ချင်းမိုင် (မဇ္ဈိမ) ။ ။ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်အတွင်းရှိ အုန်းဖျံ ဒုက္ခသည်စခန်းမှ ရပ်ကွက် ၅ ခုတွင် ကြာသပတေးနေ့ မနက် ၁ဝ နာရီခွဲ ခန့်က မီးလောင်မှု ဖြစ်ပွားနေပြီး အိမ်ခြေ ၅ဝဝ ကျော် လောင်ကျွမ်းသွားပြီ ဖြစ်ကြောင်း စခန်းတွင်း
နေထိုင်သူများက ပြောသည်။
မနက် ၁ဝ နာရီခွဲမှ လောင်ကျွမ်းခဲ့သည့် မီးသည် သတင်းတင်ဆက်ချိန် ၃ နာရီထိ လောင်ကျွမ်းနေဆဲ ဖြစ်သည်။
စတင်လောင်ကျွမ်းမှု အကြောင်းရင်းကို အတိအကျ မသိရသေးသော်လည်း အမှတ် ၉ ရပ်ကွက်မှ စတင် လောင်ကျွမ်း ခဲ့သည့် မီးသည် ကပ်လျက်ရှိသည့် ရပ်ကွက် ၆၊ ၇၊ ၈ နှင့် ၁၂ (ခ) ရပ်ကွက်တို့ကို ကူးစက်လောင်ကျွမ်းခဲ့ကြောင်း အိမ်မီးထဲပါသွားသူ ရပ်ကွက် ၈ မှ ကိုအောင်မိုး ကပြောသည်။
“မနက်ကတည်းကလောင်တာ လေကလည်းတိုက်တော့ လောင်အားက မြန်တယ်။ လူတွေက မီးနဲ့ လွတ်တဲ့ ကွင်းပြင်
တွေထဲကို ကလေးတွေခေါ်ပြီး ဝရုန်းသုံးကား ပြေးကြတာ ဘာမှ မသယ်နိုင်ကြဘူး။ မီးသတ်ကား လာပြီလို့တော့ ထိုင်းစစ်သားတွေက လာပြောတယ်။ ခုချိန်ထိတော့ ဒီဘက်ကိုမရောက်သေးဘူး” ဟု ရပ်ကွက် ၈ တွင်နေထိုင်သူ ကိုအောင်မိုးက မဇ္ဈိမကို ပြောသည်။
ဒုက္ခသည် စခန်းတွင်းရှိ အိမ်များသည် သစ်၊ ဝါးနှင့် မြက်သက်ကယ် အမိုးများဖြင့် ဆောက်လုပ်ထားသည့် အိမ်များ
ဖြစ်သည်။ မီးလောင်ကျွမ်းချိန်တွင် အခြား ရပ်ကွက်သူ/သားများက တဲများကို ဖြိုဖျက်ခြင်း၊ ရေဖျန်းခြင်းများ ပြုလုပ်၍ ဝိုင်းဝန်း ငြှိမ်းသတ်သော်လည်း အရှိန်ပြင်းစွာ လောင်ကျွမ်းနေသည့် မီးညွှန့်အား ထိန်းနိုင်ခြင်း မရှိသေးပေ။
“မီးလောင်တာ တွေ့တာနဲ့ အိမ်ခန်းထဲမှာ အဝတ်အထည်တွေနဲ့ အစားအသောက်တွေ သယ်ဖို့ လုပ်တယ်။ ခဏပဲ မီးခိုးလုံးတွေ အိမ်ထဲကိုဝင်လာတာနဲ့ မိန်းမနဲ့ ကလေးတွေကို ဆွဲပြီး ဘေးလွတ်ရာပြေးရတာပဲ။ ဘာမှကို ယူချိန် မရလိုက်ဘူး” ဟု ရပ်ကွက် ၇ တွင်နေထိုင်သူ တဦးက မဇ္ဈိမကိုပြောသည်။
မီးလောင်ကျွမ်းမှုဖြစ်သည့် ရပ်ကွက်များသည် မွတ်ဆလင်လူမျိုးများ အများစုနေထိုင်သည့် ရပ်ကွက်များဖြစ်ကြပြီး ဗလီများနှင့် စာသင်ကျောင်းများလည်း မီးထဲပါသွားခဲ့သည်။ ယခုအခါတွင် ဒုက္ခသည်များသည် အုန်းဖျံဒုက္ခသည် စခန်းအပြင်ဘက် ကွင်းပြင်များထဲတွင် ပုန်းခိုနေကြသည်။
ယခုမီးလောင်ကျွမ်းမှုတွင် လူအသေအပျောက် ရှိမရှိ မသိရသေးသော်လည်း ထိုစခန်းတွင် ရပ်ကွက်ပေါင်း ၁၆ ခုရှိကြောင်း သိရသည်။
အုန်းဖျံစခန်းတွင် မြန်မာဒုက္ခသည် ၁၆၀၀၀ ကျော် ရှိသည်ဟု Thailand Burma Border Consortium (TBBC) ၏ ၂၀၁၁ ခုနှစ် မေလ စာရင်းအရ သိရသည်။
မန္တလေးတွင်လည်း မီးလောင်
မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် ကွေ့ကြီးကုန်းရွာတွင် ကြာသပတေးနေ့ နံနက် ၁၁ နာရီ မိနစ် ၃၀ ခန့်က မီးလောင်ခဲ့ ရာ နေအိမ် ၃ဝ ခန့် ဆုံးရှုံးခဲ့သည်ဟု မန္တလေးတိုင်း မီးသတ်ဌာန ဦးစီးမှူး ဦးကြည်တိုးက မဇ္ဈိမကို ပြောသည်။
"အိမ်ခြေတွေက လက်ရှိတော့ စာရင်းကောက်နေဆဲပါပဲ။ ခန့်မှန်းခြေ ၃၀ ကျော်လောက်တော့ ပါသွားတယ်။ အိမ်သေးသေးလေးတွေပါ။ ၁၅ ပေ ပတ်လည် အိမ်လေးတွေပါ" ဟု မဇ္ဈိမကိုပြောသည်။
မန္တလေးတိုင်း မီးသတ်ဌာနမှ မီးသတ်ကား ၄၃ စီး သွားရောက်ငြိမ်းသတ်ခဲ့ပြီး မီးငြိမ်းသွားပြီဖြစ်သည်။







