ချင်းမိုင် (မဇ္ဈိမ)။ ။ ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့မှ ရန်ကုန်သို့ ပြေးဆွဲနေသည့် ခရီးသည်တင် ကားများသည် လူမတင်ဘဲ တရားမဝင်ကုန်များကိုသာ တင်ဆောင်နေသဖြင့် ခရီးသည်များ အခက်တွေ့နေကြောင်း သိရသည်။
ရန်ကုန်သို့ တိုက်ရိုက်ပြေးဆွဲသည့် မြဝတီမှ မှန်လုံကားများက ယခင်လမှ စတင်ကာ ခရီးသည်များကို သယ်ဆောင်ခြင်း မပြုတော့သဖြင့် ခရီးသည်များမှာ ဘားအံမြို့တွင် တဆင့်ထောက်နေရပြီးမှ ရန်ကုန်သို့ ဆက်သွားနေကြရသည်။
“မြဝတီကနေ ရန်ကုန်ကို တိုက်ရိုက်သွားလို့ မရတဲ့အတွက် ဘားအံမှာ တဆင့်ပြောင်းစီးရတယ်။ ကားက အချိန်မှီ မရောက်ရင် နောက်ကျလို့ ရန်ကုန်ကား ထွက်သွားရင် တညအိပ်ရဦးမယ်။ အချိန်ကုန်တယ်။ စားရိတ်ထောင်းတာပေါ့” ဟု မြဝတီ-ရန်ကုန် ကူးသန်းနေသည့် ခရီးသည်တဦးက မဇ္ဈိမကိုပြောသည်။
မြဝတီ-ရန်ကုန် ပုံမှန်ပြေးဆွဲနေသည့် ကားများထဲမှ ‘အဆွေတော်’ ကား တစီးသာ ကုန်နှင့်လူ မျှတင်သော်လည်း မြတ်အိနြေ္ဒ၊ နော်တယာ၊ ပြည့်အားမာန်၊ စစ်သွေး၊ နေလမင်း၊ ထိုကော်ကိုး စသည့် ခရီးသည်တင် ကားများမှာ မှောင်ခိုကုန်ပစ္စည်း သီးသန့်သယ်ဆောင်နေကြကြောင်း သိရသည်။
ယင်းကားများသည် ထိုင်းနိုင်ငံမှလာသော ဆိုင်ကယ် အပါအဝင် Sprite ၊ ကျွဲရိုင်း၊ ကိုကာကိုလာ၊ ငံပြာရည်၊ အဝတ်အထည်၊ ဆိုင်ကယ်/ကားအပိုပစ္စည်း၊ နို့ပုလင်း၊ အဝတ်အထည်၊ အချိုမှုန့် စသည့် မှောင်ခိုပစ္စည်းများကို သယ်ဆောင်ခြင်းဖြစ်ကြောင်း မြဝတီ-ရန်ကုန် ယာဉ်လက်မှတ် အရောင်းဝန်ထမ်း တဦးထံမှ သိရသည်။
“ခရီးသည်တင်မယ်ဆိုရင် တစီးလုံးမှ ၆-၇ သိန်းလောက်ပဲ ရတာကိုး။ Owner (ကားပိုင်ရှင်) အနေနဲ့ မကိုက်ဘူးလေ။ မှောင်ခိုပစ္စည်းတွေ ၆ ဘီး မှန်လုံကား တစီးဆိုရင် သိန်း ၃ဝ ကျော်ရတယ်။ အဲဒီတော့ လူတွေမတင်တော့ဘူးလေ” ဟု သူက ပြောသည်။
မြဝတီ-ရန်ကုန်သို့ ယဉ်စီးခမှ တဦးလျင် ၉ဝဝဝ ဖြစ်ပြီး လမ်းခရီးရှိ တိုးတက်သည့် ဗုဒ္ဓဘာသာတပ်မတော် DKBA နှင့် နအဖ စစ်သား၊ ရဲများအား ဂိတ်ကြေးပေးရသဖြင့် ကားပိုင်ရှင်များမှာ တွက်ခြေ မကိုက်ကြဟု ဆိုသည်။
ထိုင်းပစ္စည်းများကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှတဆင့် နှစ်နိုင်ငံကြား သောင်းရင်းမြစ်ကို စက်လှေများဖြင့် ဖြတ်ကာ တဘက်ကမ်း မြဝတီမှ DKBA ပိုင် ကူတို့ဆိပ်များဖြစ်သည့် ၉၉၉ ဂိတ်နှင့် ၁၁ ဂိတ်တို့မှ တင်သွင်းကြသည်။
မြဝတီ-ရန်ကုန် လမ်းကြောင်းရှိ ဘားအံမြို့နယ် သံလျင်တံတားဂိတ်၊ သထုံမြို့နယ် ဒုံလဘီးဂိတ်၊ ကျိုက်ထိုမြို့နယ် မုပ္ပလင်ဂိတ်၊ ပဲခူးမြို့နယ် ဝေါဂိတ်နှင့် ရန်ကုန်တိုင်း အင်းတိုင်ဂိတ်များကို ကျော်နိုင်ရန် ငွေဖြင့် လာဘ်ထိုးကြရသည်ဟု ကုန်သည်များက ပြောသည်။
“ကုန်သည်တွေမှာ ဒီဂိတ်တွေကို ဖြတ်ကျော်ဖို့ ကုန်ပစ္စည်းသယ်ဆောင်ခွင့်အတွက် အဲဒီစာရွက်ထဲမှာ အရာရှိတယောက်ရဲ့လက်မှတ်ပါဖို့တော့ လိုတယ်။ သူတို့နဲ့ပြီးတယ်ဆိုပေမယ့်လည်း ဂိတ်ကကောင်တွေ ကို လက်ဘက်ရည်ဖိုးဆိုပြီး ပေးရတာပဲ” ဟု ကုန်သည်တဦးက မဇ္ဈိမကို ပြောသည်။
မြဝတီ-ရန်ကုန် လမ်းကြောင်းတွင် ဘားအံခရိုင် ကော့ကရိတ်မြို့နှင့် ရန်ကုန်အကြား အချိန်မရွေး သွားလာနိုင်သော်လည်း ကော့ကရိတ်မှ မြဝတီမြို့သို့မူ ဒေါနတောင်တန်း တောင်ပေါ်လမ်းမှာ ကျဉ်းမြောင်းသဖြင့် အဆင်း၊ အတက် ၂ရက် ခွဲထားသည်။
၂ဝဝ၉ ခုနှစ်တွင် ထိုင်း-မြန်မာနယ်စပ် မြဝတီ-မဲဆောက် နယ်စပ်ကုန်သွယ်ရေးမှ ကုန်သွယ်မှု ပမာဏ အမေရိကန် ဒေါ်လာ ၇၂၄ သန်းရရှိခဲ့ပြီး ၂ဝဝ၈ ခုနှစ် အလားတူ ကာလထက် ၂၇ ရာခိုင်နှုန်း တိုးတက်ခဲ့ ကြောင်း တရားဝင် ထုတ်ပြန်ချက်များအရ သိရသည်။
(ကိုဝိုင်းတည်းဖြတ်သည်)







