ချင်းမိုင် (မဇ္ဈိမ) ။ ။ မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ဘီဘီစီရေဒီယို ၄ တွင် ဇွန် ၂၈ ရက်နှင့် ဇူလိုင် ၅ ရက်နေ့ မနက် ၉ နာရီတွင် လွတ်မြောက်ခြင်းအကြောင်း ဟောပြောမှာ ဖြစ်သည်။
အကျဉ်းကျနေစဉ်က ဘီဘီစီသည် “ပြင်ပကမ္ဘာနဲ့ ဆက်သွယ်ခွင့်ရတဲ့ တခုထဲသော လမ်းကြောင်း” ဖြစ်သည်ဟု ဆိုလိုက်ပြီး ဘီဘီစီ၏ ကဏ္ဍများ လျော့နည်းလာခြင်းကို ကောင်းစွာသိရှိနေသည်။
“ကမ္ဘာတလွှားအစီအစဉ်ဟာ ပထမအကြိမ် ကျမ အကျယ်ချုပ်ကျနေတဲ့ ၁၉၈၉-၉၅ ကစပြီး ပြောင်းလဲလာတယ်။ မှတ်မိသေးတယ်၊ အဲဒီတုန်းက ယဉ်ကျေးမှု၊ စာအုပ်စာပေ၊ တေးဂီတ စသဖြင့် အစီအစဉ်တွေ စုံပါတယ်။ အခုတော့ အဲဒါမျိုး မတွေ့ရတော့ပါဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်ကို ကိုးကားပြီး ဘီဘီစီ၏ အပတ်စဉ် ရုပ်သံနှင့် ရေဒီယိုမဂ္ဂဇင်း Radio Times က ရေးသားထားသည်။
တိုက်တိုက်ဆိုင်ဆိုင် ဒေါ်အောင်ဆန်းစုကြည်၏ မှတ်ချက်အပြီး နောက်တရက်တွင် ဘီဘီစီ ကမ္ဘာတလွှား အစီအစဉ်မှ ဌာန ၃ ခု ကို ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနက တနှစ်လျှင် ဗြိတိန်ငွေ စတာလင်ပေါင် ၂.၂ သန်း (အမေရိကန်
ဒေါ်လာ ၃ သန်းကျော်) ဖြင့် ၃ နှစ်စာ ထောက်ပံ့မည်ဖြစ်ကြောင်း ကြေညာခဲ့သည်ဟု ဗြိတိန်အခြေစိုက် ဂါးဒီးယန်း သတင်းစာကြီးက ရေးသည်။
ဘီဘီစီ ကမ္ဘာတလွှား Trust ရန်ပုံငွေအဖွဲ့ ဥက္ကဋ္ဌ လော့ဒ် ပက်တန်က ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဝီလီယံဟိတ်ကို ရန်ပုံငွေ ထပ်ဆောင်းပေးရန် တိုက်တွန်းမှုများ ရှိခဲ့ပြီး၊ “နိုင်ငံခြားရေးဝန်ကြီးနဲ့ ငွေပိုပေးနိုင်အောင် အတူဆောင်ရွက်နိုင်ခဲ့လို့ ဝမ်းသာပါတယ်။ အရေးကြီးတဲ့ ဌာနတွေကို ဆက်လည်ပတ်သွားနိုင်မှာပါ” ဟု ပြောဆိုသည်။
စီးပွားရေးအကျပ်အတည်းကြောင့် ရန်ပုံငွေ အခက်အခဲဖြစ်လာပြီး ကမ္ဘာတလွှား အစီအစဉ်အတွက် လျာထားငွေမှ ၁၆ ရာခိုင်နှုန်း ဖြတ်တောက်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
ဘီဘီစီသည် မြန်မာအပါအဝင် ဘာသာစကား ၃၂ မျိုးဖြင့် ရေဒီယို အစီအစဉ်များ ထုတ်လွှင့်ပေးနေသည့် ကမ္ဘာ့အကြီးဆုံး သတင်းဌာန ဖြစ်သည်။










