နယူးဒေလီ (မဇ္ဈိမ) ။ ။ ဘင်္ဂလားဒေ့ခ်ျက ပထမဆုံးအကြိမ်အဖြစ် ရခိုင်ပြည်နယ်ရှိ ရေဘေးသင့် ဒေသများသို့ အာလူး ပိဿာချိန် ၉၂၀၀ ကျော်ကို ယခုလ ၁၄ ရက်နေ့မှ စတင်၍ တသုတ်ချင်း တင်ပို့ ရောင်းချနေသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မြို့နယ် ၈ မြို့နယ်တွင် ပြီးခဲ့သည့် လလယ်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် ၄ ရက်ကြာ ရေလွှမ်းမိုးခဲ့သောကြောင့် မြန်မာပြည်တွင်းမှ အာလူးများ တင်ပို့ရန် မလွယ်ကူရာမှ ဘင်္ဂလားဒေ့ခ်ျထံ မှာယူတင်သွင်းခြင်း ဖြစ်သည်။
“ဘင်္ဂလားဒေ့ခ်ျ ကုမ္ပဏီ ၂ ခုက တင်သွင်းတာပါ။ အဓိကကတော့ ရခိုင်ပြည်ထဲက ဘူးသီးတောင်၊ မောင်တော စတဲ့ ရေဘေးသင့် ဒေသတွေကိုပေါ့နော်။ အဲဒီမှာ ရေဘေးပြီးတဲ့နောက် အစားအစာတွေ ပြတ်လပ်ပြီး ကုန်ဈေးနှုန်းတွေ မြင့်တက်သွားတယ်လေ” ဟု ဘင်္ဂလားဒေ့ခ်ျ အခြေစိုက် နိရဉ္စရာ သတင်းဌာန အယ်ဒီတာချုပ် ကိုခိုင်မြတ်ကျော်က မဇ္ဈိမကို ပြောသည်။
ဘင်္ဂလားဒေ့ခ်ျမှ နိုင်ငံခြားပို့ကုန် ကုမ္ပဏီများဖြစ်သည့် Jafor က အာလူး မက်ထရစ်တန် ၉ တန် (၅၉၅၈ ပိဿာ) နှင့် Abdur Rahman က ၅ တန် (၃၃၁ဝ ပိဿာ) စုစုပေါင်း ၁၄ တန် တင်ပို့ခြင်း ဖြစ်သည်။
လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုနှင့် ဈေးနှုန်း ကြီးမြင့်မှုတို့ကြောင့် ပြီးခဲ့သည့် လလယ်ပိုင်းမှ စတင်ကာ မြန်မာပြည်တွင်းမှ အာလူးများသည် ရခိုင်ပြည်နယ် မြို့တော်စစ်တွေသို့ မဝင်ရောက်တော့ဘဲ ရပ်တန့်သွားခဲ့သည်။
စစ်တွေ မြို့မဈေးမှ အာလူး ပွဲရုံပိုင်ရှင်တဦးက “ရန်ကုန်ဘက်၊ ရှမ်းပြည်ဘက်က ဝင်တဲ့ အာလူးတွေက ဈေးမြင့်နေလို့ ရောင်းလို့ မကိုက်ဘူးလေ။ အဲဒီဘက်က မဝင်တော့ ဘင်္ဂလားဒေ့ခ်ျဘက်က ဝင်လာတာ။ ဒီမှာတော့ ဘုံဘေအာလူးလို့ ခေါ်တယ်။ အလုံးကြီးကြီးတွေ။ ဝယ်သူတွေက ကြိုက်ကြပါတယ်” ဟု ပြောသည်။
စစ်တွေမြို့တွင် ယနေ့ရောင်းချနေသည့် အာလူးဈေးနှုန်းမှာ အကြီးအသေးအလိုက် တပိဿာလျှင် အနိမ့်ဆုံး ၈ဝဝ ကျပ်မှ ၉ဝဝ အထိ ဈေးနှုန်းရှိသည်။
မြန်မာနိုင်ငံတွင် အာလူးကို ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ မကွေးတိုင်းနှင့် မန္တလေးတိုင်းတို့တွင် အဓိက စိုက်ပျိုးကြသည်။
“ရခိုင်ဘက်ကို အာလူးပို့မယ်ဆိုရင် ရေလမ်းခရီးနဲ့ဆို ၃ ရက်လောက် ကြာမယ်။ ကားလမ်းဆိုရင်လည်း လမ်းတွေ၊ တံတားတွေက ပျက်နေတာ များတယ်လေ။ ဘင်္ဂလားဒေ့ခ်ျကဆိုရင် မနက်ပို့ရင် ညနေဆို ရောက်ပြီ” ဟု ကိုခိုင်မြတ်ကျော်က ဆိုသည်။
ဘင်္ဂလား-မြန်မာ နယ်စပ်ကုန်သွယ်ရေး စခန်းကို ၁၉၉၅ ခုနှစ် စက်တင်ဘာလတွင် ဖွင့်လှစ်ခဲ့ရာ ဘင်္ဂလားဒေ့ခ်ျက ဘိလပ်မြေ၊ ဓာတ်မြေသြဇာများကို တင်သွင်းလာခဲ့ပြီး ယခုအခါ အာလူးကိုပါ လိုအပ်ချက်အရ တိုးမြှင့်တင်သွင်းခြင်း ဖြစ်သည်။
မြန်မာနိုင်ငံကမူ ဘင်္ဂလားဒေ့ခ်ျသို့ ဇီးယို၊ မုန့်မျိုးစုံ၊ ပဲ၊ ဆန်၊ ဝါး၊ သစ်၊ ငါး၊ ပုစွန်နှင့် ရေထွက်ပစ္စည်းများ တင်သွင်းသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ မင်းပြား၊ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်နှင့် မြောက်ဦးမြို့နယ်များတွင် ပြီးခဲ့သည့်လ ၁၄ ရက်နေ့မှ ၁၇ ရက်နေ့အထိ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေလွှမ်းမိုးခဲ့သဖြင့် အမျိုးသား ၃၅ ဦးနှင့် အမျိုးသမီး ၂၈ ဦး သေဆုံးခဲ့ကြောင်း စစ်အစိုးရက သတင်းထုတ်ပြန်ခဲ့သည်။
ထို့ပြင် လူပေါင်း ၇ သောင်း ၇ ထောင်ခန့် အိုးအိမ်မဲ့ သို့မဟုတ် နေရာရွှေ့ပြောင်းခဲ့ရသည်ဟု ကမ္ဘာ့ ကုလသမဂ္ဂက ပြောဆိုခဲ့သည်။







