ချင်းမိုင် (မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံသို့ ယနေ့သွားရောက်လည်ပတ်ရန် စီစဉ်ထားခဲ့သော အမေရိကန် အထက်လွှတ်တော်အမတ် ဂျင်မ်ဝက် (Jim Webb) ၏ ခရီးစဉ်သည် ရုတ်ချည်း ဆိုင်းငံ့မှုပြုလုပ်သည်။
မြန်မာနိုင်ငံက မြောက်ကိုရီးယားထံမှ နူကလီးယားရရှိရေး ကြိုးပမ်းဆောင်ရွက်မှု ရှိနေသည်ဟူသော စွပ်စွဲချက်များထွက်နေသည့်အပေါ် စိုးရိမ်မကင်းဖြစ်နေကာ မြန်မာဘက်က ကောင်းစွာ ဖြေရှင်းမှု မပေးနိုင်မချင်း သွားရောက်ခြင်းမပြုဟု မစ္စတာဂျင်မ်ဝက်က ဇွန် ၃ရက်နေ့ နေ့စွဲတပ် ထုတ်ပြန်သော ကြေညာချက်တွင် ပါရှိသည်။
” မြောက်ကိုရီးယားဆီကနေ လက်နက်တွေ သင်္ဘောတစီးနဲ့ပို့ခဲ့တယ်လို့ သံသယရှိတော့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီဆုံးဖြတ်ချက် ၁၈၇၄ ကို မြန်မာက ချိုးဖောက်တာဖြစ်တယ်လို့ မကြာသေးခင်က လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကတ့်ကမ်းဘဲလ်မကြာသေးခင် စွပ်စွဲမှုပြုထားတယ်။ အခုဆိုရင် မရှင်းရသေးတဲ့ အလေးအနက်ထားရမယ့် ကိစ္စနှစ်ခု နှစ်နိုင်ငံကြားမှာရှိနေတယ်။ အဲဒီကိစ္စတွေကို ရှင်းလင်းမှုမပြုလုပ်နိုင်မချင်း မြန်မာပြည်ကိုသွားလည်တာဟာ မသင့်လျော်လှပေဘူး” ဟု လွှတ်တော်အမတ်က ရေးသားထားသည်။
မစ္စတာဂျင်မ်ဝက်သည် မြန်မာနိုင်ငံသို့သွားရောက်၍ ဝန်ကြီးချုပ် ဦးသိန်းစိန်နှင့် စစ်ခေါင်းဆောင်အချို့ကို တွေ့ဆုံရန် စီစဉ်ထားခဲ့ပြီးမှ အချိန်ကပ်၍ ခရီးစဉ်ကို ဖျက်သိမ်းလိုက်ခြင်းလည်းဖြစ်သည်။
အိုဘားမားအစိုးရ၏ မြန်မာနှင့် ထိတွေ့ဆက်ဆံရေးမူအရ လုပ်ဆောင်နေခဲ့သော သူ၏ ခရီးစဉ်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင် အဓိက အတိုက်အခံများက ရလာဒ်ကောင်း မထွက်နိုင်ဟုဆိုကာ ဝေဖန်မှုများလည်း ရှိနေချိန်ဖြစ်သည်။
ထို့အပြင် အမေရိကန်နှင့် မြန်မာအကြား တွေ့ဆုံဆွေးနွေးရေးသည် အစိုးရနှစ်ခုအကြား ပွင့်လင်း သည့် ဆက်ဆံရေးတခုရလာစေရန်နှင့် အရှေ့တောင်အာရှအတွင်း အနာဂတ် မဟာဗျူဟာ ချိန်ခွင် လျှာညှိရန်တို့အတွက် အရေးကြီးကြောင်းလည်းပါရှိသည်။
အမေရိကန်နှင့် မြန်မာနိုင်ငံအကြား ရှိနေသည့် ညှိနှိုင်းဖြေရှင်းရန် ကိစ္စအဝဝအတွက် အထူးသံ တဦး ခန့်အပ်ရန်ကိုလည်း ထုတ်ပြန်ချက်၌ အမေရိကန်သမ္မတအား အကြံပြုတိုက်တွန်းထားသည်။







