နယူးဒေလီ (မဇ္ဈိမ) ။ ။ အိန္ဒိယ-မြန်မာနယ်စပ် တမူးမြို့နှင့် နန့်ဖာလုံကျေးရွာအကြားတွင် တနင်္လာနေ့ ည ၈ နာရီခန့်က မော်တော်ဆိုင်ကယ်နှစ်စီး မတော်တဆ တိုက်မှုကြောင့် နှစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာပြင်းထန်စွာ ရရှိသွားခဲ့သည်။
မြို့အထွက် တံတားအကျော် ‘အောက်လမ်းမကြီး’ပေါ်တွင် ဖြစ်ပွားခဲ့ပြီး မောင်းနှင်လာသူ တဦး နေရာတွင် ပွဲချင်းပြီး သေဆုံးကာ တဖက်ဆိုင်ကယ်အား မောင်းနှင်လာသူ နောက်တဦးမှာ တမူးမြို့နယ်ဆေးရုံတွင် အင်္ဂါနေ့ နေ့လည်ပိုင်းက သေဆုံးသွားခြင်းဖြစ်သည်။
“ဆိုင်ကယ် ဆိုင်ကယ်ချင်း တိုက်တာ။ တဘက်ကလည်း နှစ်ယောက်၊ သူကလည်း နှစ်ယောက်။ အခု ရင်ခွဲပြီး
ဆေးစစ်ချက် ယူနေတယ်။ ရဲက အရေးယူမှာ။ ယာဉ်တိုက်မှုတွေ ဖြစ်တာတော့ ခဏခဏဖြစ်တယ်။ လူအသေအပျောက်တွေ ရှိတယ်” ဟု တမူးမြို့ ဆေးရုံသို့ သွားရောက်ကြည့်ရှုသည့် သေဆုံးသူ၏ သူငယ်ချင်းဖြစ်သူ ကိုဝင်း က မဇ္ဈိမကို ပြောသည်။
အခင်းဖြစ်ပွားရာ နေရာတွင် သေဆုံးသွားသူမှာ တမူးမြို့ ဈေးတန်းရပ်မှ အသက် ၂၈ နှစ် အရွယ်ရှိ ကိုလျှန်ခိုပေါင် ဆိုသူဖြစ်ကြောင်း သိရသည်။
ဒဏ်ရာ အပြင်းအထန် ရရှိသွားသူ အသက် ၃ဝ ခန့်ရှိ အမျိုးသမီး နှစ်ဦးမှာ တမူးမြို့ဆေးရုံ အရေးပေါ်ဌာနတွင် အတွင်းလူနာ အဖြစ် စောင့်ရှောက်ခံထားရကြောင်း သိရသည်။
အခင်းဖြစ်ပွားရာနေရာနှင့် တမူးမြို့ဆေးရုံသည် ၄ ကီလိုမီတာခန့် အကွာတွင် ရှိသော်လည်း ဆေးရုံသို့ ည ၉ နာရီ မှသာ ထော်လာဂျီဖြင့် ဒေသခံများက တွေ့ရှိတင်ပို့နိုင်သည်ဟု ဆိုသည်။







