ချင်းမိုင်(မဇ္စျိမ)။ ။ နာဂစ်မုန်တိုင်းအပြီး လူသေ အလောင်းများကို ကောက်မှုနှင့် ထောင်ကျနေသော ကိုမျိုးမင်းဝေသည် လိပ်ခေါင်းရောဂါကြောင့် အရေးပေါ်ခွဲစိတ်ရန် လိုအပ်ကြောင်း ဖခင် ဦးတင်လှက ပြောသည်။
အသက် ၂၅ နှစ်ရှိ ကိုမျိုးမင်းဝေသည် အတွင်း လိပ်ခေါင်းရောဂါ ခံစားနေရသဖြင့် ထမင်းမစားနိုင်ဘဲ အရေးပေါ် ခွဲစိတ်ကုသရန် လိုအပ်နေသည်ဟု ခန္တီးထောင်မှ ပြန်လာသည့် ဦးတင်လှက ဆိုသည်။
“အဖေတို့နဲ့ တွေ့ရတဲ့အချိန်မှာ ရိက္ခာတွေပါပေမယ့် သားမစားနိုင်တော့ပါဘူး။ အဲတော့ ဘာဖြစ်လို့လဲလို့ မေးတော့ သား ဝမ်းမသွားရတာ ၅ ရက်ရှိပြီ၊ အစာလည်း စားလို့ မရတော့ဘူး၊ ရေတောင် အာမခြောက်အောင် သောက်နေရပါတယ်” ဟု ဦးတင်လှက မဇ္စျိမကို ပြောသည်။
“သားနဲ့ အတူနေရတဲ့လူတွေကလည်း ငှက်ဖျားဖြစ်လို့ လဲနေတဲ့ လူတွေ၊ ဂွမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးညီပုဆိုရင် အောက်ပိုင်းသေတဲ့ ရောဂါနဲ့ အင်းစိန်ကနေ ဆေးမှတ်တမ်းတွေ မရလို့ ဘာဆေးသောက်ရမှန်း မသိတဲ့ ပြဿနာတွေ ဖြစ်နေကြတယ်”ဟု သူက ဆက်ပြောပြသည်။
ထို့ကြောင့် ခန္တီးအကျဉ်းထောင်၊ ပြည်ထဲရေး ဝန်ကြီးဌာနများသို့ သားဖြစ်သူအား အမြန်ဆုံး ဆေးကုသပေးရန် အမြန်ချောပို့ဖြင့် စာပို့ထားကြောင်း သိရသည်။
ကိုမျိုးမင်းဝေသည် ရုပ်ရှင် သရုပ်ဆောင် ကိုဇာဂနာနှင့်အတူ နာဂစ် ကူညီထောက်ပံ့မှုတွင် ပါဝင်ခဲ့သဖြင့် ၂၀၀၈ ခုနှစ် စက်တင်ဘာတွင် ရဲအထူး စုံစမ်းရေးက ဖမ်းဆီးကာ လူဝင်မှု ကြီးကြပ်ရေး အရေးပေါ် ပြဋ္ဌာန်းချက် ပုဒ်မ ၁၃(၁)ဖြင့် ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့သည်။ ထို့ပြင် အတင်းအဓမ္မ လုပ်အားပေး ခိုင်းစေမှု၊ ကလေးစစ်သား အသုံးပြုမှု၊ အလုပ်သမား အခွင့်အရေး ကိစ္စများကိုလည်း လုပ်ကိုင်ခဲ့သည်ဟု ဖခင်ဖြစ်သူက ပြောသည်။
၂၀၀၉ ခုနှစ် မတ်လ က အတွင်း လိပ်ခေါင်းရောဂါ ဖြစ်နေ၍ ခွဲစိတ်ရန် လိုအပ်သည့်ကြားမှ နယ်ဝေးထောင်သို့ ပို့ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
ခန္တီးထောင် ဆရာဝန်က ကိုမျိုးမင်းဝေကို အရေးပေါ် ခွဲစိတ်ရန် လိုအပ်ကြောင်း ထောင်အာဏာပိုင်များအား တင်ပြခဲ့သော်လည်း ထောင်အာဏာပိုင်များက အထက်ကို တင်ပြထားသည်ဟုသာ တုံ့ပြန်ပြောဆိုခဲ့ကြောင်း သိရသည်။
ယခုလ ၁၂ ရက်နေ့က သားဖြစ်သူအမြန်ဆုံး ဆေးကုသပေးရန် သက်ဆိုင်ရာ အက်စ်ဘီနှင့် စအဖအဖွဲ့ကို တိုင်ကြားခဲ့သော်လည်း အထက်ကို တင်ပြပေးမည်ဟုသာ ဖြေကြားခဲ့ကြသည်။







