ရန်ကုန် (မဇ္ဈိမ) ။ ။ မြန်မာပြည်တဝှမ်း မြစ်ချောင်းများ ရေကြီးရေလျှံ ဖြစ်ပေါ်နေသလို ရှမ်းပြည်နယ် မြောက်ပိုင်း တွင်လည်း သြဂုတ်လ ၁၈ ရက်နေ့မှ စ၍ မိုး အဆက်မပြတ် သည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေများ ကျဆင်းမှု
ကြောင့် လားရှိုးမြို့ပေါ် ရပ်ကွက် ၇ ရပ်ကွက်တွင် ရေကြီး၊ ရေမြုပ်မှုများ ဖြစ်ပွားနေကြောင်း သိရသည်။
နှစ်ပေါင်း ၃ဝ ကျော်အတွင်း ပထမဆုံး ရေကြီးမှုအဖြစ် လားရှိုးမြို့ပေါ် ရပ်ကွက် ၁၂ ခုအနက် အမှတ် ၁၊ ၇၊ ၈၊ ၉၊ ၁၁၊ ၁၂ တို့တွင် ရေလွှမ်းမိုးမှု ဖြစ်ပွားနေခြင်း ဖြစ်သည်။ ညနေ ၅ နာရီ ၁၅ မိနစ် နောက်ဆုံးစုံစမ်းချက်အရ ရေဘေး ဒုက္ခသည် အိမ်ထောင်စု ၆ဝ မှ လူဦးရေ ၃၄ဝ ခန့်ရှိကာ ၎င်းတို့အတွက် ကယ်ဆယ်ရေးစခန်း ခြောက်ခု ဖွင့်လှစ်ပေးထား သည်ဟု မြို့ခံ ကယ်ဆယ်ရေး လုပ်သားတဦးက ပြောသည်။
အေဒီချောင်းရေလျှံ၍ လားရှိုးမြို့အဝင် မူဆယ် ကားလမ်းမကြီးလည်း ရေမြုပ်လျက်ရှိကြောင်း “အေဒီချောင်း အနီးက မူဆယ်-လားရှိုး ကားလမ်းမကြီး ၄ ပေ အထိ ရေနစ်နေတယ်။ အခုအချိန်အထိ ရေမြုပ်နေတုန်းပဲ။ ” ဟု မြို့ခံတဦးက မဇ္ဈိမကို ပြောသည်။
သြဂုတ် ၁၉၊ ၂ဝ ရက်မှာ ကွတ်ခိုင်မြို့နယ် အရှေ့ဘက်ခြမ်း၊ တာမိုးညဲ မြို့နယ်ခွဲ၊ မုံးစီး ရွာကြီးရှိ ကားလမ်းမတလျှောက် သုံးနေရာတွင် တောင်ပြိုမှုများကြောင့် ယာဉ်အသွားအလာ ခေတ္တ ရပ်နားထားကြောင်း သိရသည်။
လားရှိုးမြို့တွင် တနင်္ဂနွေနေ့ ညပိုင်းက ရေစီးဖြင့် လူနှစ်ယောက်မျောပါ သေဆုံးခဲ့ကြောင်း ရေဘေး ကယ်ဆယ်ရေး လုပ်နေသည့် ဒေသခံတဦးက ပြောဆိုသော်လည်း ထိုသူနှစ်ဦး၏ အသေးစိတ် သတင်းအချက်အလက်ကိုမှု မသိရှိရသေးပေ။










