ကြာသပတေး, ၀၉ ဖေဖေါ်ဝါရီ ၂၀၁၂

Mizzima Burmese

Home > သတင်း > စီးပွားရေးသတင်း > ရခိုင်ဆန် နယ်မကျော်ရ

ရခိုင်ဆန် နယ်မကျော်ရ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ)။     ။ ရခိုင်ပြည်နယ်ထွက် ဆန်များကို ပြည်နယ် နယ်နမိတ် အပြင်ဘက်သို့ တင်ပို့ရောင်းချမှု တားမြစ်ခြင်းကို ယခုလ ဒုတိယပတ်မှ စတင်ခဲ့သည်ဟု ဆန်စပါးကုန်သည်များ အသင်းက ပြောဆိုသည်။

“အခု ဆန်တင်ပို့မှုကို ပိတ်လိုက်တာ လွန်ခဲ့တဲ့ တပတ်လောက်ကပါ။ ပြည်နယ်ဖြတ်ကျော်၊ နယ်စပ်ဖြတ်ကျော် ဂိတ်တွေမှာ စစ်တာပါ။ စားဖို့တော့ သယ်လို့ရပါတယ်။ စီးပွားဖြစ် သယ်လို့မရတာပါ” ဟု ရခိုင်ပြည်နယ် ဆန်စပါး ကုန်သည်များ အသင်းမှ တာဝန်ရှိတဦးက မဇ္ဈိမကို ပြောသည်။

ပြည်နယ်တွင်း စားသုံးမှု ဖူလုံသည့်အပြင် ပိုလျှံလေ့ရှိသောကြောင့် ပုံမှန်အားဖြင့် မကွေးတိုင်း၊ ရန်ကုန်တိုင်းနှင့် နယ်စပ်မှတဆင့် ဘင်္ဂလားဒေ့ခ်ျဘက်သို့ တင်ပို့နေခဲ့ရာက ယခုလို ပိတ်ပင်လိုက်ခြင်းဖြစ်သည်။

ဆန်ဈေးလည်း သိသိသာသာ မြင့်တက်လာခြင်းမရှိသလို ပိုလျှံနေသည့်အခြေအနေတွင် ကုန်သွယ်မှု ပိတ်ပင်ခြင်းအပေါ် ဆန်ကုန်သည်များပင် အံ့သြနေကြသည်။

''သူတို့က ဆန်ပို့တာတွေကို ပြည်နယ်တွင်းမှာ ဆန်ဈေးကြီးလာရင် လုပ်လေ့ရှိတယ်။ ဈေးကျရင် ပို့ခွင့်ပြန်ပေးတယ်။ အခုတော့ ဈေးလည်း အရမ်းမကြီးဘဲနဲ့ ဘာဖြစ်လို့ ဒီလိုလုပ်တယ်ဆိုတာ မသိတော့ဘူး'' ဟု စစ်တွေမြို့မှ ဆန်ကုန်သည် အသင်းဝင် တဦးက ပြောသည်။

နိုင်ငံအတွင်း ဒေသအလိုက် အခါအားလျော်စွာ ဆန်ကုန်သွယ်မှု ကန့်သတ်ခြင်းများကို ၁၉၈၈ ခုနှစ်နောက်ပိုင်း စစ်အုပ်ချုပ်ရေး စတင်ကတည်းက အခါအားလျော်စွာ ပြုလုပ်လေ့ရှိခဲ့သည်။

သက်ဆိုင်ရာ စစ်တိုင်းမှူးများက မိမိတို့အုပ်ချုပ်ရာဒေသတွင်း တည်ငြိမ်ရေးကို အလေးထားကြည့်ကာ ဆန်စပါး မလုံလောက်မှု ကြုံလာနိုင်သည်ဟု ယူဆလျှင် နယ်ကျော်မသယ်ရ ကန့်သတ်ခွင့်ကို နအဖက ပေးထားကြောင်း စစ်ဘက် သတင်းရပ်ကွက်တခုက ပြောသည်။

စစ်တွေမြို့တွင် လတ်တလော ဆန်ဈေးနှုန်းများမှာ ဧည့်မထ တအိတ်လျှင် ၁၂၀၀၀ ကျပ်၊ ဆန်ကြီး (၁၃၀၀၀ ကျပ်)၊ ရွှေဝါထွန်း (၁၄၀၀၀ ကျပ်)၊ ပေါ်ဆန်းမွှေး (၁၇၀၀၀ ကျပ်)၊ ငစိန် (၉၀၀၀ ကျပ်) နှင့် မီးတုန်း (၁၅၀၀၀ ကျပ်) ဖြစ်သည်။

တားမြစ်ခြင်း အကျိုးဆက်အဖြစ် ပြည်နယ်တွင်း ဆန်ဈေးများ ကျဆင်းလာနိုင်သည်ဟု ကုန်သည်များက တွက်ဆနေကြသည်။

လူဦးရေ ၃ သန်းကျော်ရှိသည့် ရခိုင်ပြည်နယ်တွင် ယမန်နှစ်က ဆန်တင်းပေါင်း သိန်း ၃၆၀ ခန့် ထွက်ရှိခဲ့ရာတွင် ပြည်နယ်တွင်း စားသုံးမှုမှာ တင်းပေါင်း သိန်း ၂၁၀ ခန့် ရှိခဲ့သည်ဟု ဆန်စပါး ကုန်သည်များအသင်း စာရင်းဇယားအရ သိရသည်။

(ရဲရင့်အောင် တည်းဖြတ်သည်။)

 
pegu1

title
ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၁) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၂) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၃) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၄) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၅)

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1337 guests online