ နောက်တခုက ကျောက်မျက်ရတနာပြပွဲ ပြီးသွားတော့ ငွေပေါ်လာတာတွေက ဒီဘက်ကို လာရင်းနှီးမြှုပ်နှံထားတာလည်း ပါတယ်” ဟု လုပ်သက် ၁ဝ နှစ်ကျော်ရှိ မင်္ဂလာတောင်ညွန့်မှ အကျိုးဆောင်က ပြောသည်။
မြန်မာ့ရွှေဈေးသည် ပြီးခဲ့သည့် မေလဆန်းပိုင်းမှ စတင်ကာ စံချိန်တင် မြင့်တက်ခဲ့ပြီး သမိုင်းတလျှောက် အမြင့်ဆုံး ဈေးနှုန်းအဖြစ် တကျပ်သားလျှင် ၆ သိန်း ၆ သောင်း ၂ ထောင်သို့ ပြီးခဲ့သည့် လဆန်းပိုင်းက ရောက်ရှိခဲ့သည်။ ယနေ့ ပေါက်ဈေးမှာ ၆ သိန်း ၄ သောင်း ၁ ထောင် ဖြစ်သည်။
ယခုနှစ် မိုးရာသီ ကျောက်မျက်ရတနာပြပွဲကို ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်ရှိ MCC ခန်းမတွင် ပြီးခဲ့သည့်ဇွန်လ ၂၇ ရက်နေ့မှ ဇူလိုင်လ ၇ ရက်နေ့အထိ ပြုလုပ်ခဲ့ပြီး ကျောက်မျက်ရတနာ အတွဲပေါင်း ၁၁၂၇၂ တွဲ ခင်းကျင်း ပြသခဲ့သည်။
ပြပွဲသို့ ထိုင်ဝမ်၊ တရုတ်ပြည်မမှ ရတနာကုန်သည် အများစုနှင့် ပြည်တွင်းမှ ကုန်သည်အချို့ အပါအဝင် ကုန်သည်ပေါင်း တသောင်းကျော် လာရောက်ခဲ့ကြပြီး အမေရိကန်ဒေါ်လာ ၉၁၇ သန်းကျော်ဖိုး ရောင်းချခဲ့ကြောင်း သိရသည်။







