ရန်ကုန် (မဇ္ဈိမ)။ ။ ရန်ကုန်တိုင်း ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်ရှိ ရပ်တော်မူ စေတီတဆူ ယခုလ ၂၃ ရက်နေ့က ပြိုကျသဖြင့် လူတဦး ဒဏ်ရာရရှိခဲ့သည်။
၁၃ ရပ်ကွက် အနော်ရထာလမ်းရှိ ဆယ်တော်မူဘုရားဝင်း အရှေ့မြောက်ထောင့်တွင် တည်ထားသည့် ဥာဏ်တော် ၁၈ တောင်ခန့်အရွယ် ရပ်တော်မူဘုရား ပြိုကျသဖြင့် လူတဦး ပြင်းထန်စွာ ဒဏ်ရာရရှိခြင်း ဖြစ်သည်။
''ဘုရားကို ပြန်ပြင်နေတာ။ အောက်ခြေကို တူးတော့ အောက်မှာ အလျား ၅ ပေ၊ အနံ ၁ ပေ အရွယ်ရှိတဲ့ ကွန်ကရစ်တုံး ပြိုကျတာ။ အဲဒီမှာ လုပ်နေတဲ့သူ ၅ ယောက် ကျော်တယ်။ အဲဒီထဲကမှ ကိုအောင်မျိုးမြင့် ဆိုတဲ့ ကောင်လေး ဒဏ်ရာရတယ်'' ဟု ဘုရားဂေါပကအဖွဲ့မှ တာဝန်ရှိသူတဦးက ပြောသည်။
ဒဏ်ရာရရှိသူအား သင်္ကန်းကျွန်းမြိုနယ် စံပြဆေးရုံတွင် အတွင်းလူနာအဖြစ် ကုသနေရသည်။
''အောက်ပိုင်းကို ထိသွားတာ။ ဒဏ်ရာက များတယ်။ ဆရာဝန်တွေကတော့ မစိုးရိမ်ရဘူးလို့ ပြောပါတယ်။ ဒါပေမဲ့ မိသားစုကတော့ စိုးရိမ်ပါတယ်။ အောက်ပိုင်း သေသွားရင် ဒုက္ခလို တွေးပြီးတော့ စိတ်ပူနေရတယ်'' ဟု ကိုအောင်မျိုးမြင့်၏ မိသားစုဝင် တဦးက ပြောသည်။
ပြီးခဲ့သည့်နှစ် မေလနှောင်းပိုင်းတွင် ရန်ကုန်တိုင်း ဒလမြို့နယ်ရှိ ပြန်လည်ပြုပြင်နေသည့် ဓနုတ်ဘုရားကြီး ခေါ် ဥာဏ်တော် ပေ ၁၈၀ ခန့်ရှိ စေတီတော်ကြီး ပြိုကျခဲ့သောကြောင့် ဧရာဝတီ ရေတပ်စခန်း ဌာနချုပ်မှ ရေတပ်သားများ အပါအဝင် ဒဏ်ရာရရှိသူ အများအပြား ရှိခဲ့သည်။






