စနေ, ၁၃ မတ် ၂၀၁၀

Mizzima Burmese

Home > သတင်း > စီးပွားရေးသတင်း > ဘိလပ်မြေဈေး ကျပ်တထောင်ကျော် မြင့်တက်

ဘိလပ်မြေဈေး ကျပ်တထောင်ကျော် မြင့်တက်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ)။    ။ ဈေးကွက်အတွင်း ဝယ်လိုအားများနေသဖြင့် ဘိလပ်မြေဈေးနှုန်းများ ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ကျပ်တထောင်ကျော် မြင့်တက်သွားကြောင်း ရန်ကုန်မြို့ရှိ ဆောက်လုပ်ရေးပစ္စည်း အရောင်းဆိုင်များ အဆိုအရ သိရသည်။

ယခုလ ၁ ရက်နေ့က ထိုင်းနိုင်ငံထုတ် ၅၀ ကီလိုဂရမ်ရှိ ဆင်တံဆိပ် ဘိလပ်မြေ တအိတ်လျှင် ၅၅၀၀ ကျပ် ဈေးနှုန်း ရှိခဲ့ရာမှ ယနေ့တွင် ၇၀၅၀ ကျပ်သို့ မြင့်တက်သွားပြီး၊ ကျန်တံဆိပ်များလည်း ကျပ် တထောင်ကျော် ဈေးတက်သွားခြင်း ဖြစ်သည်။

“ဆင်တံဆိပ်ဆိုရင် ပြီးခဲ့တဲ့ အပတ်က ၅၅၀၀ လောက်ပဲ ရှိတယ်။ အခု ၇၀၅၀ ။ ကျန်တံဆိပ်တွေလည်း အကုန်တက်တယ်။ ပစ္စည်းကတော့ အခု အဝယ်လိုက်နေတယ်” ဟု အင်းစိန်မြို့နယ် စော်ဘွားကြီးကုန်းရှိ ရွှေထူးမြတ် ဆောက်လုပ်ရေး ပစ္စည်းဆိုင်မှ တာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောသည်။

စော်ဘွားကြီးကုန်းရှိ ပြည့်စုံ ဘိလပ်မြေ အရောင်းဆိုင်မှ တာဝန်ရှိသူကလည်း “ဘိလပ်မြေကတော့ ဒီအပတ်ထဲမှာ ရောင်းလည်း ကောင်းသလို၊ ဈေးတွေလည်း တက်လာတယ်။ ဆိုင်မှာ ပစ္စည်းတောင် ပြတ်နေပြီ။ ပစ္စည်းတော့ ထပ်မယူသေးဘူး။ ဈေးအခြေအနေ စောင့်ကြည့်နေတယ်” ဟု မဇ္ဈိမကို ပြောသည်။

ဘိလပ်မြေ ဈေးနှုန်းများသည် ဆောက်လုပ်ရေး လုပ်ငန်းများ၏ သုံးစွဲမှု ပမာဏနှင့် ပြည်ပမှ တင်သွင်းလာသည့် တံဆိပ်သစ်များ အပေါ်မူတည်ကာ အတက်အကျရှိကြောင်းနှင့်  ယခုဈေးနှုန်းအတိုင်း မည်သည့်အချိန်ထိ ဆက်ရှိနေမည်ကို မခန့်မှန်းနိုင်ကြောင်း တာမွေမြို့နယ်မှ ဘိလပ်မြေ အရောင်းဆိုင်ရှင် တဦးက ဆိုသည်။

ယခုလို ဘိလပ်မြေ ဈေးတက်ခြင်းသည် နေပြည်တော်ရှိ ဆောက်လုပ်ရေး လုပ်ငန်းများကြောင့် ဖြစ်နိုင်ကြောင်း ရန်ကုန်မြို့ရှိ ဆောက်လုပ်ရေး လုပ်ငန်း ဝန်ထမ်းတဦးကလည်း ပြောဆိုသည်။

“ရန်ကုန် ဆောက်လုပ်ရေး လုပ်ငန်းတွေကတော့ သိပ်မထူးခြားဘူး။ နေပြည်တော်မှာ မက်စ်မြန်မာက ဘောလုံးကွင်း ၂ ကွင်း ဆောက်နေတာ ရှိတယ်။ အဲဒါကြောင့်လည်း ဖြစ်မယ်ထင်တယ်။ အတိအကျတော့ မခန့်မှန်းတတ်ဘူး” ဟု သူက ပြောသည်။

ဈေးကွက်အတွင်းသို့ ပြည်တွင်းထုတ် အမှတ်တံဆိပ်များဖြစ်သည့် မြင်း၊ ကြံ့၊ မြင်းပျံ၊ ကျောက်ဆည် ဆင်မင်း၊ မြင်းခေါင်း၊ အေသုံးလုံး၊ ကျားခေါင်း၊ မြန်မာစိန် စသည်တို့အပြင် ထိုင်း၊ မလေးရှားနှင့် ပါကစ္စတန်နိုင်ငံများမှ ပါဝါ၊ မိကျောင်း၊ စိန်၊ ဆင်၊ CPI၊ Blue line၊ Mountain စသည့် အမှတ်တံဆိပ်များဖြင့် ဝင်ရောက်လျက်ရှိသည်။

လူကြိုက်များပြီး ရောင်းအား အကောင်းဆုံး ဘိလပ်မြေတံဆိပ်များမှာ ထိုင်းနိုင်ငံမှ တင်သွင်းသည့် ဆင်တံဆိပ်၊ စိန်တံဆိပ်၊ တီပီအိုင်နှင့် ပြည်တွင်းထုတ် ကြံ့တံဆိပ်တို့ ဖြစ်သည်။

“ဒါပေမဲ့ အခုလို အဝယ်လိုက်တဲ့အချိန် ဆိုရင်တော့ တံဆိပ်အကုန်လုံး ရောင်းရပါတယ်”ဟု ရွှေထူးမြတ်ဆိုင် တာဝန်ရှိသူက ပြောသည်။

ပြီးခဲ့သည့်နှစ် ဧပြီလ အလယ်ပိုင်း သင်္ကြန်ကာလအတွင်းကလည်း အာဏာပိုင်များက မန္တလေးတိုင်း အတွင်းရှိ ဘိလပ်မြေစက်ရုံ ၅ ရုံထက်မနည်း ပိတ်ပစ်ခဲ့သဖြင့် ဘိလပ်မြေ ဈေးနှုန်းများ မြင့်တက်ခဲ့သေးသည်။

(ရဲရင့်အောင် တည်းဖြတ်သည်။)

 

Editor's choice

မြန်မာရွေးကောက်ပွဲ ဥပဒေကို စိတ်ပျက်လှကြောင်း အမေရိကန်ပြော

စစ်အစိုးရ၏ ရွေးကောက်ပွဲဥပဒေက အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ၂၁၀၀ ကျော်သော နိုင်ငံရေး ...

အမွန်းကျပ်ဆုံး အချိန်

ယခင်အာဏာရှင် ဦးနေဝင်းအစိုးရလက်ထက် ဖျက်သိမ်းခံလိုက်ရသော ဟံသာဝတီ သတင်းစာ၏ အယ်ဒီတာ၊ အမျိုးသားဒီမိုကရေစီ ...

ရွေးကောက်ပွဲ ဥပဒေက ပြည်ပနေ မြန်မာများအတွက် ပီပြင်မှု မရှိ

စစ်အစိုးရ၏ ရွေးကောက်ပွဲဥပဒေက စီးပွားရေးနှင့် နိုင်ငံရေးကြောင့် ပြည်ပတွင် ပြန့်နှံ့ရောက်ရှိနေသော မြန်မာသန်းပေါင်းများစွာ၏ ...

ဘန်ကောက်ကို လေဖြတ်အောင် လုပ်ရန် ရှပ်နီများကြံ

ယခုသီတင်းပတ်ကုန်များတွင် အစိုးရဆန့်ကျင်ရေး လူထုဆန္ဒပြပွဲများ ပေါ်ပေါက်နိုင်သဖြင့် ထိုင်းနေပြည်တော်မှာ အရေးပေါ် ...