ကြာသပတေး, ၁၇ မေ ၂၀၁၂

Mizzima Burmese

Home > သတင်း > ကြားဖြတ်နှင့် သတင်းအကျဉ်း > ပြန်ပေးအဖွဲ့ဝင်ဟု သံသယဖြင့် လူခုနှစ်ဦး အဖမ်းခံရ

ပြန်ပေးအဖွဲ့ဝင်ဟု သံသယဖြင့် လူခုနှစ်ဦး အဖမ်းခံရ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္ဈိမ) ။       ။ မြန်မာ နယ်စပ်မြို့တခုဖြစ်သော ကရင်ပြည်နယ် ဘုရားသုံးဆူမြို့ အနီးတဝိုက်တွင် ပြန်ပေး ဆွဲလေ့ရှိသော လက်နက်ကိုင် အဖွဲ့တခုနှင့် ဆက်နွယ်သည်ဟု စွပ်စွဲချက်ဖြင့် လူ ခုနှစ်ဦးကို ယခုသီတင်းပတ်အတွင်း အာဏာပိုင်များက ဖမ်းဆီးခဲ့သည်။

စက်တင်ဘာ ၂၃ ရက်နေ့မှ ၂၈ ရက်အကြား ရာဘာခြံပိုင်ရှင် တဦး အပါအဝင် ခုနှစ်ဦးကို ဘုရားသုံးဆူမြို့ ခြေလျင် တပ်ရင်း ၃၂ ရှေ့တန်းတပ်မှ ဖမ်းဆီးပြီး ရဲစခန်းသို့ အပ်နှံထားသည်ဟု မြို့ပေါ်ရှိ ပြည်သူ့စစ် တပ်ဖွဲ့ဝင်များ၏ သတင်းရပ်ကွက်က ပြောသည်။

“အဖမ်းခံရတဲ့သူ တချို့ဆို သေနတ်တောင်ပါတယ်။ အထောက်အထား မရှိတဲ့သူ တချို့ကိုတော့ ပြန်လွှတ်ပေး
လိုက်ပြီ” ဟု ဘုရားသုံးဆူ ပြည်သူ့စစ်အဖွဲ့နှင့် နီးစပ်သူတဦးက ပြောသည်။

ဒေသခံ သံဃာတော်များနှင့် ရပ်မိရပ်ဖများ၏ အာမခံဖြင့် ကြာသပတေးနေ့တွင် အသက် ၅၆ နှစ် အရွယ်ရှိ ဘုရားသုံးဆူမြို့နယ် မွန်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဝင် နိုင်ဗလိုင်ကို ပြန်လွှတ်ပေးခဲ့ပြီး ကျန် ခြောက်ဦးကို ရဲစခန်း
တွင် ဆက်လက် ထိန်းသိမ်းထားဆဲ ဖြစ်သည်ဟု သူကပြောသည်။

သြဂုတ်လဆန်းမှ စတင်ပေါ်ပေါက်လာသည့် ထိုပြန်ပေးအဖွဲ့က မွန်ပြည် ပြန်လည်ထူထောင်ရေးတပ် အမည်ဖြင့် စက်တင်ဘာလ ၂၁ ရက်နေ့တွင် ရာဘာခြံရှင်နှင့် ရွှေဆိုင် အပါအဝင် စီးပွားရေး လုပ်ငန်းရှင် ၂၈ ဦးထံ စာရေးသား
ကာ ဆက်ကြေး တောင်းထားသည်။

ယင်းအပြင် လွန်ခဲ့သည့် သြဂုတ်လ ၇ ရက်နေ့တွင်လည်း ထိုအဖွဲ့က ဘုရားသုံးဆူမြို့ ရပ်ကွက် ၄ နေ ရာဘာခြံရှင်
နိုင်မောင်နှင့် ခြံလုပ်သား နှစ်ဦးကို ပြန်ပေးဆွဲပြီး ထိုင်းဘတ်ငွေ ငါးသောင်းဖြင့် ရွေးယူခဲ့ရသည့် ဖြစ်ရပ် အပါအဝင် သုံးဆူဝန်းကျင်မှ ရာဘာခြံရှင်များကို လေး ကြိမ်ထက်မနည်း ပြန်ပေးဆွဲခဲ့သည်။

သြဂုတ်လ ၁ဝ ရက်နေ့တွင် သုံးဆူမြို့ရှိ ခလရ ၂၈၄ တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး စောရန်နိုင်၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းထွန်းနှင့် ရာဘာခြံရှင် ၆ဝ ခန့် မြို့နယ် အုပ်ချုပ်ရေးမှူးရုံး ခန်းမတွင် အစည်းအဝေး ပြုလုပ်ပြီးနောက် ဘုရားသုံးဆူ ပြည်သူ့စစ်အဖွဲ့ကို ဖွဲ့စည်းခဲ့သော်လည်း ပြန်ပေးရန်ကို ကာကွယ်နိုင်ခြင်း မရှိသေးကြောင်း ဒေသခံ များက ပြောသည်။

“ပြန်ပေးကို ကြောက်နေရတာနဲ့ ခုထိ ခြံမသွားရဲသေးဘူး” ဟု ရာဘာခြံရှင် တဦးက ပြောသည်။

ကရင်အမျိုးသား အစည်းအရုံး KNU၊ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် DKBA နှင့် မွန်ပြည်သစ်ပါတီ NMSP အဖွဲ့များ လှုပ်ရှားရာ ဒေသတခုဖြစ်သော ဘုရားသုံးဆူတွင် ဇွန်လ ၁၄ ရက်နေ့က
မြို့လယ်ရှိ လူသိများသော လုပ်ငန်းရှင် ဦးအောင်တင်ဝင်း၏ နေအိမ်၊ ရွှေဆိုင်နှင့် ကုန်စုံဆိုင်အား လက်နက်
ကြီးငယ်များဖြင့် အမည်မသိ လူတစုက ပစ်ခတ်ခဲ့သည်။

အလားတူ ဇွန်လ ၅ ရက်နေ့တွင်လည်း မျက်နှာဖုံးစွပ် လက်နက်ကိုင် လေး ဦးက စရဖ ရုံးနှင့် ဓမ္မာရုံကို အလစ်ဝင်၍ ပစ်ခတ် ဖောက်ခွဲခဲ့သည်။


 
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1064 guests and 1 member online