နယူးဒေလီ (မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံတွင် အာလူးစိုက်ပျိုးမှု အများဆုံးဒေသ ရှမ်းပြည်နယ်တောင်ပိုင်းတွင် မိုးခေါင်ခြင်းနှင့် အပူချိန် မြင့်မားခြင်းတို့ကြောင့် အာလူး အထွက်နှုန်း ကျဆင်းခဲ့သဖြင့် ဈေးနှုန်းများ ပြီးခဲ့သည့်နှစ်ထက် ၂ ဆ နီးပါး မြင့်တက်ခဲ့သည်။
ပြီးခဲ့သည့်နှစ်တွင် ရှမ်းပြည်တောင်ပိုင်း ဟဲဟိုးဒေသထွက် အာလူးသည် ၁ ပိဿာလျှင် ၇ဝဝ ကျပ် ဝန်းကျင်နှင့် အောင်ပန်းဒေသထွက်မှာ ၅ဝဝ ကျပ် ဝန်းကျင် ဈေးနှုန်းများ ရှိခဲ့ရာမှ ယခုနှစ်တွင် ဟဲဟိုးအာလူးမှာ ၁ ပိဿာ ၁၃၅ဝ ကျပ်နှင့် အောင်ပန်းအာလူးမှာ ၁ဝဝဝ ကျပ်သို့ ၂ ဆ မြင့်တက်သွားခြင်း ဖြစ်သည်။
“ရန်ကုန်ဈေးကွက်ကို အဓိကဝင်တာက ရှမ်းပြည်တောင်ပိုင်းက အာလူးတွေပါ။ ဒီနှစ်က သူတို့ဘက်မှာလည်း မိုးခေါင်ပြီး အပူချိန်မြင့်တဲ့အတွက် အထွက်နှုန်းလျော့တာ ဖြစ်လာတော့ ဈေးနှုန်းက မနှစ်ကထက် ၂ ဆလောက် တက်သွားတယ်” ဟု ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ် ဘုရင့်နောင်ပွဲရုံတန်းရှိ အာလူးပွဲရုံပိုင်ရှင်တဦးက မဇ္ဈိမကို ပြောသည်။
ရှမ်းပြည်နယ်တောင်ပိုင်းမှ ကုန်းအာလူးနှင့် ရေအာလူး ဟူ၍ ၂ မျိုး ထွက်ရှိပြီး ကုန်းအာလူးကို မတ်လတွင် စတင်စိုက်ပျိုးကာ ဇွန်လတွင် တူးဖော်လေ့ရှိသည်။ ရေအာလူးကိုမူ ဖေဖော်ဝါရီလတွင် စိုက်ပျိုးကာ ဧပြီလတွင် တူးဖော်လေ့ရှိသည်။
ကုန်းအာလူးကို ပင်းတယနှင့် ကလောဒေသများတွင် မိုးရေဖြင့် စိုက်ပျိုးပြီး ရေအာလူးကို ဟဲဟိုးဒေသ၌ ဆည်ရေဖြင့် စိုက်ပျိုးကြသည်။
“ဒီနှစ်က မိုးရွာတာ နည်းတော့ ကုန်းရော ရေရော အထွက်နည်းကုန်တယ်။ မနှစ်ကထက် ၅ဝ ရာခိုင်နှုန်းလောက်အထိ ကျသွားတယ်” ဟု ရှမ်းပြည်နယ် တောင်ကြီးမြို့မှ ပွဲရုံပိုင်ရှင်တဦးက ပြောသည်။
ယခုလက်ရှိတွင် ရန်ကုန်ဈေးကွက်၌ ဟဲဟိုးအာလူးများ ရောင်းချကုန်ဆုံးပြီးနောက် အောင်ပန်းအာလူးများ ယခုလဆန်းပိုင်းက စတင်ဝင်ရောက်နေသည်။ ယနေ့ ဈေးနှုန်းမှာ အောက်စ (အညံ့ဆုံး) မှ အလုံးကြီး (အကောင်းဆုံး) အထိ ၁ ပိဿာလျှင် ၄၅ဝ ကျပ်မှ ၁ဝ၂ဝ ကျပ် အတွင်း ရှိသည်။
ပြည်တွင်း အာလူးဈေး မြင့်တက်နေသဖြင့် တရုတ်ပြည်မှ အာလူးများလည်း မူဆယ်လမ်းမှတဆင့် ရန်ကုန်နှင့် မန္တလေး ဈေးကွက်များအတွင်း ဝင်ရောက်နေကြောင်း သိရသည်။
“တရုတ်အာလူးက ပြည်တွင်းထက် ဈေးနည်းနည်း သက်သာတယ်။ မန္တလေးကို ရှမ်းပြည်က အာလူးတွေ မဝင်သေးတော့ တရုတ်အာလူးကိုပဲ အဓိကထား ရောင်းနေရတယ်။ အရောင်းအဝယ်တော့ ခပ်ပါးပါးပဲ” ဟု မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ် ကျွဲဆည်ကန် ပွဲရုံတန်းမှ ပိုင်ရှင်တဦးက ပြောသည်။
တရုတ်အာလူး၏ ယနေ့ဈေးနှုန်းမှာ တပိဿာလျှင် ၄ဝဝ ကျပ်မှ ၇ဝဝ ကျပ်အတွင်း ရှိသည်။
မြန်မာနိုင်ငံတွင် အကြီးဆုံး အာလူးဈေးကွက်မှာ ရန်ကုန်မြို့တွင်တည်ရှိပြီး ဒေသအသီးသီးမှ ဝင်ရောက်လာသော အာလူးများကို အာလူးကြော် ထုတ်လုပ်သည့်လုပ်ငန်းများနှင့် ဧရာဝတီတိုင်းသို့ တင်ပို့ရောင်းချသည်။
“လက်ရှိရောင်းအားကတော့ ပုံမှန်ဆိုပေမယ့် နည်းနည်းအေးချင်တယ်။ ပစ္စည်းဈေး မြောက်နေတော့ လူတွေလည်း ထိန်းလုပ်နေကြတဲ့ အနေအထားပေါ့” ဟု ဘုရင့်နောင် ပွဲရုံတန်းမှ အာလူးပွဲရုံပိုင်ရှင်က ပြောသည်။
ရှမ်းပြည်နယ် တောင်ပိုင်းတွင် အာလူးကို ၂ဝဝ၈ - ၂ဝဝ၉ ခုနှစ် စိုက်ပျိုးရာသီ၌ ၄၂၁၈၉ ဧက စိုက်ပျိုးခဲ့ပြီး ၂ဝဝ၉ - ၂ဝ၁ဝ တွင် ၄၂၄ဝ၅ ဧက စိုက်ပျိုးခဲ့သည်ဟု ပြည်နယ်မြေစာရင်း ဦးစီးဌာန စာရင်းအရ သိရကြောင်း ယခုတပတ်ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် အာလူးကို ရှမ်းပြည်နယ်တောင်ပိုင်း၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ မကွေးတိုင်းနှင့် မန္တလေးတိုင်းတို့တွင် စိုက်ပျိုးကြသည်။
ဘင်္ဂလားဒေ့ခ်ျနိုင်ငံက မြန်မာနိုင်ငံအနောက်ဘက် ရခိုင်ပြည်နယ်ရှိ ရေဘေးဒဏ်ခံ ဒေသများသို့ အာလူးတန်ချိန်ပေါင်း ၉၂ဝဝ ကျော်ကို ယခုလ ၁၄ ရက်နေ့က တင်ပို့ခဲ့သေးသည်။







